8/01/2017

♪ “Flagship Killer လို့ နာမည်ကြီးနေတဲ့ OnePlus ကုမ္ပဏီအကြောင်း” ♫

Image may contain: phone

မိုဘိုင်းဖုန်းလောကဆိုတာက ပြိုင်ဆိုင်မှုပြင်းထန်လွန်းပါတယ်။ အချိန်နဲ့ အမျှ နည်းပညာတွေ ပြိုင်ဆိုင်နေကြသလို ဈေးကွက်ဝေစုကိုလည်း အမြဲလုနေကြရပါတယ်။ နည်းနည်းလေးသတိလက်လွတ်ဖြစ်သွားတာနဲ့ အောက်ဆုံးကိုလျှောကျသွား နိုင်ပါတယ်။ တစ်ချိန်ကဖုန်းကုမ္ပဏီကြီး Nokia လိုပေါ့။ ဒီလိုမျိုးပြိုင်ဆိုင်မှုပြင်းထန်တဲ့ ဖုန်းလောကမှာ ခေါင်းထောင်လာတဲ့ ကုမ္ပဏီနှစ်ခုရှိပါတယ်။ အဲဒီနှစ်ခုကတော့ Xiaomi နဲ့ OnePlus ပါ။ ကုမ္ပဏီနှစ်ခုစလုံးဟာ တရုတ်ကုမ္ပဏီတွေဖြစ်ပြီးတော့ ဈေးကွက်ထဲဝင်ပြီးသိပ်မကြာတဲ့အချိန်အတွင်းမှာပဲဝေစုတော်တော်များများကို သိမ်းပိုက်နိုင်ခဲ့တဲ့ကုမ္ပဏီတွေပါ။ ဒီနှစ်ခုမှာမှ Flagship Killer ဆိုပြီး နာမည်ကြီးလာတဲ့ OnePlus အကြောင်းကို ပိုပြီးတော့စိတ်ဝင်စားဖို့ ကောင်းပါတယ်။ သူဟာ ဥရောပ၊ အမေရိကန်၊ ကနေဒါ၊ တောင်အာဖရိက နဲ့ အိန္ဒိယတို့မှာ ဈေးကွက်ဝေစုဝင်ယူနိုင်ခဲ့တဲ့ ဖုန်းတစ်လုံးဆိုလည်းမမှား ပါဘူး။ ဈေးကြီးပြီး စွမ်းဆောင်ရည်မြင့်တယ်ဆိုတဲ့ဖုန်းတွေရဲ့ လုပ်ဆောင် ချက်တွေကိုဈေးနည်းနည်းနဲ့ရရှိအောင် ထုတ်လုပ်ပေးနိုင်ခဲ့တာကြောင့် OnePlus ဟာ Flagship Killer ဆိုပြီး တစ်ဟုန်ထိုးနာမည်ကြီးခဲ့တဲ့ ဖုန်းတစ်လုံးလည်းဖြစ်ပါတယ်။

OnePlus ကုမ္ပဏီကို ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာ ၁၆ ရက်နေ့မှာ OPPO ရဲ့ ဒုတိယဥက္ကဌဖြစ်သူ Pete Lau နဲ့ Carl Pei တို့က တည်ထောင်ခဲ့ပါတယ်။ တရုတ်အစိုးရရဲ့ တရားဝင်စာရွက်စာတမ်းတွေအရတော့ OnePlus ရဲ့ အဓိကရှယ်ယာတွေကို ချုပ်ကိုင် ထားတာက OPPO ပါ။Lau က OnePlus ဟာ OPPO ရဲ့ လက်အောက်ကုမ္ပဏီခွဲတစ်ခုဖြစ်တယ် ဆိုတာ ကို ငြင်းဆိုထားပေမယ့် ဖြည့်သွင်းထားတဲ့ စာရွက်စာတမ်းတွေအရတော့ သူတို့ကို OPPO က ပိုင်ဆိုင်နေပါတယ်။ တခြားသော ရင်းနှီးမြှုပ်နှံသူတွေ ပါဝင်တယ်ဆိုပေမယ့် တိကျတဲ့ကြေညာမှုတွေကိုတော့ မတွေ့ရပါဘူး။

OnePlus ရဲ့ အဓိကရည်ရွယ်ချက်ကငွေကြေးတန်ဖိုးအသင့်အတင့် နဲ့ စွမ်းဆောင်ရည်မြင့်တဲ့ဖုန်းတွေကို ထုတ်လုပ်ဖို့ဖြစ်ပါတယ်။ တခြားကုမ္ပဏီ တွေ ကထုတ်တဲ့ အရည်အသွေးနိမ့်ဖုန်းတွေအပေါ်မှာ အသုံးပြုသူတွေ ကဘယ်တော့မှ စိတ်ကျေနပ်နေမှာ မဟုတ်ဘူးလို့လည်း သူတို့က ယူဆ ထားပါတယ်။ Lau ရှင်းပြတာက “ကျွန်တော်တို့ကသူများတွေနဲ့ မတူအောင် မတူညီတဲ့ အရာတွေကိုလုပ်မှာမဟုတ်ပါဘူး။ သုံးစွဲသူတွေ နေ့စဉ်ကြုံတွေ့နေရတဲ့အရာတွေကို ပိုမိုတိုးတက်ကောင်းမွန်အောင် လုပ်မှာပါ။ နောက်ပြီး သူဟာဂျပန်ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Muji ကို စံထားတယ်လို့ဆိုပါတယ်။ ရိုးရိုးရှင်းရှင်းနဲ့ သုံးစွဲသူတွေရင်းနှီးမယ့် ပုံစံမျိုးကိုပဲ အရည်အသွေးမြင့်မြင့် ထုတ်နိုင်ဖို့ အဓိကထားပြီးထုတ်လုပ် မှာပါ။

၂၀၁၄ ခုနှစ်၊ ဧပြီ ၂၃ မှာတော့ သူတို့ရဲ့ပထမဆုံးဖုန်းအဖြစ် OnePlus One ကိုထုတ်ခဲ့ပါတယ်။ ၂၀၁၄ ခုနှစ် ဒီဇင်ဘာမှာ တော့ အိန္ဒိယ နိုင်ငံ ကလူတွေအတွက် Amazon ကနေတစ်ဆင့် OnePlus One ကို ရောင်းချပေးခဲ့ပါတယ်။ ကုမ္ပဏီအနေနဲ့ အိန္ဒိယနိုင်ငံမှာ Service Center ပေါင်း ၂၅ ဆိုင်ဖွင့်လှစ်ပေးမယ်ဆိုတဲ့ အစီအစဉ်ကိုလည်းကြေညာခဲ့ပါ တယ်။၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီ ၂၃ မှာတော့ Lazada Indonesia ကုမ္ပဏီ နဲ့ပူးပေါင်းပြီး အရှေ့တောင်အာရှကလူတွေအတွက် ဖုန်းထုတ်လုပ်ပေးဖို့ အတွက် ပြင်ဆင်ခဲ့ပါတယ်။ Carl Pei ကတော့ အသက် ၂၇ နှစ်အရွယ် လူငယ်တစ်ဦးဖြစ်ပြီး OnePlus ကုမ္ပဏီကို တွဲဖက် တည်ထောင်သူတစ်ဦး လည်းဖြစ်ပါတယ်။ သူတို့ကုမ္ပဏီဟာ ဘတ်ဂျက်နည်းနည်းနဲ့ ထိပ်တန်းဖုန်း ကုမ္ပဏီကြီး တွေကို တုန်လှုပ်စေနိုင်ခဲ့ပါတယ်။

Android ဖုန်းထုတ်တဲ့သူ တော်တော်များများက ဖုန်းကိုပိုမိုကောင်းမွန် အောင် လုပ်ရမယ့်အစား ဈေးကွက်ကို ပိုပြီးချဲ့ထွင်နိုင်အောင်ပဲ ကြိုးစား နေကြပါတယ်။ OnePlus ကတော့ ဈေးကွက်ချဲ့ထွင်ရေးအပိုင်းမှာ ငွေကြေးသိပ်မသုံးစွဲပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီကုန်ကျစရိတ်တွေဟာ နောက်ပိုင်းကြရင် သုံးစွဲသူတွေပဲကျခံရမှာမို့လို့ပါ။ ဒီအစားသူတို့ကဖုန်းကို ပိုကောင်းအောင်ပဲ ထုတ်ပါတယ်။OnePlus ဖုန်းတွေဟာစွမ်းဆောင်ရည် မြင့်မားပေမယ့် ဈေးနှုန်း သင့်တင့်ပါတယ်။ သူတို့ စထုတ်ကာစ အချိန်တုန်း က 64 GB iPhone 6 တစ်လုံးရဲ့တန်ဖိုးက ၅၃၉ ယူရိုလောက် ရှိပေမယ့် 64 GB OnePlus 2 ကတော့ ၂၄၉ ယူရိုပဲ ကျသင့်ပါတယ်။ OnePlus က သူတို့ရဲ့ ဖုန်းတွေကို တန်ဖိုး အပိုမကုန်ကျအောင် လက်လီဆိုင်တွေက မရောင်းဘဲ အွန်လိုင်းကနေ ရောင်းပြီးသုံးစွဲ သူတွေဆီကို တိုက်ရိုက်ပို့ပေး တဲ့ စနစ်သုံးပါတယ်။ အဲ့ဒီတော့ အပိုကုန်ကျစရိတ်ကိုပိုပြီးတော့လျော့နိုင် တာပေါ့။

OnePlus ရဲ့ အစပိုင်းဈေးကွက်စနစ်က ဆိုရှယ်မီဒီယာပေါ်မှာ ကမ်ပိန်းတွေ လုပ်ပြီး Invite လုပ်တဲ့စနစ်ဖြစ်ပါတယ်။ သူတို့ကုမ္ပဏီရဲ့ ကမ်ပိန်းတွေမှာ ပူးပေါင်းပါဝင်တဲ့သူတွေကို Invite လုပ်ပြီးဖုန်းရောင်းချပါ တယ်။ နောက်မှ တစ်ဆင့်စကား၊ တစ်ဆင့်ကြားဆိုသလို သူငယ်ချင်းချင်း Invite လုပ်လို့ရအောင် လုပ်ပေးထားပါတယ်။ ဒီလိုနဲ့ တစ်ယောက်ပြီး တစ်ယောက် ပျံ့သွားပြီး OnePlus ကိုတဖြည်းဖြည်းလူသိများ လာပါ တယ်။ OnePlus 3 ကိုထုတ်တဲ့အချိန် ၂၀၁၆၊ ဇန်န၀ါရီ ၁၄ မှာတော့ သူတို့ဟာ Invite လုပ်တဲ့စနစ်ကိုဖျက်သိမ်းလိုက်ပါတယ်။

သက်တမ်းအားဖြင့် သုံးနှစ်ကျော်ကျော်၊ လေးနှစ်နီးပါးလောက်သာရှိသေး တဲ့ OnePlus ကုမ္ပဏီဟာ လက်ရှိအချိန်ထိ ဖုန်းအမျိုးအစား (၆) မျိုးကို ထုတ်လုပ်ခဲ့ပြီးပါပြီ။ အဲဒါတွေက (၁) OnePlus One (၂၀၁၄၊ ဧပြီ)၊ (၂) OnePlus 2 (၂၀၁၅၊ ဇူလိုင်)၊ (၃) OnePlus X (၂၀၁၅၊ အောက်တိုဘာ)၊ (၄) OnePlus 3 (၂၀၁၆၊ ဇွန်)၊ (၅) OnePlus 3T (၂၀၁၆၊ နိုဝင်ဘာ)၊(၆) OnePlus 5 (၂၀၁၇၊ ဇွန်) တို့ပါ။



မင်းသုခ

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com