4/30/2015

♪ Galaxy S6 Edge ၏ ကင်မရာသည် ကမ္ဘာ့အကောင်းဆုံး စမတ်ဖုန်း ကင်မရာဟု DxOMark အဖွဲ့ဆို ♫


မိမိတို့ရဲ့ ကနဦး စမ်းသပ်မှုအရ Samsung ရဲ့ Galaxy S6 နဲ့ S6 Edge စမတ်ဖုန်းများရဲ့ 16MP ပုံထွက်နှုန်းရှိတဲ့ နောက်ကျောပြင် ကင်မရာများဟာ အတော်လေးကို ကောင်းမွန်တာကို တွေ့ခဲ့ရပါတယ်။ ဒီအချက်ကို ကင်မရာများနဲ့ စမတ်ဖုန်းများကို အဓိကထား စမ်းသပ်စစ်ဆေးပြီး ဝေဖန်သုံးသပ်နေတဲ့ DxOMark အဖွဲ့ကလည်း ထောက်ခံထားတာကို တွေ့ရပါတယ်။

DxOMark ရဲ့ အသေးစိတ် စမ်းသပ်စစ်ဆေးမှုများအရ Galaxy S6 Edge ရဲ့ ကင်မရာဟာ (ယမန်နေ့က ထွက်ရှိလာတဲ့ LG ရဲ့ G4 စမတ်ဖုန်းရဲ့ 16MP f/1.8 ကင်မရာ မပါဝင်) လက်ရှိ ဈေးကွက်ထဲက စမတ်ဖုန်း ကင်မရာတွေထဲမှာ အရည်အသွေး အမြင့်မားဆုံးနဲ့ အကောင်းမွန်ဆုံး ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် DxOMark ရဲ့ အကောင်းဆုံး စမတ်ဖုန်းကင်မရာ စာရင်းမှာ Samsung ရဲ့ Note 4 က ဒုတိယနေရာ ရပ်တည်နေသေးတယ်။

DxOMark ရဲ့ စမ်းသပ်မှုများဟာ အချက်အလက်ပေါင်း များစွာပါဝင်ပြီး စမတ်ဖုန်းတိုင်းကို ယင်းသတ်မှတ်ချက်များနဲ့ ကိုက်ညီမှုရှိမရှိ မှတ်ကျောက်တင် စစ်ဆေးမှုများ ပြုလုပ်ကာ စာရင်းပြုစုထားခြင်း ဖြစ်ပါတယ်။ စမတ်ဖုန်း ကင်မရာများကို Contrast ၊ Flash ၊ Stabilization ၊ Noise ၊ Exposure ၊ Artifacts ၊ Color နဲ့ Autofocus စတဲ့ လုပ်ဆောင်ချက်များကို ဓာတ်ပုံနဲ့ ဗီဒီယို ၂ မျိုးလုံးမှာ စမ်းသပ်စစ်ဆေးတယ်လို့ သိရပါတယ်။

စုစုပေါင်း အမှတ် ၁၀၀ အနက် Galaxy S6 Edge က ၈၆ မှတ် ရရှိခဲ့ပြီး Note 4 က ၈၃ မှတ် ရရှိထားပါတယ်။ အဆင့် ၃ နဲ့ ၄ မှာ iPhone 6 နဲ့ 6 Plus တို့က ၈၂ မှတ်စီနဲ့ ရပ်တည်နေပါတယ်။ ၇၉ မှတ် ရရှိခဲ့တဲ့ Galaxy S5 ၊ Sony Xperia Z3 နဲ့ Z2 တို့က အဆင့် ၅၊ ၆ နဲ့ ၇ အသီးသီး ရရှိခဲ့ပြီး အဆင့် ၈ မှာတော့ Google Nexus 6 က ၇၈ မှတ်နဲ့ ရှိနေပါတယ်။ Nokia 808 ရဲ့ ကင်မရာ ၇၇ မှတ် ရရှိခဲ့ပြီး ထူးထူးခြားခြား အဆင့် ၉ ရရှိခဲ့ကာ အဆင့် ၁၀ ကိုတော့ Sony Xperia Z1 က ရယူနိုင်ခဲ့ပါတယ်။

Apple iPhone 5S နဲ့ 41 MP ပုံထွက်နှုန်းရှိတဲ့ Nokia 1020 တို့ကတော့ အဆင့် ၁၀ တွင်းတောင် မဝင်နိုင်ခဲ့ပါဘူး။ အကောင်းဆုံး စမတ်ဖုန်း ကင်မရာ ၁၀ ခု စာရင်းမှာ Samsung က ၃ ခုနဲ့ Sony က ၃ ခု ရရှိနိုင်ခဲ့တာကလည်း ထူးခြားမှု တစ်ခုပါပဲ။

အမှတ်ပေး စည်းကမ်းအရ ဓာတ်ပုံနဲ့ ဗီဒီယို ရမှတ်များကို ပေါင်းစည်းပြီး ပျှမ်းမျှခြင်းကို တွက်ချက်ခဲ့ခြင်း ဖြစ်ပါတယ်။ ဥပမာအားဖြင့် Galaxy S6 Edge ဟာ ဓာတ်ပုံပိုင်းဆိုင်ရာ စမ်းသပ်မှုမှာ ၈၈ မှတ် ရရှိခဲ့ပြီး ဗီဒီယိုပိုင်းမှာတော့ ၈၄ မှတ် ရရှိခဲ့တာကြောင့် အမှတ် ၂ ခုအား စုပေါင်းပြီး ပျှမ်းမျှခြင်း တွက်ချက်မှုအရ ၈၆ မှတ် ရရှိခဲ့တာ ဖြစ်ပါတယ်။

Galaxy S6 Edge ဟာ ဓာတ်ပုံပိုင်းမှာ အလင်းနည်း ရိုက်ချက်များမှာ မှုန်ဝါးမှု Noise ပါဝင်မှု သိသာခြင်း၊ Tungsten (အဝါရောင်မီး) မီးရောင်အောက်မှာ Flash သုံးတဲ့အခါ ဓာတ်ပုံများဟာ အဝါ (သို့) အစိမ်းရောက်ဖက် သန်းခြင်း စတာတွေကြောင့် အမှတ်လျော့ခဲ့ရပါတယ်။ ဗီဒီယိုပိုင်းမှာတော့ Jello Effect ခေါ်တဲ့ ကင်မရာကို ဘယ်၊ညာ ဆွဲရိုက်တဲ့အခါ ရုပ်ပုံများ ယိမ်းယိုင်ခြင်း၊ အလင်းနည်း ရိုက်ချက်များမှာ အရိပ်များပေါ်ခြင်းနဲ့ အလင်းများ ရိုက်ချက်များမှာ တောက်ပမှုများခြင်း စတဲ့အချက်များကြောင့် အမှတ်များ လျော့နည်းခဲ့ရပါတယ်။

S6 Edge ရဲ့ အားသာချက်များကတော့ ဓာတ်ပုံပိုင်းမှာ လျင်မြန်တဲ့ Autofocus ပါရှိခြင်း၊ အလင်းဝင်ရောက်မှု Exposure ကောင်းမွန်ခြင်း၊ ရိုက်ကူးမှုပုံစံ အမျိုးမျိုးမှာ White Balance မှန်ကန်ခြင်းများဖြစ်ပြီး ဗီဒီယိုပိုင်းမှာတော့ Exposure ကောင်းမွန်ခြင်း၊ White Balance မှန်ကန်ခြင်းနဲ့ အလင်းရောင် ရရှိမှု ပုံစံအမျိုးမျိုးမှာ Noise နည်းပါးခြင်းကြောင့် မှုန်ဝါးမှု မရှိခြင်းတို့ပဲ ဖြစ်ပါတယ်။

Galaxy S6 Edge အပါအဝင် အခြား စမတ်ဖုန်း ကင်မရာများရဲ့ အသေးစိတ် စမ်းသပ်စစ်ဆေး ဝေဖန်သုံးသပ်ချက်များအား ဖတ်ရှုလိုပါက DxOMark ၏ ဝက်ဘ်ဆိုဒ် http://bit.ly/1P0u05m သို့ သွားရောက်ရန် အကြံပြုလိုက်ပါတယ်။




<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com