8/01/2017

♪ “iPhone 8 မှာ ပါဝင်လာနိုင်ဖွယ်ရှိတဲ့ နည်းပညာများ” ♫

Image may contain: sky and phone

iPhone အသစ်ကိုမိတ်ဆက်တဲ့ပွဲဆိုတာက နည်းပညာပွဲတွေထဲမှာ အခမ်းနားဆုံးပါပဲ။ ဒါပေမယ့် iPhone 8 ကို မိတ်ဆက်မယ့်ပွဲကတော့ iPhone ကို ထုတ်လုပ်ခဲ့တာဆယ်နှစ်ပြည့်ဖြစ်တဲ့အတွက် ပိုပြီးတော့ ထူးခြားပါလိမ့်မယ်။ အဲဒီလိုမျိုး အချိန်အခါနဲ့ တိုက်ဆိုင်နေတဲ့အတွက် အားလုံးက Apple ကိုစောင့်ကြည့်နေကြပြီး iPhone 8 မှာ ဘာတွေများ အသစ်အဆန်း တွေထပ်ပါလာမလဲဆိုပြီးတော့ မျှော်လင့်စောင့်စားနေကြ ပါတယ်။

အခုဆိုရင်တော့ အင်တာနက်ပေါ်မှာလည်း iPhone 8 နဲ့ပတ်သက်တဲ့ သတင်းတွေ ကြိုကြားကြိုကြားထွက်ပေါ်လာပါပြီ။ ဆန်းသစ်တဲ့ နည်းပညာတွေထည့်သွင်းပြီး Apple က iPhone 8 ကိုထုတ်လုပ်နိုင် ဖို့ကြိုးစားနေပါတယ်။ iPhone 8 မိတ်ဆက်ပွဲ ကိုရောက်ရှိဖို့အတွက် အချိန်သိပ် မကျန်တော့သလိုအရင်မျိုးဆက်တွေနဲ့ သိသိသာသာဘယ် အချက်တွေ ကွဲပြားသွားမလဲဆိုတာ ကိုလည်းစိတ်ဝင်စားမှုမြင့်တက်နေကြ ပါတယ်။ အခုထွက်ပေါ်လာတဲ့သတင်းတွေအရတော့ ကျွန်တော်တို့ အချို့အချက်တွေကို ကြိုပြီးရင်ခုန်လို့ရပါပြီ။ ကဲ Apple ကနေ နောက်ထပ် ထုတ်လုပ်မယ့် iPhone 8 မှာဘာတွေပါဝင်လာမလဲဆိုတာကို လေ့လာ ကြည့်ရအောင်။

(၁) iPhone 8 ရဲ့ကိုယ်ထည်ဟာ ဖန်သားနဲ့ဖြစ်ပါလိမ့်မယ်။

ကိုယ်ထည်မှာဖန်သားကိုသုံးတာမျိုးကို iPhone 4s မှာတုန်းကတည်းက ကျွန်တော်တို့မြင်ခဲ့ရဖူးပါတယ်။ iPhone 8 နဲ့ပတ်သက်ပြီး ထွက်ပေါ်လာတဲ့သတင်းတော်တော်များများမှာတော့ အသစ်ထုတ်မယ့် ဖုန်းမှာဆိုရင် ကွေးညွှတ်ထားတဲ့ ဖန်သားကိုအသုံးပြုလိမ့်မယ်လို့ဆိုပါ တယ်။ KGI က ဆိုက်ဘာလုံခြုံရေးစီမံခန့်ခွဲသူ Ming-Chi Kuo ကလည်း Apple ဟာ iPhone 8 ကိုယ်ထည်အတွက် အလူမီနီယမ်နဲ့ ပလတ်စတစ် ကိုသုံးမှာ မဟုတ်ဘူးဆိုပြီးတော့ ပြောကြားထားပါတယ်။

(၂) iPhone 8 ကိုမျက်နှာပြင်အရွယ်အစားသုံးမျိုး (ဒါမှမဟုတ်) သုံးမျိုးထက်ပိုပြီး ထုတ်ပါလိမ့်မယ်။

ပြီးခဲ့တဲ့ iPhone မျိုးဆက်သုံးခုစလုံးမှာ အသုံးပြုခဲ့ရတဲ့မျက်နှာပြင် အရွယ်အစားကတော့ ၄.၇ လက်မနဲ့ ၅.၅လက်မ တို့ပါ။ ဒါပေမယ့် iPhone 8 ကတော့ မျက်နှာပြင်အရွယ်အစားသုံးမျိုး ဒါမှမဟုတ် သုံးမျိုးထက်ပိုပြီး တော့ ရှိပါလိမ့်မယ်။ ဆက်စပ် သတင်းတွေအရတော့ iPhone 8 မှာ မျက်နှာပြင်အရွယ်အစားက ၅ လက်မနဲ့ ၅.၈ လက်မတို့ဖြစ်နိုင်ဖွယ်ရှိ တယ်လို့ သိရှိရပြီး အခြားအရွယ်အစားများကိုတော့ တိတိကျကျမသိရသေး ပါဘူး။ Barclays ကတော့ Apple ဟာ iPhone 8 ကို ၅ လက်မ နဲ့ ၅.၈ လက်မမျက်နှာပြင်အရွယ်အစားနဲ့ ထုတ်လုပ်မှာဖြစ်ပြီးတော့ ဒါဟာ iPhone 7 နဲ့ iPhone 7 Plus တို့ထက်ပိုမိုကောင်းမွန်ပြီး ကြီးမားမယ့် အပြင် bezel-less မျက်နှာပြင်တွေပါတဲ့။

အခြားတစ်ဖက်မှာတော့ Apple ရဲ့သတင်းတွေကိုအစဉ်အမြဲတစိုက် မတ်မတ်လေ့လာခဲ့တဲ့ Ming-Chi Kuo ပြောကြားထားတာနဲ့တော့ နည်းနည်းကွဲပါတယ်။ သူပြောထားတာက ၄.၇ လက်မမျက်နှာပြင်နဲ့ iPhone 8 မှာဆိုရင် LCD Panel ကိုသာသုံးထားမှာဖြစ်ပြီးတော့ ၅.၈ လက်မ မျက်နှာပြင်နဲ့ iPhone 8 မှာဆိုရင်တော့ အလင်းချိန်ညှိအား ကောင်းပြီးပါဝါစား သက်သာတဲ့ AMOLED မျက်နှာပြင်ကိုသုံးထား မှာဖြစ်ပါတယ်တဲ့။ ဒါပေမယ့် AMOLED ကို ထုတ်လုပ်တဲ့သူတွေဆီက အလုံ အလောက်မရရှိခဲ့ရင်တော့ Apple ဟာ ၄.၇လက်မ နဲ့ ၅.၅ လက်မ အတွက် LCD Panel တွေသာသုံးမှာဖြစ်ပြီး ၅.၈ လက်မ ကိုတော့ ပရီမီယမ် iPhone 8 Model ဆိုပြီးတော့ ထုတ်လုပ်မှာပါ။

ဂျပန်နိုင်ငံရဲ့ Nikkei သတင်းစာမှာဖော်ပြထားတာကတော့ ပရီမီယမ် iPhone 8 Model ဟာဆိုရင် ၅.၅ လက်မ ဒါမှ မဟုတ် ပိုကြီးမားတဲ့ မျက်နှာပြင်နဲ့ထုတ်လုပ်မှာဖြစ်ပြီးတော့ အနားသတ်တွေအားလုံးဟာဆိုရင် Samsung ရဲ့ Galaxy S6 Edge နဲ့ S7 Edge မှာလိုမျိုး ကွေးညွတ်နေပါ မယ်လို့ ဆိုပါတယ်။

(၃) iPhone 8 မှာ Home Button ပါလာမှာမဟုတ်ပါဘူး။

iPhone 8 မှာ Home Button မပါလာဘူးဆိုတာကတော့ အခုတလော ထွက်ပေါ်နေတဲ့ iPhone 8 နဲ့ပတ်သက်တဲ့ သတင်းတွေထဲမှာ လူပြော များနေတဲ့ကိစ္စဖြစ်ပါတယ်။ ဒါ့အပြင် iPhone 8 မှာဆိုရင် Touch ID Fingerprint Sensor နဲ့ Selfie Camera တို့ကို touchscreen ထဲမှာ တစ်ခါတည်းပေါင်းထည့်ပေးလိုက်မှာပါ။ နောက်ထပ် iPhone 8 မှာပါဝင် လာမှာကတော့ Home Button ကိုအစားထိုးမယ့် 3D Touch လုပ်ဆောင်ချက်တွေပါ။

(၄) iPhone 8 မှာ အသုံးပြုမှုကို တုံ့ပြန်မှုပေးမယ့် Haptic Feedback စနစ်ကို Apple ကပွဲထုတ်မှာပါ။

iPhone 8 မှာဆိုရင် သေးငယ်ပြီး စွမ်းဆောင်ရည်ကောင်းမွန်တဲ့ မော်တာ ငယ်လေးတစ်ခုပါဝင်မှာဖြစ်တယ်လို့ Apple ကိုယ်တိုင်က ပြောကြားထား ပါတယ်။ iPhone 8 ကိုအသုံးပြုတဲ့သူတွေဟာ Apps တွေကို ပြောင်းလဲ အသုံးပြုရာမှာဖြစ်စေ၊ Homescreen ကိုပြန်သွားတဲ့ အချိန်မှာဖြစ်စေ၊ unlock လုပ်တဲ့နေရာမှာဖြစ်စေမတူညီတဲ့ တုန်ခါမှုအမျိုးမျိုးကိုခံစားရမှာ ပါ။

(၅) iPhone 8 မှာ ကြိုးမဲ့အားသွင်းစနစ်ပါဝင်လာပါလိမ့်မယ်။

နောက်ထပ်ထွက်ပေါ်နေတဲ့ သတင်းကတော့ ကြိုးမဲ့အားသွင်းစနစ်ပါ။ ကြိုးမဲ့အားသွင်းစနစ်ကို အချို့သောစမတ်ဖုန်း တွေမှာတွေ့မြင်နေ ရပြီဖြစ်ပေမယ့် Apple ကတော့ မတူညီတဲ့ပုံစံနဲ့ပွဲထွက်လာပါ လိမ့်မယ်။ ဖြစ်နိုင်တဲ့ပုံစံမျိုးကတော့ အခြားသော ဖုန်းတွေလို အားသွင်းတဲ့နေရာမှာ တင်ထားရတာမျိုးမဟုတ်ဘဲအကွာအဝေးတစ်ခုကနေ အမှန်တကယ် အားသွင်းနိုင်မှာပါ။ Korea Economic Daily သတင်းစာကတော့ အဆိုပါကြိုးမဲ့အားသွင်းစနစ်အတွက် သီးသန့်ကာဗာတစ်ခုလိုမှာဖြစ်ပြီး တော့ iPhone 8 မှာတစ်ခါတည်းပါဝင်လာနိုင်ဖွယ်မရှိဘူးလို့ဆိုပါတယ်။

(၆) iPhone 8 မှာ Iris Scanner ပါဝင်လာမှာပါ။

Samsung ရဲ့ Galaxy Note 7 ဟာလည်း Iris Scanner နဲ့ ပွဲထွက်လာ ခဲ့ဖူး ပါတယ်။ အခုရရှိထားတဲ့သတင်းတွေအရ တော့ Apple ဟာ iPhone 8 မှာ Iris Scanner ထည့်သွင်းဖို့အတွက် ပြင်ဆင်နေ ပါတယ်။ Ming-Chi Kuo ပြောထားတာကတော့ Biometirc နည်းပညာကို အဆင့်မြင့်နိုင်ဖို့ အတွက် Apple က တစိုက်မတ်မတ်လုပ်ဆောင်နေပြီး တော်တော်ကြီး ကိုသေချာနေတဲ့ သတင်းတစ်ခုဖြစ် ပါတယ်။ဒါပေမယ့် အချို့သော သတင်းတွေ မှာကတော့ Iris Scanner ဟာ ဒီနှစ်မှာမဟုတ်ပါဘူး။ ၂၀၁၈ ရောက်မှသာ အဆင်သင့်ဖြစ်မှာပါဆိုတဲ့ ပြောဆိုမှုလေးတွေ တော့ရှိပါ တယ်။

(၇) 3D ဓာတ်ပုံနည်းပညာဟာ iPhone 8 မှာရရှိပါလိမ့်မယ်။

Korea Economic Daily သတင်းစာမှာတော့ Apple ဟာ iPhone 8 အတွက် LG ရဲ့ Innotek’s 3D Camera နည်းပညာများကိုလေ့လာမှု ပြုနေပါတယ်။ ၎င်းနည်းပညာကို iPhone 8 ရဲ့ နောက်ဖက်မှာပါဝင်တဲ့ Dual Camera စနစ်နဲ့ တွဲဖက်အသုံးပြုမှာဖြစ်တဲ့အပြင် ဓာတ်ပုံတွေကို 3D Effect ရရှိစေဖို့အတွက် အစ္စရေးကင်မရာကုမ္ပဏီတစ်ခုဖြစ်တဲ့ LinX ရဲ့ 3D နည်းပညာကိုအသုံးပြုမှာပါ။

ဒါ့အပြင် iPhone 8 မှာဆိုရင် Optical Image Stabilisation (OIS) လုပ်ဆောင်ချက်ပါတဲ့ မြင်ကွင်းကျယ်မှန်ဘီလူးနဲ့ tele photo မှန်ဘီလူး တို့ပါ ပါဝင်မှာဖြစ်ပါတယ်။ အခုချိန်ထိတော့ မြင်ကွင်းကျယ် မှန်ဘီလူးနဲ့ OIS လုပ်ဆောင်ချက်ပါတာ iPhone 7 တစ်ခုပဲရှိပါသေးတယ်။

(၈) iPhone 8 လို့ခေါ်မှာလား၊ New iPhone လို့ခေါ်မှာလား ဆိုတာတော့ ပြောရခက်ပါတယ်။

၂၀၁၇ ခုနှစ်ကနေစပြီးတော့ Apple ဟာ iPhone တွေကို သူ့ရဲ့အမည်ပေး တဲ့စနစ်အတိုင်းခေါ်လာခဲ့တာအခု ဆိုရင် iPhone 7 နဲ့ iPhone 7 Plus အထိရောက်လာခဲ့ပါပြီ။ iPhone ကို ၂၀၀၇ ခုနှစ်က စတင်ပြီးမိတ်ဆက်ခဲ့တာဖြစ်တဲ့အတွက် ၂၀၁၇ ဆိုတာ Apple အတွက် ဆယ်နှစ်ပြည့်အထိမ်းအမှတ်ပွဲနဲ့လည်း တိုက်ဆိုင်နေပါတယ်။ ဒါကြောင့် မို့လို့ အားလုံးက iPhone 8 ဆိုပြီး မျှော်လင့်ထားကြပေမယ့် New iPhone ဆိုတဲ့အမည်နဲ့လည်း ပွဲထွက်လာနိုင်ဖွယ်ရှိပါတယ်

(၉) ၂၀၁၇ စက်တင်ဘာလမှာ iPhone 8 ကိုမြင်တွေ့ရမှာပါ။

Apple ဟာ သူ့ရဲ့ iPhone တွေကို နှစ်စဉ်နှစ်တိုင်းစက်တင်ဘာလမှာ မပျက်မကွက် ပွဲထုတ်လေ့ရှိပါတယ်။ တရားဝင် သတင်းမထုတ်ပြန်ရသေး ပေမယ့် ၂၀၁၇ စက်တင်ဘာကြရင်တော့ iPhone 8 ကိုတွေ့မြင်ရမှာ သေချာသလောက်ရှိနေပါပြီ။ အဆိုပါပွဲဟာ စက်တင်ဘာလရဲ့ ဒုတိယ အပတ်မှာကျင်းပလေ့ရှိပြီးတော့ အစဉ်အလာအတိုင်းဆိုရင်တော့ သောကြာ နေ့ဖြစ်ဖို့များပါတယ်။

မင်းသုခ

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com