4/24/2015

♪ First Look: Xiaomi ရဲ့ တန်ဖိုးနည်း စမတ်ဖုန်းအသစ် Mi 4i ♫


တရုတ်အခြေစိုက် Xiaomi ရဲ့ သမိုင်းကြောင်းကတော့ ဂန္ဓဝင်ဆန်လှပါတယ်။ ၅ နှစ်သက်တမ်းသာ ရှိသေးတဲ့ Xiaomi ဟာ လက်ရှိအချိန်မှာ ကမ္ဘာ့ တတိယအကြီးဆုံး စမတ်ဖုန်းထုတ်လုပ်သူအဖြစ် Samsung နဲ့ Apple ရဲ့ နောက်မှာ ရပ်တည်နေပြီး တရုတ်ပြည်တွင်းမှာတော့ နံပါတ် ၁ နေရာကို ရယူထားပါတယ်။ ၂၀၁၄ ခုနှစ်အတွင်းမှာ စမတ်ဖုန်း အလုံးရေ သန်း ၆၀ ရောင်းချနိုင်ခဲ့ပြီး LG ၊ Lenovo ၊ Huawei စတဲ့ ကုမ္ပဏီကြီးတွေကို လျှင်မြန်စွာ ဖြတ်ကျော်သွားနိုင်ခဲ့ပါတယ်

Xiaomi ယခင်က နာမည်ကျော် စမတ်ဖုန်းတွေ၊ အထူးသဖြင့် iPhone များရဲ့ ပုံစံဒီဇိုင်းတွေကို ပုံတူကူးပြီး ဖန်တီးထားတဲ့ တန်ဖိုးနည်း စမတ်ဖုန်း ထုတ်လုပ်သူ အဖြစ်မှသည် Mi 4 ၊ Mi Note နဲ့ Mi Note Pro ကဲ့သို့ လှပသေသပ်ပြီး ဆွဲမက်ဖွယ်ကောင်းသလို စွမ်းဆောင်ရည်လည်း အထူးမြင့်မားတဲ့ ထိပ်တန်းစမတ်ဖုန်းများ ထုတ်လုပ်နေပြီ ဖြစ်ပါတယ်။

Xiaomi ရဲ့ ၅ လက်မအရွယ် Mi 4 စမတ်ဖုန်းဟာ အထူးလူကြိုက်များတဲ့ အဆင့်မြင့် ဟန်းဆက် တစ်လုံး ဖြစ်ပါတယ်။ Premium အဆင့် စမတ်ဖုန်းတစ်လုံး အနေနဲ့ ဖန်တီးထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ဒီ အောင်မြင်မှုကို အခြေခံပြီး (Apple ရဲ့ လမ်းစဉ်ကိုလည်း မှီငြမ်းပြီး) Mi 4i လို့ အမည်ပေးထားတဲ့ စမတ်ဖုန်းကို ယနေ့မှာ Xiaomi က မိတ်ဆက်ပြသ သွားခဲ့ပါတယ်။ Mi 4i မှာပါတဲ့ “i” ဟာ India ကို ကိုယ်စားပြုပြီး မိတ်ဆက်ပွဲကို အိန္ဒိယနိုင်ငံမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

Mi 4 ပေါ်မှာ အခြေခံထားတဲ့ Mi 4i ဟာ အိန္ဒိယဈေးကွက်ရဲ့ ပင်မ Flagship စမတ်ဖုန်းအဖြစ် ရောင်းချ သွားမှာ ဖြစ်ပြီး နိုင်ငံတကာ ဈေးကွက်ထဲသို့လည်း ဖြန့်ချိသွားမယ်လို့ သိရပါတယ်။ အိန္ဒိယအတွက်ပဲဆိုပြီး စိတ်ပျက်ကာ ဆက်မဖတ် မဖြစ်ရလေအောင် ကြိုတင် အသိပေးလိုက်တာ ဖြစ်ပါတယ်။ Mi 4i အကြောင်းကိုတော့ ပုံစံဒီဇိုင်းပိုင်းကနေ စပြီးတော့ ရှင်းပြသွားပါ့မယ်။

Mi 4 နဲ့ Mi 4i တို့ဟာ ပုံစံဒီဇိုင်းပိုင်းမှာ အတော်လေး ဆင်တူပါတယ်။ ဒါပေမယ့် Mi 4i ရဲ့ ကိုယ်ထည်ဟာ တစ်စုတည်း (Unibody) ဖန်တီးထားတဲ့ Polycarbonate ပလတ်စတစ် နဲ့ ပြုလုပ်ထားပါတယ်။ ဒါပေမယ့် iPhone 5C လိုမျိုး အပြောင်သား မဟုတ်ပါဘူး။ နူးညံ့တဲ့ ထိတွေ့မှုရှိတဲ့ ဗြုတ်ထနေတဲ့ Matte အသား ဖြစ်ပါတယ်။ ပလတ်စတစ်ဖုန်းလို့ လုံးဝမထင်ရပါဘူး။ Mi 4i ဟာ အထူ ၇.၈ မီလီမီတာနဲ့ အလေးချိန် ၁၃၀ ဂရမ်ရှိလို့ Mi 4 ထက် ပိုမို ပါးလွှာပြီး ပိုမိုပေါ့ပါးပါတယ်။ အဝါ၊ အပြာ၊ ပန်းရောင်နဲ့ မီးခိုးရောင်များနဲ့ ထုတ်လုပ်ထားပါတယ်။

မျက်နှာပြင် အရွယ်အစားမှာတော့ Mi 4i ဟာ Mi 4 ကဲ့သို့ ၅ လက်မပင်ဖြစ်ပြီး ပုံထွက်နှုန်း 1920 x 1080 pixels (Full HD) ရှိပြီး ပုံထွက်သိပ်သည်းဆ 441 pixels per inch ရှိပါတယ်။ Xiaomi ရဲ့ အဆိုအရ Mi 4i ရဲ့ မျက်နှာပြင် အရွယ်အစားဟာ iPhone 6 ထက် ၁၀ ရာခိုင်နှုန်း ပိုမိုကြီးမားပြီး ကိုယ်ထည်နဲ့ မျက်နှာပြင် အရွယ်အစား အချိုးမှာလည်း Mi 4i ဟာ iPhone 6 ထက် ၇ ရာခိုင်နှုန်း ပိုများတယ်လို့ သိရပါတယ်။

Mi 4i ဟာ အလတ်တန်းစား စမတ်ဖုန်းဖြစ်တာကြောင့် စွမ်းဆောင်ရည် အပိုင်းမှာတော့ Mi 4 ကို ယှဉ်နိုင်စွမ်း မရှိတော့ပါဘူး။ Mi 4i မှာ ဒုတိယမျိုးဆက် 64-bit Octa-core Snapdragon 615 ပရော်ဆက်ဆာနဲ့ Adreno 405 GPU ဂရပ်ဖစ် ပရော်ဆက်ဆာတို့ ထည့်သွင်းပေးထားပါတယ်။ Snapdragon 615 ရဲ့ Octa-core မှာ 1.7 GHz အမြန်နှုန်းရှိတဲ့ ပရော်ဆက်ဆာ ၄ လုံးနဲ့ 1.1 GHz အမြန်နှုန်းရှိတဲ့ ပရော်ဆက်ဆာ ၄ လုံး ထည့်သွင်းပေးထားပြီး စွမ်းဆောင်ရည်ကို လိုအပ်သလို မျှဝေအသုံးပြုသွားမှာ ဖြစ်ပါတယ်။

Mi 4i မှာ Snapdragon 615 ကို သုံးစွဲရတဲ့ အကြောင်းနောက်တစ်ချက်က ထုတ်လုပ်သူ Qualcomm ရဲ့ အိန္ဒိယဌာနခွဲက ဒီပရော်ဆက်ဆာကို တာဝန်ယူ ဖန်တီးထားလို့ပဲ ဖြစ်ပါတယ်။ RAM ကတော့ 2GB ပမာဏရှိပြီး ဖုန်းတွင်း သိုမှီးမှုအတွက် 16 GB ပမာဏ Storage ပါရှိပါတယ်။ microSD ကဒ် ထပ်ဆောင်း ထည့်သွင်းလို့ မရပါဘူး။ Storage ကြီးကြီး လိုချင်သူတွေအတွက် ပြဿနာ ရှိနိုင်ပါတယ်။

Mi 4i ရဲ့ ထူးခြားချက် နောက်တစ်ခုကတော့ ဘက်ထရီပါပဲ။ 3120 mAh ပမာဏရှိလို့ အတော်လေး အသုံးခံမယ့်ပုံ ရှိပါတယ်။ Xiaomi ရဲ့ အဆိုအရ ၅ လက်မအရွယ် စမတ်ဖုန်းတွေထဲမှာ Mi 4i ရဲ့ ဘက်ထရီဟာ စွမ်းရည် အကြီးမားဆုံးပဲလို့ သိရပါတယ်။ Quick Charge စနစ်ကြောင့် ဘက်ထရီ ၄၀ ရာခိုင်နှုန်းကို ၁ နာရီအတွင်း အားသွင်းနိုင်ပြီး ၃ နာရီ အတွင်းမှာ ဘက်ထရီ အားအပြည့် ရရှိနိုင်မယ်လို့ သိရပါတယ်။ သာမန် အသုံးပြုမှု အခြေအနေမှာ Mi 4i ဟာ ၁ ရက်ခွဲခန့် အသုံးခံမယ်လို့ သိရပါတယ်။

ကင်မရာပိုင်းမှာလည်း မဆိုးဘူးလို့ ပြောရပါလိမ့်မယ်။ Mi 4i မှာ Sony ထုတ် 13 MP f/2.0 aperture ကင်မရာ တပ်ဆင်ပေးထားပြီး အလင်းရောင် နည်းပါးတဲ့ နေရာတွေမှာ ကောင်းမွန်စွာ ရိုက်ကူးနိုင်မယ်လို့ သိရပါတယ်။ ရှေ့ဖက် Selfie ကင်မရာကတော့ ၈၀ ဒီဂရီ မြင်ကွင်းကျယ် 5 MP f/1.8 aperture ကင်မရာ ဖြစ်ပါတယ်။ Sunlight Display စနစ်လည်း ပါရှိပြီး နေပူထဲ ဓာတ်ပုံရိုက်တဲ့အခါ ရှင်းလင်းပြတ်သားစွာ မြင်နိုင်ဖို့ ဖုန်းမျက်နှာပြင် အလင်းအမှောင်ကို လိုသလို ထိန်းငြိပေးမှာ ဖြစ်ပါတယ်။

Mi 4i မှာ Android 5.0 Lollipop နဲ့ Xiaomi ရဲ့မူပိုင် MIUI 6.0 Interface တို့ ထည့်သွင်းပေး ထားပါတယ်။ GPS ၊ Bluetooth 4.1 ၊ Wi-Fi 802.11ac စနစ်များပါဝင်ပြီး micro-SIM ကဒ် ၂ ခုထည့်သွင်းနိုင်သလို 2G ၊ 3G ၊ 4G ၊ LTE စနစ်များ အားလုံးနဲ့ တွဲဖက်သုံးစွဲနိုင်ပါလိမ့်မယ်။

ဈေးနှုန်းကတော့ အိန္ဒိယဈေးကွက်မှာ ရူပီး ၁၂၉၉၉ ဖြစ်ပြီး ယနေ့ ငွေလှဲနှုန်းအရ ၂၀၅ ဒေါ်လာခန့် ရှိပါတယ်။





<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com