2/23/2015

♪ HTTP ကို HTTP/2 အဖြစ် အဆင့်မြှင့်ရန် စီစဉ်နေ ♫


ဝက်ဘ်ဆိုက်များ ကြည့်ရှုရာတွင် အသုံးပြုလျက်ရှိသည့် HTTP ဗားရှင်းကို  HTTP/2  သို့အဆင့်မြှင့်တင်ရန် တရားဝင် အပြီးသတ် ဆောင်ရွက်မှုများ ပြုလုပ်နေကြောင်း သိရှိရသည်။

IETF HTTP Working Group မှဥက္ကဋ္ဌဖြစ်သူ မတ်နော်တင်ဟမ်က HTTP ကိုအဆင့်မြှင့်တင်ရန် စံသတ်မှတ်ချက်များ အပြီးသတ် လုပ်ဆောင်ခဲ့ပြီး ၎င်းစံသတ်မှတ်ချက်များကို မဖြန့်ချိမီတွင် တည်းဖြတ်မှု များ ပြုလုပ်ရန် RFC (Request  for Comments) အယ်ဒီတာ အဖွဲ့သို့ ပေးပို့ထားကြောင်း ဘလော့တစ်ခု တွင် ရေးသားဖော်ပြထားသည်။ ယခုအခါတွင် အဆင့်မြှင့်တင်မည့် HTTP/2 သည် HTTP 1.1 ထွက်ပေါ် လာသည့် ၁၉၉၉ ခုနှစ် နောက်ပိုင်းတွင် အကြီးကျယ်ဆုံး ပြောင်းလဲမှုတစ်ရပ် ဖြစ်လာ မည်ဖြစ်သည်။

အဆိုပါ စံသတ်မှတ်ချက် အသစ်သည် ဝက်ဘ်စာမျက်နှာများ မြန်ဆန်စွာ ဖွင့်နိုင်ခြင်းအပြင် longer lived connections နှင့် server push ကဲ့သို့ ဝက်ဘ်အခြေခံ နည်းပညာများအနက် တစ်ခုကို အကျိုးကျေးဇူး များစွာ ဖြစ်ပေါ်စေမည် ဖြစ်သည်။ ထို့အပြင် HTTP/2 သည် developer များနှင့် ရင်းနှီး ကျွမ်းဝင်မှု ရှိစေရန်  HTTP APIs အတိုင်း ဖန်တီးထားသောကြောင့် ၎င်းတို့ဖန်တီးထားသော feature သစ်များကို ထောက်ပံ့ပေးနိုင်မည် ဖြစ်သည်။

HTTP/2 သည်ဆာဗာနှင့် ကွန်ရက်များအတွက် ဝန်အားကို လျှော့ချနိုင်ရန် အင်တာနက်ချိတ်ဆက်မှု အနည်းငယ် ရရှိရုံဖြင့် အသုံးပြုနိုင်မည် ဖြစ်သည်။ ယခင်က မတ်နော်တင်ဟမ်သည် HTTP/2 တွင် ပါဝင်လာမည့် အခြားတိုးတက်မှု များစွာကိုလည်း ထုတ်ပြန်ပေးခဲ့သေးသည်။ HTTP စံသတ်မှတ်ချက် အသစ်သည် ဝက်ဘ်ဆိုက် လုံခြုံရေးကို တိုးတက်မှု ရှိစေခြင်းအပြင် ဝက်ဘ်စာမျက်နှာ မြန်ဆန်စွာ ကြည့်ရှုနိုင်ရန် အသုံးပြုသည့် နည်းပညာအချို့တွင် ယနေ့အသုံးပြု နေကြသော Google ၏ SPDY protocol ကိုအခြေခံ၍ ဖန်တီးထားခြင်း ဖြစ်ကြောင်းသိရသည်။

ပြီးခဲ့သည့်ရက် အနည်းငယ်ခန့်က Google သည် Chrome browser တွင် HTTP/2 ပြောင်းလဲ အသုံးပြုနိုင်မည့် အစီအစဉ်များကို ထုတ်ပြန်ပေးခဲ့သည်။  

(Ref: TheNextWeb)
Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com