2/06/2015

♪ နာမည်ကြီးဟန်းဆက်များ ရောင်းအားကျဆင်းလာ ♫


ဟန်းဆက်အရောင်း ဈေးကွက်အတွင်း ယခင်က Huawei နှင့် Samsung က ထိပ်ဆုံးနေရာမှ ရပ်တည်ခဲ့သော်လည်း ဟန်းဆက် Brand မျိုးစုံဝင်ရောက်လာသည့် ၂၀၁၄ ခုနှစ်မှစတင်၍ ၎င်းတို့၏ ရောင်းအားများ ကျဆင်းလာခဲ့သည်ဟု ဈေးကွက်လေ့လာသူတို့က ပြောသည်။

“အရင်ကဆိုရင် Huawei က ထိပ်ဆုံးကပဲ။ အခုတော့ သူလိုမျိုး ဈေးနှုန်းနိမ့် ဟန်းဆက်တွေကလည်း အများကြီးဝင်လာတော့ ဈေးကွက်ဝေစုက မျှသွားတဲ့သဘော ဖြစ်သွားတယ်။ Samsung ဆိုရင်လည်း အမြင့်ပိုင်း မော်ဒယ်တွေဖြစ်တဲ့ ဟန်းဆက်တွေ (Note Series) လောက်ပဲ အခြား Brand တွေနဲ့ ရောင်းအားယှဉ်နိုင်တော့တယ်” ဟု Mr. Fone မှ တာဝန်ရှိသူက ပြောသည်။

၂၀၁၄ ခုနှစ်အတွင်း မြန်မာနိုင်ငံ၌ တယ်လီကွန်းဈေးကွက် ဖွံ့ဖြိုးတိုးတက်လာသည့်အတွက် နိုင်ငံတကာမှ ဟန်းဆက် Brand မျိုးစုံ ဝင်ရောက်လာကြပြီး တစ်နှစ်တာကာလ အတွင်း ဟန်းဆက် Brand အရေအတွက် ၂၀ ကျော်ဝန်းကျင်အထိ ပြည်တွင်းဈေးကွက်သို့ ရောက်ရှိလာခဲ့ကြောင်း ဈေးကွက်လေ့လာသူတို့က ဆိုသည်။

“အရင်ကဆိုရင် ဈေးကွက်မှာ Huawei က ၈၀ ရာခိုင်နှုန်းလောက် ရောင်းအားရှိတယ်လေ။ အခုတော့ သူရှိရင် ၄၀ ရာခိုင်နှုန်းပေါ့။ အခုက Brand တွေ အများကြီး ဝင်လာတယ်။ ဈေးနှုန်းကနိမ့်ပြီး အရည်အသွေးကလည်း တူလာကြတယ်။ ၂ သိန်းကျော်တဲ့ အပိုင်းလောက်မှာပဲ Brand တွေဘက်ကို လူတွေက စိတ်ဝင်စားတော့တယ်” ဟု Today ဟန်းဆက်အရောင်းဆိုင်မှ ကိုနေလင်းထွန်းက ဆိုသည်။

အများအားဖြင့် အသစ်ဝင်ရောက်လာသည့် ဟန်းဆက် Brand များသည် လူအများ သိအောင် ဈေးကွက်ကို ကြော်ငြာဖြင့် ထိုးဖောက်ဝင်ရောက်လာသော်လည်း အချို့သော ဈေးနှုန်းနိမ့် ဟန်းဆက်များသည် လူသိများပြားခြင်း မရှိသော်လည်း အများနည်းတူ အောင်မြင်နေကြသည်ဟု ဈေးကွက် အတွင်းမှ သိရသည်။

“အရင်က Huawei အောင်မြင်တယ်ဆိုတာ ဟုတ်တယ်။ အခုက ဈေးတွေကလည်း သိပ်မကွာဘူး။ အရင်က သူ့အနေနဲ့ ဈေးကွက်ရဲ့ ၈၀ ရာခိုင်နှုန်းဆိုရင်လည်း အခုတော့ ကျသွားကြတာပဲ” ဟု T-Land ဟန်းဆက် အရောင်းဆိုင်မှ တာဝန်ရှိသူက ပြောသည်။

လက်ရှိအချိန်၌ဟန်းဆက်ဝယ်လိုအားသည် ဈေးနှုန်းနိမ့်ဟန်းဆက်များ ဖြစ်ကြသော်လည်း မော်ဒယ်မြင့် ၍ ဈေးနှုန်းမြင့်မားသည့် ဟန်းဆက်ဝယ်လိုအားမှာလည်း အလားတူ မြင့်တက် လာခဲ့ကြောင်း သိရသည်။

Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com