4/10/2015

♪ LG AKA Smart Phone ရဲ့ အားသာချက် အားနည်းချက် ဒီဇိုင်း နည်းပညာ နှင့် အသေးစိတ်ဖော်ပြချက်များ ♫


အားသာချက်
ဒီဖုန်းဟာ ဖန်စီနှစ်သက် သူတွေအတွက် စိတ်ဝင်စားစရာ အသုံးပြု နည်းစနစ်တွေကို ထည့်သွင်းပေးထားတဲ့ ဖုန်းအမျိုးအစား တစ်ခုဖြစ်ပြီး ဖုန်းမှာပါဝင်တဲ့ အသုံးပြုစနစ် တွေဟာလည်း ဆန်းသစ်တဲ့ အသုံးပြုပုံစံတွေ ကို မြင်တွေ့နိုင်ပါတယ်။ ဖုန်းမှာထည့်သွင်း အသုံးပြုထားတဲ့ CPU, GPU အစရှိတဲ့ Hardware စနစ်တွေကလည်း ကောင်းမွန်ပါတယ်။ ဒီဖုန်းဟာ ဖန်စီပုံစံ အကောင်လေးတွေရဲ့ စရိုက်တွေနဲ့ ဖွဲ့စည်း တည် ဆောက်ထားတဲ့ ဖုန်းအမျိုးအစား ဖြစ်တဲ့အတွက် ကိုယ်အသုံးပြုချင်တဲ့ ကာတွန်းကောင်လေးတွေနဲ့ အရောင်အသွေးတွေကို ရွေးချယ်အသုံးပြု နိုင်ပါတယ်။

အားနည်းချက်
ဖုန်းဟာ ကာတွန်းအကောင်လေးတွေရဲ့ စရိုက်တွေနဲ့ ဖွဲ့စည်းတည် ဆောက်ထားတဲ့အတွက် ဖုန်းမှာ ကာဗာတစ်ခု အပိုတပ်ဆင်ထားမှာ ဖြစ်ပါတယ်။ ဒါကြောင့်ဖုန်းဟာပုံမှန်ထက်ပိုပြီး ထူနေတယ်လို့ ခံစားရစေ ပါတယ်။

ဒီဇီုင်း
ပုံစံဒီဇိုင်းမှာတော့ AKA ဖုန်းတွေဟာ ဖုန်းရဲ့ ကိုယ်ထည်ဖွဲ့စည်း တည်ဆောက်မှု  ပုံစံပိုင်းတွေမှာသာ တစ်ခုနဲ့တစ်ခု တူညီကြပေမယ့် ဖုန်းရဲ့ အရောင်အသွေးနဲ့ မြင်ကွင်းပိုင်းတွေမှာတော့ ထုတ်လုပ်ထားတဲ့ ကာတွန်းကောင်တွေရဲ့ ဇာတ်ကောင်စရိုက်နဲ့ ပုံစံပေါ်မူတည်ပြီး အရောင်အသွေးတွေက ကွဲပြားခြားနားမှု ရှိနေမှာပါ။ ဖုန်းရဲ့ပုံစံဒီဇိုင်းဟာ LG ဖုန်းတွေရဲ့ ပုံစံအတိုင်းပဲ အနားလေးဖက် အနည်းငယ် ဝိုင်းတဲ့ပုံစံမျိုး ရှိနေပြီး ဒီဖုန်းတွေမှာတော့ ကာတွန်း ကောင်လေးတွေရဲ့ ပုံစံနဲ့လိုက်ဖက်မယ့် တစ်ဝက်ကာဗာတွေ ပါဝင် မှာ ဖြစ်ပါတယ်။ ဒီကာဗာလေးတွေဟာ ဖုန်းတစ်ခုလုံးကို ဖုံးအုပ်ထားတာမျိုး မဟုတ်ပဲ ဖုန်းရဲ့ တစ်ဝက်ကျော်ကျော် လောက်ထိပဲ ဖုံးအုပ်ထားတဲ့ ကာဗာမျိုး ဖြစ်ပါတယ်။ ကာဗာဟာ ဖုန်းရဲ့ ရှေ့မျက်နှာပြင် မှာရော နောက်ဘက် ကာဗာပေါ်မှာ တပ်ဆင်အသုံးပြု နိုင ပါတယ်။ YOYO, WOOKY, SOUL, EGGY ဆိုပြီး မော်ဒယ်လေးမျိုးရှိပြီး ဒီလေးမျိုးဟာ ဇာတ်ကောင်စရိုက် ပုံစံလေးမျိုး ဖြစ်ပါတယ်။ ဖုန်းရဲ့ အရွယ်အစား ဟာ အထက်အောက် အမြင့် ၁၃.၈၇ စင်တီမီတာရှိပြီး ဘေးတိုက်အကျယ်ကတော့ ၇.၁၉ စင်တီမီတာ ရှိပါတယ်။ ဖုန်းရဲ့ထုထည်ကတော့ ၁.၀ စင်တီမီတာ ရှိတဲ့အတွက် ထူတယ်လို့ ဆိုနိုင်ပါတယ်။ အလေးချိန် ကတော့ ၁၃၅ ဂရမ်ပါ။


ကွန်ရက်
GSM ကွန်ရက်စနစ်သုံး ဖုန်းအမျိုးအစားဖြစ်ပြီး 2G/ 3G ကွန်ရက် စနစ်တွေမှာ အသုံးပြုနိုင်ပါတယ်။ Micro Sim တစ်ကတ်ပဲ ထည့်သွင်းအသုံးပြုနိုင်မယ့် Single Sim ဖုန်းအမျိုးအစားပါ။

မြင်ကွင်း
Screen မြင်ကွင်းအကျယ် ၅.၀ လက်မရှိပြီး IPS LCD Display အမျိုးအစားပါ။ Screen Resolution အနေနဲ့ 720 x 1280 Pixel (294 ppi pixel density) ရှိပါတယ်။

နည်းပညာ
နည်းပညာ ပိုင်းမှာတော့ AKA ဖုန်းတွေဟာ မတူညီတဲ့ ဇာတ်ကောင်လေးတွေရဲ့ စရိုက်နဲ့ ထုတ်လုပ်ထား တာဟာ ထူးခြားမှုတစ်ခုလို့ ဆိုရမှာဖြစ်ပါတယ်။ ဖုန်းမှာပါဝင်တဲ့ ကာဗာကို ဖုန်းရဲ့ ရှေ့မြင်ကွင်း Screen ပေါ်မှာ တပ်ဆင်လိုက်ချိန်မှာ ကိုယ့်ဖုန်းရဲ့ ကာတွန်းကောင် မျက်လုံးလေးဟာ ဖုန်းရဲ့ Screen ထိပ်ပိုင်းမှာ ပေါ်ထွက်လာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကင်မရာပိုင်းမှာလည်း ဓာတ်ပုံရိုက်တဲ့ အခါမှာ ဖုန်းမှာပါဝင်တဲ့ ကာတွန်း ဇာတ်ကောင်လေးနဲ့တူတူ တွဲဖက်ပြီး ဓာတ်ပုံရိုက်နိုင်တဲ့ စနစ်ကလည်း ထူးခြားတဲ့နည်းပညာ တစ်ခုပါပဲ။ အကောင်လေးကို ကိုယ့်စိတ်ကြိုက် နေရာတွေကို ရွှေ့ပြောင်းဖို့အတွက် Touch Screen ပေါ်မှာ ခိုင်းစေနိုင်တဲ့အပြင် အကောင်ရဲ့ အရွယ်အစားကိုလည်း အကြီးအသေး စိတ်ကြိုက်ပြောင်းလဲ အသုံးပြုနိုင်ပါတယ်။ ဒါတွေကတော့ AKA ကို အသုံးပြုသူတွေ ထိတွေ့ရမယ့် နည်းပညာ တွေဖြစ်ပြီး အခြားစနစ်တွေ အနေနဲ့တော့ LG ရဲ့ Knock Code စနစ်၊ Guest Mode စနစ်တွေအပြင် ဖုန်း Setting မြင်ကွင်းရဲ့ Layout ပုံစံကိုပြောင်းလဲ အသုံးပြုနိုင်မယ့် စနစ်တွေလည်း ပါဝင်လာတာ တွေ့ရပါတယ်။

အသေးစိတ်ဖော်ပြချက်
CPU ကတော့ Quad-core 1.2 GHz Cortex-A7 CPU ကို အသုံးပြုထားတဲ့အတွက် ဖုန်းရဲ့လုပ်ဆောင်ချက် ပိုင်းတွေမှာ ချောမွေ့ကောင်းမွန်မှု ရှိနေတဲ့အပြင် ဂရပ်ဖစ်စနစ်အတွက်လည်း Adreno 305 GPU ကိုထည့်သွင်း အသုံးပြုထားတာ တွေ့ရပါတယ်။ ဖုန်းမှတ်ဉာဏ်ကတော့ Internal Memory 16GB ပါဝင်ပြီး RAM ကတော့ 1.5GB RAM ပါ။ နောက်ထပ်မှတ်ဉာဏ် ထပ်တိုးအသုံးပြု ဖို့အတွက်တော့ Micro SD ကို 32GB ထိထပ်မံ ထည့်သွင်း အသုံးပြုနိုင်ပါတယ်။ OS ကတော့ Android OS Version 4.4.2 ကို အသုံးပြုထားတာဖြစ်ပြီး ကင်မရာကတော့ နောက်ဘက် ကင်မရာဟာ 8 Mega Pixel ရှိပြီး ရှေ့ကင်မရာကတော့ 2.1 Mega Pixel ရှိပါတယ်။ Bluetooth v4.0, A2DP စနစ်နဲ့ microUSB v2.0 စနစ်တွေကို အသုံးပြုနိုင်မှာဖြစ်ပြီး ဘက်ထရီကတော့ Li-Ion 2610 mAh ဘက်ထရီကို အသုံးပြုထားတာ ဖြစ်ပါတယ်။

သုံးသပ်ချက်
ဖုန်းတစ်ခုလုံးကို ခြုံငုံသုံးသပ် ကြည့်မယ်ဆိုရင်တော့ AKA တွေဟာ ကာတွန်းဇာတ်ကောင် လေးတွေရဲ့ စရိုက်ပုံစံလေးတွေနဲ့ ထုတ်လုပ်ထားပြီး အရောင်အသွေးနဲ့ ဖုန်းမှာတွဲဖက် ပါဝင်လာမယ့် ကာတွန်းကောင်လေးတွေကို ကြည့်မယ်ဆိုရင်တော့ ဖန်စီနှစ်သက် သူတွေအတွက် စိတ်ဝင်စားစရာ ဖုန်းအမျိုးအစား တစ်ခုလို့ ဆိုရမှာပါ။ ကိုင်တွယ်အသုံးပြု ချိန်မှာတော့ ဖုန်းရဲ့အရွယ်အစားဟာ လက်ထဲမှာကိုင်လို့ အဆင်ပြေတဲ့ အရွယ်အစားမျိုး ဖြစ်ပေမယ့် ထုထည်ကတော့ အနည်းငယ်ထူပါတယ်။ ဖုန်းမှာအသုံးပြုထားတဲ့ Hardware ပိုင်းတွေကတော့ ကောင်းမွန်တယ်လို့ ဆိုရမှာပါ။ မှတ်ဉာဏ်ပိုင်းမှာ လည်း အဆင်ပြေတဲ့ ဖုန်းအမျိုးအစားဖြစ်ပြီး ကင်မရာပိုင်းမှာတော့ ကာတွန်းကောင်လေးတွေနဲ့ တွဲပြီးဓာတ်ပုံရိုက်ရမယ့် ကင်မရာစနစ်က တစ်ခုဖြစ်ပြီး ရိုးရိုးသာမာန် ဓာတ်ပုံရိုက်ရမယ့် ကင်မရာစနစ်က တစ်ခုအဖြစ် သီးသန့်စီ အသုံးပြု ရပါလိမ့်မယ်။

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com