6/14/2016

♪ အော်လန်ဒိုပစ်ခတ်မှုပြီးနောက် အမေရိကန်မှာ ပထမဆုံးအကြိမ်အဖြစ် “Safety Check” ဖွင့်ပေးလိုက်တဲ့ Facebook ♫


တနင်္ဂနွေနေ့က အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်၊ အော်လန်ဒိုမြို့က လိင်တူကလပ်တစ်ခုမှာ သေနတ်သမားတစ်ဦးရဲ့ ပစ်ခတ်မှုကြောင့် အပြစ်မဲ့လူပေါင်း ၅၀ ကျော်သေဆုံးခဲ့ရပြီးနောက်မှာ၊ Facebook ဟာ အမေရိကန်ပြည်ထောင်စုမှာ ပထမဆုံးအကြိမ်အနေနဲ့ ၎င်းတို့ရဲ့ “Safety Check” feature ကို ဖွင့်ပေးခဲ့ပါတယ်။

အဆိုပါအကြမ်းဖက်တိုက်ခိုက်မှုဟာ ခေတ်သစ်အမေရိကန်သမိုင်းတစ်လျှောက်မှာ လူအသေအပျောက်အများဆုံး သေနတ်ကိုင်ပစ်ခတ်မှုဖြစ်ပြီး၊ စက်တင်ဘာ 9/11 အရေးအခင်းပြီးနောက် အမေရိကန်မြေပေါ်မှာ အဆိုးရွားဆုံးအကြမ်းဖက်တိုက်ခိုက်ခံရမှုအဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပါတယ်။
Facebook က ဖွင့်ပေးလိုက်တဲ့ “Safety Check” လုပ်ဆောင်ချက်မှာ၊ Facebook အသုံးပြုသူတွေအနေနဲ့ သဘာဝဘေးအန္တရာယ် (သို့) အရေးပေါ်အခြေအနေတစ်ခုခုဖြစ်ပေါ်ပြီးနောက်မှာ မိမိအသက်အန္တရာယ် ကင်းရှင်းကြောင်း မိသားစုဝင်တွေနဲ့ တစ်ကမ္ဘာလုံးကို အသိပေးတဲ့လုပ်ဆောင်ချက်တစ်ခု ဖြစ်ပြီး၊ တကယ့်ကိုအသုံးဝင်တဲ့ အရေးပေါ်လုပ်ဆောင်ချက်တစ်ခုဖြစ်ပါတယ်။

ဒီ feature မှာ မိမိအသက်အန္တရာယ်ကင်းရှင်းမှုရှိကြောင်း ‘mark’ ရွေးပေးနိုင်တဲ့အပြင်၊ အန္တရာယ်ကျရောက်ရာဒေသအတွင်း မှာ ရှိတဲ့လူတွေကိုလည်း search လုပ်နိုင်မှုတို့ ပါဝင်တာကြောင့်၊ မိမိရဲ့ မိသားစုဝင်တွေ၊ သူငယ်ချင်းမိတ်ဆွေတွေ အန္တရာယ်ကင်းလားဆိုတာ အလွယ်တကူသိနိုင်မယ့် Facebook feature တစ်ခု ဖြစ်ပါတယ်။

“ ဒီနေ့မနက်နိုးတော့၊ အော်လန်ဒိုပစ်ခတ်မှုအကြောင်းကြားပြီး ကျနော်ထိတ်လန့်တုန်လှုပ်သွားမိတယ်။ ဒီပစ်ခတ်မှုမှာ အသက်ဆုံးရှုံး/ဒဏ်ရာရခဲ့သူတွေ၊ မိသားစုဝင်တွေနဲ့ LGBT လိင်တူအသိုင်းအ၀ိုင်းတစ်ခုလုံးနဲ့ ထပ်တူဝမ်းနည်းကြေကွဲမိပါတယ်” လို့ Facebook တည်ထောင်သူ မာ့ခ်ဇူကာဘတ်က ၎င်းရဲ့ Facebook အကောင့်မှာ ရေးသားဖော်ပြခဲ့ပါတယ်။

၂၀၁၄ ခုနှစ်၊ အောက်တိုဘာမှာ စတင်ထည့်သွင်းခဲ့တဲ့ Facebook ရဲ့ “Safety Check” ဖန်ရှင်ကို ယခုနှစ်အစောပိုင်းတုန်းက ပါကစ္စတန်ငလျင်ပြီးနောက်မှာ အမေရိကန် Facebook သုံးသူတွေအတွက် မတော်တဆမှားဖွင့်ပေးခဲ့တာကြောင့် ဝေဖန်မှုတွေရင်ဆိုင်ခဲ့ရပေမယ့်၊ ယခုတစ်ခါမှာတော့ အခုလို မြန်မြန်ဆန်ဆန်တုံ့ပြန်နိုင်မှုကြောင့် အမေရိကန်ပြည်သူပြည်သားတွေရဲ့ ချီးကျူးမှုကို ရရှိနေပါတယ်။


Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com