Google
သည် စမတ်ဖုန်းများအတွက် ကိုယ်ပိုင် ကြိုးမဲ့စနစ် ဝန်ဆောင်မှုကို
မိတ်ဆက်ပေးရန် အသင့် ရှိနေပြီး အမေရိကန်တွင် ဗုဒ္ဓဟူးနေ့၌
မိတ်ဆက်ပေးသွားဖွယ်ရှိကြောင်း Wall Street Journal မှ ဖော်ပြခဲ့ သည်။
အဆိုပါ ဝန်ဆောင်မှုသည် ပြည်တွင်းရှိ ကြိုးမဲ့စနစ် ဝန်ဆောင်မှုပေးနေသော AT&T, Verizon တို့နှင့် ယှဉ်ပြိုင်မည် ဖြစ်ပြီး သုံးစွဲသူများအနေဖြင့် ကွန်ရက်ပေါ်တွင် တစ်လအတွင်း အသုံးပြုသည့် data ပမာဏ အတွက်သာ အခကြေးငွေ ပေးချေရဖွယ်ရှိသည်။
Wall Street Journal မှ ဖော်ပြချက်အရ Google သည် ဝန်ဆောင်မှု အမျိုးအစား နှစ်ခုကို ထောက်ပံ့ပေး ရန် စီစဉ်နေကြောင်း သိရသည်။ သုံးစွဲသူများက Wi-Fi ဖြင့် အသုံးပြုသည့်အခါ ၎င်းတို့၏ ဖုန်းခေါ်ဆိုမှု များနှင့် အခြား data များကို အဆိုပါ ချိတ်ဆက်မှုဖြင့် ပြုလုပ်နိုင်မည် ဖြစ်သည်။
ထိုကဲ့သို့ ဝန်ဆောင်မှု ပေးရန်အတွက် Google က ကိုယ်ပိုင် ကြိုးမဲ့စနစ်ကွန်ရက်ကို တည်ဆောက်ထားခြင်း မဟုတ်ဘဲ အမေရိကန် မိုဘိုင်းဝန်ဆောင်မှု ကုမ္ပဏီများ ဖြစ်သည့် Sprint နှင့် T-Mobile တို့၏ ကွန်ရက် များကို အသုံးပြုထားခြင်း ဖြစ်သည်။ လက်ရှိတွင် အဆိုပါ ဝန်ဆောင်မှုကို Google ၏ နောက်ဆုံးပေါ် စမတ်ဖုန်းဖြစ်သည့် Nexus 6 ဖြင့်သာ အသုံးပြုနိုင်ဖွယ်ရှိသည်။
Ref: CNET

Internet Journal