တရုတ်ဟာ ကမ္ဘာ့အစွမ်းအထက်ဆုံး စူပါကွန်ပျူတာကို တီထွင်လိုက်ပြီး
ကမ္ဘာ့စွမ်းအားအကြီးဆုံး စက်တွေရဲ့ နောက်ဆုံး စာရင်းထဲမှာ ထိပ်ဆုံးကို
ရောက်ရှိလာခဲ့ပါတယ်။ Wuxi ပြည်နယ်က အမျိုးသားစူပါကွန်ပျူတာဌာန
မှာတပ်ဆင်ထားတဲ့ စူပါကွန်ပျူတာကို Sunway TaihuLight လို့နာမည်ပေးထားပါတယ်။
ဒီကွန်ပျူတာဟာ တစ်စက္ကန့်ကို တွက်ချက်မှုပေါင်း ၉၃,၀၀၀ ထရီလီယံလောက်ထိ တွက်ချက်နိုင်တယ်လို့ ဆိုပါတယ်။ ဒါဟာဆိုရင် အရင်တုန်းကအမြန်ဆုံးကွန်ပျူတာအဖြစ်စံချိန်တင်ထားတဲ့ Tianhe-2 ထက်နှစ်ဆမြန်ပြီး သုံးဆလောက်ပိုပြီး အစွမ်းထက်တာလည်းဖြစ်တယ်လို့ Top 500 List က တနင်္လာနေ့တုန်းက ဆိုခဲ့ပါတယ်။
ဒီစက်ရဲ့ အဓိကလုပ်ဆောင်ချက်တွေကတော့ စက်မှုလုပ်ငန်းတွေကိုအဆင့်မြှင့်ဖို့၊ ရာသီဥတုအခြေအနေကို တွက်ချက်နိုင်ဖို့နဲ့ ကြီးမားများပြားတဲ့ ဒေတာတွေကို ခွဲခြမ်းစိတ်ဖြာနိုင်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီကွန်ပျူတာဟာ Linux အခြေပြု OS စနစ်နဲ့ လည်ပတ်မှာဖြစ်ပြီး ကွန်ပျူတာ Nodes ပေါင်း ၄၀,၉၆၀ ကိုထည့်သွင်းတည်ဆောက်ထားတာပါ။
ဒီ Top Compuster 500 စာရင်းမှာ တရုတ်ဟာ ပထမဆုံးအနေနဲ့ အမေရိကန်ရဲ့အထက်မှာ အရေအတွက် ၁၆၇လုံးနဲ့ ရပ်တည်ခဲ့ပြီး အမေရိကန်ကတော့ ၁၆၅လုံးရှိခဲ့တာပါ။ “ပြီးခဲ့တဲ့ ၁၀နှစ်ကို ပြန်ကြည့်မယ်ဆိုရင် တရုတ်ဟာ ဒီစာရင်းမှာ အလုံးအရေအတွက် ၂၈လုံးသာပါခဲ့ပါတယ်။ အဲ့ဒီအပြင် ထိပ်ဆုံးကွန်ပျူတာတွေမှာ ဆိုရင်လည်း အဆင့် ၃၀ရဲ့အပြင်မှာသာရှိခဲ့ရာက အခုလိုအခြေအနေဖြစ်လာတာပါ။ တရုတ်ဟာ စူပါကွန်ပျူတာသမိုင်းမှာ တခြားဘယ်နိုင်ငံတွေထက်မဆို တိုးတက်မှုအလျှင်မြန်ဆုံးအဖြစ် တည်ရှိနေပါတယ်” လို့ Top 500 List ကဆိုပါတယ်။
Top 500 List ရဲ့ ထိပ်ဆုံးကွန်ပျူတာ ၁၀လုံးမှာ အမေရိကန်ပြည်ထောင်စုဟာ ၄လုံးပိုင်ဆိုင်ထားပြီး တရုတ်ကတော့ ထိပ်ဆုံး နှစ်လုံးသာ ပိုင်ဆိုင်ထားပါတယ်။ ထိပ်ဆုံး ကွန်ပျူတာ ၁၀လုံးကို ပိုင်ဆိုင်တဲ့ တခြား နိုင်ငံတွေကတော့ ဂျပန်၊ ဆွစ်ဇာလန်၊ ဂျာမနီနဲ့ ဆော်ဒီအာရေဗျ တို့ပဲဖြစ်ပါတယ်။

www.pyaephyo.com