2/10/2015

♪ ASUS Zenfone 6 ရဲ့ အားသာချက် အားနည်းချက် နည်းပညာ သုံးသပ်ချက်များ ♫


အားသာချက်
ဖုန်းမှာထည့်သွင်း ပေးထားတဲ့ ဖုန်းတွင်းအသုံးပြု စနစ်ပိုင်းတွေမှာ ကောင်းမွန်တာ တွေ့ရပါတယ်။ ASUS ရဲ့ဝန်ဆောင်မှု စနစ်တွေကို အများအပြားထည့်သွင်း ပေးထားပြီး အွန်လိုင်းအသုံးပြု Google စနစ်တွေအပြင် Note စနစ်၊ Security Lock စနစ်ပိုင်းတွေမှာ ပြည့်ပြည့်စုံစုံ ပါဝင်တာတွေ့ရပါတယ်။ ကင်မရာပိုင်းမှာလည်း Mega Pixel မြင့်မားတဲ့ ကင်မရာကို အသုံးပြုထားတာ တွေ့ရပါတယ်။

အားနည်းချက်
ဖုန်းထဲမှာ မြန်မာစာစနစ်ဟာ တစ်ပါတည်း ပါဝင်ပေမယ့် အဆင်မပြေပါဘူး။ ဖုန်းထဲက မြန်မာစာစနစ်ကို ပြောင်းလဲလိုက်တဲ့ အချိန်မှာ ဖုန်းတွင်းစနစ်တွေကို မြန်မာလို မြင်တွေ့နိုင်ပေမယ့် ဖောင့်တွေကတော့ လွဲမှားနေတဲ့အတွက် မြန်မာစာ အသုံးပြုမယ့် သူတွေအနေနဲ့တော့ ဖောင့်ကိုသီးသန့် ထပ်မံထည့်သွင်း အသုံးပြုရနိုင်ပါတယ်။

ဒီဇီုင်း
အရွယ်အစား ကြီးမားတဲ့ Phablet ဖုန်းအမျိုးအစားဖြစ်ပေမယ့် အရွယ်အစားနဲ့ နှိုင်းယှဉ်ကြည့်မယ် ဆိုရင်တော့ သူ့ရဲ့အလေးချိန်ဟာ ပေါ့ပါးတယ်လို့ ဆိုနိုင်ပါတယ်။ ဖုန်းရဲ့အလေးချိန်ဟာ ၁၉၆ ဂရမ်ရှိပြီး  ကိုယ်ထည် တစ်ခုလုံးဟာ ပလတ်စတစ် ကိုယ်ထည် ဖွဲ့စည်းတည်ဆောက်မှု ပုံစံဖြစ်ပါတယ်။ အရွယ်အစား ပိုင်းမှာတော့ ဖုန်းတစ်ခုလုံးရဲ့ အထက်အောက် အမြင့်ဟာ ၁၆.၆၉ စင်တီမီတာရှိပြီး ဘေးတိုက် အကျယ်ကတော့ ၈.၄၃ စင်တီမီတာ ရှိပါတယ်။ ဖုန်းတစ်ခုလုံးရဲ့ အရွယ်အစားဟာ လက်နဲ့ကိုင်တွယ် အသုံးပြုချိန်မှာတော့ လက်ထဲမှာ ကြီးမားကျယ်ပြန့် နေပေမယ့် အလေးချိန်ကတော့ နည်းတဲ့အတွက် အသုံးပြုရတာ အဆင်ပြေပါတယ်။ ဖုန်းရဲ့ထုထည်ကတော့ ၀.၉၉ စင်တီမီတာ ရှိတဲ့အတွက် ထူတယ်လို့ ထင်ရပေမယ့် နောက်ဘက် ကာဗာဟာ အခုံးပုံစံမျိုး ပြုလုပ်ထားပြီး အနားဘောင် လေးဖက်ဟာ ပြေလျော့ထားတဲ့ ပုံစံမျိုးဖြစ်တဲ့အတွက် အရမ်းထူတယ်လို့ မခံစားရပါဘူး။  နောက်ဘက်ကာဗာဟာ ဖြုတ်နိုင်၊ တပ်နိုင်တဲ့ ကာဗာအရှင် ဖြစ်ပေမယ့် ဘက်ထရီကတော့ အသေပါ။

ကွန်ရက်
GSM ကွန်ရက်စနစ်သုံး ဖုန်းအမျိုးအစားဖြစ်ပြီး 2G/ 3G ကွန်ရက် စနစ်နှစ်ခုစလုံးမှာ အသုံးပြုနိုင်ပါတယ်။ Sim Card ကတော့ Micro Sim နှစ်ကတ်အသုံးပြုနိုင်တဲ့ Dual Sim ဖုန်းပါ။

မြင်ကွင်း
Screen မြင်ကွင်းအကျယ် ၆.၀ လက်မရှိပြီး IPS Display အမျိုးအစားပါ။ Screen Resolution အနေနဲ့ 720 x 1280 Pixel ရှိပါတယ်။

နည်းပညာ
နည်းပညာ ပိုင်းမှာတော့ ASUS ရဲ့ ဝန်ဆောင်မှု ဆော့ဖ်ဝဲတွေကို တော်တော်များများ မြင်တွေ့နိုင် မှာ ဖြစ်ပါတယ်။ Note စနစ်ပါဝင်လာပြီး ASUS ရဲ့ Note စနစ်မှာတော့ ကီးဘုတ်နဲ့ စာရိုက်ခြင်းအပြင် လက်နဲ့ရေးကာ မှတ်သားနိုင်မယ့် စနစ်တွေလည်း ပါဝင်လာတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ပါဝါအသုံးပြု စနစ်အတွက် ပြည့်စုံကောင်းမွန်တဲ့ Ultra Saving စနစ်ကိုလည်း အသုံးပြုနိုင်ပါတယ်။ What's Next ဆိုတဲ့စနစ် ကိုအသုံးပြုပြီး Facebook လိုလူမှုကွန်ရက် စနစ်တွေ၊ ကိုယ့်ရဲ့ဖုန်းထဲမှာ ရှိနေတဲ့ Contact အစရှိတဲ့ အရာတွေနဲ့ ချိတ်ဆက်ထားလိုက်မယ်ဆိုရင် တော့ ကိုယ့်ရဲ့ Facebook ဒါမှမဟုတ် Contact ထဲမှာရှိနေတဲ့ သူတွေရဲ့ မွေးနေ့တွေကို Calendar နဲ့ချိတ်ဆက်ထားပြီး ဖုန်းရဲ့ Home Screen နဲ့ Lock လုပ်ထားတဲ့ Lock Screen ပေါ်မှာလည်း ဒီနေ့မှာ ဘယ်သူ့ မွေးနေ့ရှိတယ် ဆိုတာကိုဖော်ပြ ပးနေမှာဖြစ်ပါတယ်။ ဒါ့အပြင် အွန်လိုင်းဈေးဝယ်ခြင်း ပြုလုပ်နိုင်မယ့် Amazon Kindle စနစ်၊ Cloud စနစ်လိုမျိုး အွန်လိုင်းမှာ အချက်အလက်တွေကို သိမ်းဆည်းနိုင်မယ့် ASUS  WebStorage စနစ်၊ အွန်လိုင်ပေါ်ကနေ စာအုပ်တွေကိုဖတ်ခြင်း၊ ဝယ်ယူခြင်းတွေကို ပြုလုပ်နိုင်မယ့် Zinio အစရှိတဲ့ စနစ်တွေဟာ Zenfone 6 အသုံးပြုသူတွေ ထိတွေ့ရမယ့် နည်းပညာတွေ  ပဲဖြစ်ပါတယ်။ ဒါ့အပြင် အခြား Data Transfer, Do it Later, PC Link, Party Link အစရှိတဲ့ ASUS ရဲ့ App စနစ်တွေကိုလည်း ထိတွေ့အသုံးပြု နိုင်ပါသေးတယ်။ ကင်မရာပိုင်းမှာလည်း ပြည့်စုံတဲ့ကင်မရာ Setting တွေနဲ့ အသုံးပြု စနစ်တွေကို ထည့်သွင်းပေး ထားတဲ့အပြင် ဖုန်းထဲမှာရှိနေတဲ့ App တစ်ခုချင်းစီကိုလည်း ဖွက်ထားခြင်း၊ Password ပေးပြီး Lock လုပ်ထားခြင်း အစရှိတာတွေကိုလည်း ဒီဖုန်းမှာ ပြုလုပ်အသုံးပြု နိုင်ပါတယ်။

အသေးစိတ်ဖော်ပြချက်
Dual-core 2GHz CPU ကိုအသုံးပြုထားပြီး ဒီ CPU စနစ်ဟာ ပြည်တွင်းကို ဝင်ရောက်လာတဲ့ Zenfone 6 တွေအတွက် CPU စနစ်ဖြစ်ပါတယ်။ ဂရပ်ဖစ် စနစ်အတွက်တော့ PowerVR SGX544MP2 GPU ကိုထည့်သွင်း အသုံးပြုထားတာပါ။ မှတ်ဥာဏ်ပိုင်းမှာတော့ Internal Memory 16GB ပါဝင်ပြီး RAM ကတော့ 2GB RAM ပါ။ မှတ်ဥာဏ်ထပ်တိုး အသုံးပြုဖို့အတွက် Micro SD Card 64GB ထိထပ်တိုး နိုင်ပါတယ်။ Android OS Version 4.3 ကိုအသုံးပြု ထားတာဖြစ်ပြီး ကင်မရာကတော့ နောက်ဘက် ကင်မရာဟာ 13Mega Pixel နဲ့ ရှေ့ကင်မရာကတော့ 2 Mega Pixel ရှိပါတယ်။ Bluetooth 4.0A2DP စနစ်နဲ့ USB 2.0 စနစ်တွေကို အသုံးပြုနိုင်မှာဖြစ်ပြီး ဘက်ရီကတော့ Li-Po 3300 mAh ဘက်ထရီကို အသုံးပြုထားတာပါ။

သုံးသပ်ချက်
ဖုန်းတစ်ခုလုံးကို ခြုံငုံ သုံးသပ်ကြည့်မယ် ဆိုရင်တော့ ဒီဖုန်းဟာ အရွယ်အစားပိုင်းမှာ ကိုင်တွယ်အသုံးပြုရ တာ ကြီးမားပေမယ့် မြင်ကွင်းပိုင်းမှာတော့ ကျယ်ဝန်းပါတယ်။ CPU ကနိမ့်ပေမယ့် ဖုန်းမှတ်ဥာဏ်နဲ့ ကင်မရာပိုင်းတွေမှာ မြင့်မားတဲ့အပြင် ဖုန်းတွင်းအသုံးပြု ဆော့ဖ်ဝဲဝန်ဆောင်မှု စနစ်ပိုင်းတွေ မှာ ကောင်းမွန်ပြည့်စုံမှုရှိတာတွေ့ရပါတယ်။ ဖုန်းမှာ ပါဝင်တဲ့  မြန်မာစာစနစ်ဟာ အသုံးပြုဖို့ အခက်အခဲ ရှိတဲ့အတွက် မြန်မာစာကိုတော့ ပြန်လည်ထည့်သွင်း အသုံးပြုရနိုင်ပါတယ်။

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com