2/13/2015

♪ တရုတ်ဟက်ကာများက Forbes ဝက်ဘ်ဆိုက်မှတစ်ဆင့် malware များ ပျံ့နှံ့စေရန် ပြုလုပ်ခဲ့ဟုဆို ♫


တရုတ်ဟက်ကာများသည် နာမည်ကျော် သတင်းဆိုက်ဖြစ်သည့် Forbes.com မှတစ်ဆင့် အမေရိကန် ကာကွယ်ရေးနှင့် ဘဏ္ဍာရေးဝန်ဆောင်မှုကုမ္ပဏီများ အပါအဝင် ဆိုက်ကိုလည်ပတ်ကြည့်ရှုသူများထံ ပစ်မှတ်ထားကာ malware ပျံ့နှံ့စေရန် ပြုလုပ်ခဲ့ကြောင်း ဆိုင်ဘာလုံခြုံရေး ကျွမ်းကျင်ပညာရှင်များကပြော ကြားလိုက်သည်။

iSIGHT Partners နှင့် Invincea မှ သုတေသီများ၏ ပြောကြားချက်အရ အဆိုပါ တိုက်ခိုက်မှုသည် အနည်းဆုံး နိုဝင်ဘာလ ၂၈ ရက်မှ ဒီဇင်ဘာလ ၁ ရက်အထိ ဖြစ်ပွားခဲ့ပြီး ၎င်းထက်ပိုမိုကြာမြင့်သည့် အချိန် ကာလတစ်ခုအထိ ဖြစ်ပွားခဲ့ဖွယ်ရှိကြောင်း သိရသည်။ ဟက်ကာများသည် Forbes ထံ လည်ပတ်ကြည့်ရှု သူများက ဆိုက်ကို ကြည့်ရှုခြင်းမပြုမီ ပြသသည့် “Thought of the Day” အဆိုအမိန့် တစ်ခုနှင့် ကြော်ငြာများအတွက် အသုံးပြုသည့် Adobe Flash ရှိ မပြုပြင်ရသေးသော အားနည်းချက်ကို အသုံးချကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် Internet Explorer ရှိ “0-day” အားနည်းချက်ကို အသုံးချကာ Windows ဗားရှင်းသစ်များ အသုံးပြုထားသည့် ကွန်ပျူတာများထံ ကူးစက်ပျံ့နှံ့စေကြောင်း သိရသည်။

အဆိုပါ လုံခြုံရေး အားနည်းချက်နှစ်ခုကို ယခုအခါ ပြင်ဆင်ခဲ့ပြီး ဖြစ်ကြောင်းနှင့် လက်ရှိ operating system များပေါ်တွင် အသုံးပြုနေကြသည့် Firefox နှင့် Chrome browser များတွင် အဆိုပါ လုံခြုံရေး အားနည်းချက် မရှိကြောင်း iSIGHT Partners မှ စီနီယာ ဒါရိုက်တာဖြစ်သူ စတိဗ်ဝါ့ဒ်က NBC News ထံ အတည်ပြု ပြောကြားခဲ့သည်။

Forbes ထံသို့ လည်ပတ်ကြည့်ရှုသူများသည် malware များ ကူးစက်ပျံ့နှံ့ခံခဲ့ရသော်လည်း ပျံ့နှံ့မှု အရေအတွက် အလွန်နည်းပါးဖွယ်ရှိကြောင်း ဝါ့ဒ်က ဆိုခဲ့သည်။ ၎င်း malware ၏ ဇစ်မြစ်မှာ တရုတ် ဟက်ကာများထံမှ ဖြစ်ပြီး ၎င်းတို့သည် ဘဏ္ဍာရေးနှင့် အစိုးရအဖွဲ့အစည်းများထံ ပစ်မှတ်ထားခဲ့ကြောင်း သိရသည်။ သို့သော်လည်း အဆိုပါ အဖွဲ့အစည်းများ၏ အမည်ကို ဆိုက်ဘာ သုတေသီများက ဖော်ပြခဲ့ခြင်း မရှိပေ။

Forbes ၏ ထုတ်ပြန်ကြေညာချက်တွင်မူ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၁ ရက်တွင် Forbes ဝက်ဘ်ဆိုက်နှင့် သက်ဆိုင်သည့် စနစ်တစ်ခုရှိ ဖိုင်တစ်ခုအား ပြင်ဆင်ထားသည်ကို တွေ့ရှိခဲ့ရကြောင်း၊ ၎င်းနှင့် ပတ်သက်၍ Forbes မှ စုံစမ်းစစ်ဆေးမှု ပြုလုပ်ခဲ့ပြီး ပြင်ဆင်မှုများ ပြုလုပ်ခဲ့ကြောင်း၊ ၎င်းဖြစ်ရပ်ကြောင့် အချက်အလက် ထိန်းချုပ်ခံရမှုများ မရှိခဲ့ကြောင်း ဖော်ပြခဲ့သည်။
Ref: NBCNews

Internet Journal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com