Oppo ဟာ တန်ဖိုးနည်းစမတ်ဖုန်းစီးရီးဖြစ်တဲ့ A စီးရီးမော်ဒယ်အသစ် A37 ကို တနင်္လာနေ့က တရုတ်နိုင်ငံမှာ စတင်မိတ်ဆက်သွားခဲ့ပါတယ်။
ဒီဖုန်းဟာ ဓာတ်ပုံဝါသနာရှင်တွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ ကင်မရာဦးစားပေးစမတ်ဖုန်းတစ်လုံးဖြစ်ပြီး၊ ဆော့ဖ်ဝဲပိုင်းအထူးပြုလုပ်ထားမှုကြောင့် အံ့မခန်းဖွယ်ရာဓာတ်ပုံတွေကို ရိုက်ကူးနိုင်တယ်လို့ Oppo က ဂုဏ်ယူစွာပြောဆိုခဲ့ပါတယ်။
ကင်မရာဟာ့ဒ်ဝဲကနေစပြောရမယ်ဆိုရင်၊ ဖုန်းကျောဘက်မှာ pixel အရွယ်အစား 1.4 μm (မိုက်ခရိုမီတာ) ရှိတဲ့ 8-megapixel ဆန်ဆာပါဝင်ပြီး၊ resolution က ယခုနာမည်ကျော်ဖုန်းတွေနဲ့ယှဉ်ရင် နည်းတယ်လို့ ထင်ရပေမယ့်၊ pixel အရွယ်အစားကြီးတာကြောင့် တခြားဖုန်းတွေထက် အလင်းဖမ်းယူနိုင်မှုပိုကောင်းတဲ့ဖုန်းဖြစ်ပါတယ်။ အလင်းရောင်နည်းနေတဲ့အချိန်မှာတောင် ပုံကောင်းကောင်းထွက်အောင်ရိုက်နိုင်ပြီး၊ noise တွေဖြစ်ပေါ်မှုလည်း ရှိမှာမဟုတ်ဘူးလို့ သိရပါတယ်။ OPPO ရဲ့ မူပိုင်ဆော့ဖ်ဝဲ နည်းပညာဖြစ်တဲ့၊ ဓာတ်ပုံငါးပုံကို resolution အမြင့်စားတစ်ပုံတည်းအဖြစ်ပြောင်းပေးတဲ့ ဆော့ဖ်ဝဲလည်း ပါရှိတာကြောင့် ပုံထွက်မကောင်းမှာတော့ မပူရပါဘူး။
ဖုန်းရှေ့ကင်မရာမှာတော့ 5-megapixel OmniBSI ဆန်ဆာပါရှိပြီး၊ pixel အရွယ်အစားက 1.4 μm ပဲဖြစ်ပါတယ်။ Selfie ရိုက်မယ်ဆိုရင် ဖုန်းမျက်နှာပြင်ကနေ flash လင်းလာမှာဖြစ်ပြီး၊ အလင်းကောင်းကောင်း ရအောင်လုပ်ပေးနိုင်ပါတယ်။ Selfie ချစ်သူတွေ နောက်ထပ်အကြိုက်တွေ့မယ့်လုပ်ဆောင်ချက်ကတော့ လက်ဝှေ့ယမ်းပြလိုက်ရုံနဲ့ ဓာတ်ပုံရိုက်နိုင်တဲ့လုပ်ဆောင်ချက်ဖြစ်ပြီး၊ အုပ်စုလိုက် groufie ရိုက်တာမျိုးမှာ တော်တော်အသုံးဝင်မှာပါ။
တခြား specification တွေအနေနဲ့ ၅ လက်မအရွယ် 720p IPS LCD မျက်နှာပြင်၊ Snapdragon 410 ပရိုဆက်ဆာ ၊ RAM 2GB နဲ့ ဖုန်းတွင်း storage 16 GB တို့ ပါရှိပြီး၊ microSD ကတ် 128 GB အထိ ထပ်စိုက်နိုင်ပါတယ်။ ဒီဖုန်းမှာ microSD ကတ်အပါအ၀င် သုံးကတ်ထိုး ကတ်အပေါက်ကို အသုံးပြုထားတာကြောင့်၊ SIM နှစ်ကတ်ကော microSD ကတ်ပါ တစ်ပြိုင်တည်းအသုံးပြုနိုင်မှာပါ။
Oppo A37 စမတ်ဖုန်းဟာ Android 5.1 Lollipop စနစ်အခြေခံ ColorOS 3.0 နဲ့ လာမှာဖြစ်ပြီး၊ ဘက်ထရီကတော့ 2630mAh ဘက်ထရီပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။
ဒီဖုန်းကို ရွှေရောင်၊ ခဲရောင် နဲ့ Rose Gold အရောင်သုံးမျိုး ရွေးဝယ်နိုင်မှာဖြစ်ကာ၊ လာလောဆည် တရုတ်နဲ့ စင်ကာပူနိုင်ငံမှာ ၀ယ်ယူရရှိနိုင်ပြီဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၁၉၉ ၀န်းကျင်ပါ။

www.pyaephyo.com