ယခုလအပိုင်းအတွင်း
ကန်ဒေါ်လာ ငွေလဲနှုန်းများ မြင့်တက်ခဲ့သည့် အတွက်မိုဘိုင်းဖုန်းဈေးကွက်
အတွင်း၌ ယခင်တင်သွင်းထားပြီးသည့် မိုဘိုင်းဖုန်းများမှ အပ ငွေဈေးအတက်တွင်
တင်သွင်းရောင်းချ သော စမတ်ဖုန်းမော်ဒယ်များ ဈေးနှုန်းမြင့်တက်သွားကြောင်း
မိုဘိုင်းဖုန်း ဈေးကွက်မှ သိရသည်။
"အရင်သွင်းထားပြီးသား မော်ဒယ်တွေက မတက်ပါဘူး။ အရင်ဈေးပါဘဲ။ အခုတစ်ပတ် အတွင်းဝင်တဲ့ Top up အလုံးတွေ ကတော့ အရင်အလုံးတွေ ထက် ဈေးပို များသွားပါတယ်။ ဘာလို့လဲ ဆိုတော့ ငွေဈေး အတက်ကြောင့် တင်သွင်းရတဲ့ စရိတ်တက်သွားတဲ့ အတွက် ဒီဘက်မှာ ပြန်ရောင်းရတဲ့ ဈေးက အရင်ထက် ပိုများ သွားတာပါ" ဟု Sony Mobile မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ပြည်တွင်းသို့မိုဘိုင်းဖုန်းများ ကို စင်ကာပူ၊ တရုတ်(တိုင်ပေ)၊ ထိုင်း၊ အိန္ဒိယ၊ နီပေါနိုင်ငံများမှ တင်သွင်းရောင်းချလျက်ရှိပြီး တရုတ်(တိုင်ပေ) မှ အများဆုံး တင်သွင်း ရောင်းချလျက် ရှိကြောင်း သိရသည်။ ကန်ဒေါ်လာဈေးနှုန်း တက်သွားခြင်းအပြင် တရုတ်ငွေ ဈေးနှုန်းမြင့်တက်သွားခြင်းကြောင့် တရုတ်နိုင်ငံဘက် မှ အဓိက တင်သွင်းရောင်းချသော Huawei နှင့် Lenovo စသည့်အမှတ် တံဆိပ်ဖုန်းများ ဈေးနှုန်း သိသိသာသာ မြင့်တက်သွားပြီး အခြားသော Samsung, Gionee, OPPO စသည့် အမှတ်တံဆိပ်မော်ဒယ် များမှာ ဈေးနှုန်းမှာ ယခင်အတိုင်းအနည်း ငယ်သာ အတက်အကျ ရှိကြောင်း သိရသည်။
"ဖုန်းဈေးတွေက တက်တော့တက်တယ်။ တရုတ်ငွေ ဈေးကလည်း တက်သွားတော့ အကုန်လုံးနီးပါးပဲ။ Huawei နဲ့ Lenovo ဖုန်းတွေ ဈေးတက်တယ်။ Samsung, Gionee, OPPO ဖုန်း တွေကတော့ သိပ်မတက်ဘူး။ အဓိက ငွေဈေးတက်လို့ အ၀ယ်ကကို ဈေးများတဲ့အတွက် ဈေးတွေ တက်ကုန်တာ။ အရင်သွင်းထားတဲ့ ဖုန်းတွေကတော့ မတက်ပါဘူး။ ဒီဈေးပါပဲ" ဟု T-Land ကွန်ပျူတာနှင့် မိုဘိုင်းအရောင်း ဆိုင်မှ ဆိုင်တာဝန်ခံက အင်တာနက်ဂျာနယ်သို့ပြောသည်။
ဒီကနေ့ ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ ကန်ဒေါ်လာ တစ်ဒေါ်လာလျင် ငွေလဲနှုန်း မြန်မာ ကျပ်ငွေ ၁,၁၁ဝ ကျပ်ရှိပြီး တရုတ်ယွမ်မှာ ၁ ယွမ်လျင် မြန်မာကျပ်ငွေ ၁၇၈.၈၃ ရှိမည်ဖြစ်သည်။ ယခုကဲ့သို့ အရောင်းပါး သည့် မိုးတွင်းကာလ အတွင်း ငွေဈေး တက်သွားသည့် အတွက် မိုဘိုင်း ဖုန်းအရောင်းဆိုင် တော်တော် များများ အရောင်းပါးလျက် ရှိကြောင်း သိရသည်။

Credit to ==> Internet Journal