6/02/2016

♪ လုံခြုံရေးအသားပေး တန်ဖိုးကြီးစမတ်ဖုန်း Solarin ကို ပွဲဦးထွက် မိတ်ဆက် ♫


သင့်အနေနဲ့ ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာတွေကို အလေးထားတတ်တဲ့သူတစ်ယောက်ဆိုရင်တော့ ဒီဖုန်းကို ဝယ်ယူဖို့ သင့်တော် ပါလိမ့်မယ်။ Sirin Labs ကုမ္ပဏီကတော့ လုံခြုံရေးကို အထူးအသားပေးပြုလုပ်ထားတဲ့ Solarin အမည်ရ Android စမတ်ဖုန်းတစ်လုံးကို လန်ဒန်မြို့မှာ စတင်ပြီး ပွဲဦးထွက် မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ ဒီဖုန်းကို ကိုင်တဲ့သူတွေဟာ အရမ်းကို အဆင့်အတန်းမြင့်ပြီး စမတ်ကျတဲ့ အထက်တန်းလွှာက လူတွေသာဖြစ်လိမ့်မယ်လို့လည်း Sirin Labs ကုမ္ပဏီက တစ်ပါတည်း ကြေညာသွားခဲ့ပါတယ်။

၅.၅လက်မ မျက်နှာပြင်အကျယ်ရှိတဲ့ စမတ်ဖုန်းကတော့ အခွန်မဆောင်ခင်မှာ ဒေါ်လာ ၉၅၀၀ ကျသင့်မှာဖြစ်ပြီး အခွန်ဆောင်ပြီးရင်တော့ ဒေါ်လာ ၁၆၀၀၀ ကျသင့်မှာဖြစ်ပါတယ်။ “ကိုယ်ရေးအချက်အလက်တွေကို လုံးဝလုံခြုံမှုရှိအောင် အရေးပေးထားတဲ့ဖုန်းတစ်လုံးဖြစ်တာကြောင့် ကျွန်တော်တို့ဖုန်းကို သုံးစွဲသူတွေဟာဆိုရင်လည်း အထက်တန်းကျကျနဲ့ အရမ်းကို စမတ်ကျလွန်းတဲ့ ကျော်ကြားသူတွေပဲ ဖြစ်ပါလိမ့်မယ်” လို့ Sirin Labs ကုမ္ပဏီက ပြောကြားသွားခဲ့ပါတယ်။

Solarin ဖုန်းမှာတော့ စစ်တပ်ပိုင်းတွေမှာ အသုံးပြုလျက်ရှိနေတဲ့ လုံခြုံရေးနည်းပညာတွေကို အသုံးပြုထားပါတယ်။ နာမည်ကျော် KoolSpan ဆော့ဖ်ဝဲလ်ကုမ္ပဏီက ထုတ်လုပ်ထားတဲ့ ချစ်ပ်တွေကို အသုံးပြုထားတဲ့ AES encryption နည်းပညာကို ဒီဖုန်းမှာ အသုံးပြုထားတာကြောင့် ကမ္ဘာ့အကောင်းဆုံး လုံခြုံရေးပေးထားတဲ့ဖုန်းတစ်လုံးဖြစ်လာမယ်လို့  Sirin Labs ကုမ္ပဏီက ဆိုပါတယ်။

ဒီဖုန်းကတော့ Google က  ထုတ်လုပ်တဲ့ Nexus ဖုန်းတွေနဲ့ Blackberry ရဲ့ Priv ဖုန်းတွေရဲ့ လုံခြုံရေးထက်ပိုကောင်းမယ်လို့ Sirin ကုမ္ပဏီက ဆိုထားပါတယ်။ ၅.၅ လက်မအကျယ်ရှိပြီး 2K resolution မျက်နှာပြင် Snapdragon 810 ပရော်ဆက်ဆာ ၊ RAM 4GB နဲ့ ပါရင်းစွဲသိုလှောင်နိုင်မှု 128GB အထိရှိတယ်လို့သိရပါတယ်။ ကျောဘက်ကင်မရာကတော့ 23.8MP ကင်မရာကို လေဆာနဲ့ auto focus ချိန်ညှိတဲ့ နည်းပညာနဲ့ တွဲဖက်ထားပြီး 4040 mAh ပမာဏရှိတဲ့ ဘက်ထရီကို ဒီဖုန်းမှာ အသုံးပြုထားတာဖြစ်ပါတယ်။

ဖုန်းရဲ့ တန်ဖိုးကတော့ မြင့်မားလွန်းနေတယ်လို့ ထင်ရပေမယ့်လည်း အခုလို လုံခြုံရေးအသားပေး ဖုန်းတွေကတော့ တန်ဖိုးကြီးလေ့ရှိတာမဆန်းပါဘူး။

Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com