မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ၎င်းတို့၏ မိုဘိုင်းဖုန်း အသုံးပြုသူများအတွက်
ဖုန်းငွေဖြည့်ကတ်များ ဝယ်ယူဖြည့်သွင်းပါက အပိုထပ်ဆောင်း ထည့်သွင်းပေးမည့်
အစီအစဉ်တစ်ရပ်ကို ယခုလ ၁၂ ရက်တွင် ဝန်ဆောင်မှု ပေးသွားမည်ဖြစ်ကြောင်း
သတင်းရရှိသည်။
ယခုလ ၁၂ ရက် မနက် ၁၂ နာရီ ၁ မိနစ်တိတိမှ ည ၁၁ နာရီ၊ ၅၉ မိနစ်၊ ၅၉ စက္ကန့် အတွင်း ဖုန်းငွေဖြည့် ကတ်များကို ဖြည့်သွင်းသူတိုင်းသည် ထပ်ဆောင်းအပိုဆုဖြင့် မည်သည့်ဖုန်းနံပါတ်ကို မဆို ခေါ်ဆိုနိုင်ခြင်း၊ SMS ပေးပို့နိုင်ခြင်း၊ ပြည်ပနိုင်ငံများသို့ ခေါ်ဆိုခြင်းများကို အသုံးပြုနိုင်မည်ဖြစ်သည်။
သို့သော် အဆိုပါ အပိုဆုများကို Voice, Internet Package,CRBT Ringtone Subscription ဝန်ဆောင်မှု များအတွက် အသုံးပြုနိုင်မည် မဟုတ်ကြောင်း သိရသည်။
MPT ၏ ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဖုန်းငွေဖြည့်ကတ် အပိုထပ်ဆောင်းပေးမည့် အစီအစဉ်တွင် ၁၀၀၀ ကျပ်တန် ငွေဖြည့်ကတ်များ အတွက် ၂၀၀ ကျပ်၊ ၃၀၀၀ ကျပ်တန် ငွေဖြည့်ကတ်များ အတွက် ၆၀၀ ကျပ်၊ ၅၀၀၀ ကျပ်တန် ငွေဖြည့်ကတ် များအတွက် ၁၀၀၀ ကျပ်၊ ၁၀၀၀၀ ကျပ်တန် ငွေဖြည့်ကတ်များအတွက် ၂၀၀၀ ကျပ်၊ ၂၀၀၀၀ ကျပ်တန် ငွေဖြည့်ကတ်များအတွက် ၄၀၀၀ ကျပ်၊ ၃၀၀၀၀ ကျပ်တန် ငွေဖြည့်ကတ် များအတွက် ၆၀၀၀ ကျပ်စီ အပိုရရှိမည်ဖြစ်သည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ မိုဘိုင်းဖုန်းအမျိုးအစားအားလုံးတွင် အကျုံးဝင်မည့် အဆိုပါ ဖုန်းငွေဖြည့်ခြင်း အပိုထပ်ဆောင်း ပေးမည့်အစီအစဉ်သည် ၇ ရက်အတွင်း အသုံးပြုရမည်ဖြစ်သည်။
InternetJournal