Meizu ဟာ လွန်ခဲ့တဲ့ဧပြီလတုန်းက ထွက်ရှိထားတဲ့ Miezu m3 ဖုန်းရဲ့ နောက်ထပ်မော်ဒယ် အသစ်တစ်မျိုး ဖြစ်တဲ့ Meizu m3s ဖုန်းကို ထပ်မံထုတ်လုပ်လိုက်ပါတယ်။
အရင် Meizu m3 ဖုန်းနဲ့ ဒီဇိုင်းပိုင်းတူတူပဲဖြစ်ပေမယ့်၊ ဒီဖုန်းမှာတော့ သတ္တုကိုယ်ထည်ဖြစ်သွားပြီး၊ ကိုင်ဆောင်လို့ ပိုကောင်းသွားသလို၊ လက်ဗွေရာဆန်ဆာလည်း ပါဝင်လာတာကြောင့် လူငယ်တွေ ပိုအကြိုက်တွေ့မှာပါ။ m3 ဖုန်းလိုပဲ၊ တန်ဖိုးကတော့ အလွန်ချိုသာပြီး၊ 16GB မော်ဒယ်ကို ၁၀၉ ဒေါ်လာဝန်းကျင်ပဲ ရှိပါတယ်။
Meizu m3s ဖုန်းမှာ ၅ လက်မအရွယ် (1280×720 pixels) HD မျက်နှာပြင်ပါရှိပြီး၊ အနည်းငယ်ကွေးသယောင်ရှိတဲ့ 2.5D Glass ကို အသုံးပြုထားပါတယ်။ octa-core MediaTek MT6750 ပရိုဆက်ဆာကို အသုံးပြုထားပြီး၊ ဂရပ်ဖစ်ပိုင်းအတွက်လည်း Mali-T860 GPU ပါဝင်တာကြောင့် ရုပ်ထွက်အရည်အသွေးအကောင်းဆုံးပေးစွမ်းနိုင်မှာပါ။
4G ကွန်ရက်သုံးစွဲနိုင်တဲ့ SIM နှစ်ကတ်ထိုးဖုန်းဖြစ်ပြီး၊ SIM slot ကတော့ ထုံးစံအတိုင်း microSD ကတ် ထိုးထားရင်၊ SIM တစ်ကတ်ပဲ ထိုးထားနိုင်မှာပါ။ အရင်ထွက်ထားတဲ့ Meizu m3 ဖုန်းမှာ လက်ဗွေရာဆန်ဆာမပါဝင်ပေမယ့်၊ m3s ဖုန်းရဲ့ ရှေ့ဘက် ဟုမ်းခလုတ်မှာတော့ ပါဝင်လာတာတွေ့ရပြီး၊ ၀.၂ စက္ကန့်အတွင်း unlock လုပ်ပေးနိုင်တယ်လို့ ဆိုပါတယ်။
Meizu m3s ဖုန်းဟာ RAM နဲ့ storage မတူတဲ့ဗားရှင်းနှစ်မျိုးထွက်ရှိလာတာဖြစ်ပြီး၊ RAM 2GB နဲ့ ဖုန်းတွင်း storage 16 GB မော်ဒယ်ကို ၁၀၉ ဒေါ်လာဈေးရှိကာ၊ RAM 3GB နဲ့ 32 GB မော်ဒယ်ကိုတော့ ဒေါ်လာ ၁၄၀ လောက်ရှိပါတယ်။
ကင်မရာမှာတော့အတူတူပဲဖြစ်ပြီး f/2.2 ၊ 13 megapixel ကျောကင်မရာ နဲ့ 5-megapixel ရှေ့ကင်မရာပါဝင်ပါတယ်။ ဘက်ထရီပမာဏမှာလည်း m3 ထက်များသွားပြီး၊ 3020mAh ဘက်ထရီဖြစ်သွားပါတယ်။
လက်ရှိမှာတော့ တရုတ်နိုင်ငံအတွင်းမှာပဲ မီးခိုးရောင်၊ ငွေရောင်နဲ့ ရွှေရောင်ဆိုပြီး သုံးမျိုးရွေးချယ် ၀ယ်ယူနိုင်မှာ ဖြစ်ကာ၊ မကြာမီအချိန်အတွင်း တခြားနိုင်ငံတွေကိုလည်း တင်ပို့ရောင်းချသွားမှာဖြစ်တယ်လို့ သိရပါတယ်။

www.pyaephyo.com