လွန်ခဲ့တဲ့နှစ်က စမတ်ဖုန်းတွေအတွက် ဓါတ်ပုံအရည်အသွေးတိုးတက်စေတဲ့
မှန်ဘီလူးတွေကို ထုတ်လုပ်ရောင်းချခဲ့ကြပြီးတဲ့နောက်မှာ Moment ဟာ iPhone 6
ကို အရည်အသွေးမြင့် ကင်မရာ တစ်လုံးဖြစ်သွားဖို့ ရည်ရွယ်ထားတဲ့ Case
အသစ်တစ်ခုနဲ့ တစ်ကြော့ပြန်ဝင်လာပါတယ်။ Moment Case က
ဓါတ်ပုံရိုက်ကူးတဲ့နေရာမှာ သုံးစွဲနေကျဖြစ်တဲ့ DSLR ကင်မရာတွေလို
ရိုက်ကူးနိုင်စေမယ့် Multi-state Shutter
Button တစ်ခုပါဝင်ပြီး Moment ကုမ္ပဏီက ထုတ်လုပ်တဲ့ မှန်ဘီလူးတွေကို
တပ်ဆင်နိုင်ဖို့နဲ့ အလွယ်တကူလဲလှယ်နိုင်ဖို့အတွက်လည်း
အဆင်သင့်ပြုလုပ်ပေးထားပါတယ်။
Moment Case ဟာ iPhone 6 ကို ကင်မရာတစ်လုံးအဖြစ် အသုံးပြုတဲ့အခါမှာ အရည်အသွေးကို ပိုမိုမြှင့်တင်ပေးနိုင်ဖို့ ဖန်တီးထားတဲ့ ပါးလွှာတဲ့ဖုန်းခွံတစ်ခုပါ။ အဖြူနဲ့အနက် နှစ်ရောင်စပ် ဒါမှမဟုတ် အဖြူ၊ အနက် တစ်ရောင်တည်းစီ ရွေးချယ်ဝယ်ယူနိုင်ပြီး Polycarbonate နဲ့ ပြုလုပ်ထားတဲ့ အခွံဟာ အလေးချိန် ၄၆ ဂရမ်ရှိပြီး ကင်မရာခလုတ်တပ်ဆင်ထားတဲ့အောက်ခြေဘက်က သားရေကြိုးတပ်ဆင်ဖို့အတွက် လည်း ပြုလုပ်ပေးထားပါတယ်။
Moment Case အပေါ်ဘက်က မှန်ဘီလူးတပ်ဆင်တဲ့နေရာမှာ Moment ကုမ္ပဏီရဲ့ နာမည်ကျော် မှန်ဘီလူးတွေဖြစ်တဲ့ Wide နဲ့ Telephoto တို့ကို တပ်ဆင်အသုံးပြုနိုင်ပြီး ဖုန်းအခွံမှာ အဆင်သင့်တပ်ဆင် နိုင်ဖို့ ပြုလုပ်ပေးထားတာကြောင့် မှန်ဘီလူးတပ်ဆင်ဖို့အတွက် ဖုန်းရဲ့နောက်ကျောဘက်မှာ သတ္ထုပြားအစ ရှိတဲ့ အခြားပစ္စည်းတွေကို အသုံးပြုနေစရာမလိုတော့ပါဘူး။ မှန်ဘီလူးတပ်ဆင်ဖို့ ပြုလုပ်ပေးထား တဲ့နေရာ ဟာကြံခိုင်တောင့်တင်းမှုရှိတာကြောင့် အသုံးပြုသူတွေအနေနဲ့ နောက်ထပ်ဓါတ်ပုံတွေမရိုက်ကူးသေးပဲ အနားယူနေချိန်မှာ ဖြုတ်ထားစရာမလိုပဲ ဒီအတိုင်း ဆက်လက်တပ်ဆင်ထားလို့ရပြီး အခမဲ့ရရှိနိုင်တဲ့ Moment App နဲ့ တွဲသုံးမယ်ဆိုရင်လည်း သင့်ရဲ့စမတ်ဖုန်းက တပ်ဆင်ထားတဲ့ မှန်ဘီလူးကို အလိုအလျောက်သိရှိမှာ ဖြစ်ပါတယ်။
ဒါပေမယ့် Moment Case ရဲ့ အကြီးမားဆုံး Feature ကတော့ iPhone နဲ့ ဓါတ်ပုံရိုက်ရတာကို သဘောကျသူတွေတောင့်တနေတဲ့ Multi-state Shutter Button ပဲ ဖြစ်နိုင်ပါတယ်။ အဲ့ဒီခလုတ်ကို ဒင်္ဂါးစေ့သဏ္ဍာန်ဘတ္ထရီအ၀ိုင်းပြားနဲ့ လျှပ်စစ်ဓါတ်အားပေးထားပြီး Bluetooh LE နဲ့ ဖုန်းကို ချိတ်ဆက် တာဖြစ်ပါတယ်။ လျင်မြန်ပြီး တုံ့ပြန်မှုအားကောင်းတယ်လို့ ဆိုထားတဲ့ အဲ့ဒီခလုတ်ဟာ သာမန်ဒစ်ဂျစ်တယ် ကင်မရာတွေက Shutter ခလုတ်လိုပဲ အလုပ်လုပ်ပါတယ်။ တစ်ဝက်ဖိထားမယ်ဆို ကင်မရာဆုံချက်ညှိပေး မှာဖြစ်ပြီး အပြည့်ဖိချလိုက်ရင်တော့ ဓါတ်ပုံရိုက်ကူးပေးမှာပါ။ ဆက်တိုက်မလွှတ်တမ်းဖိထားမယ်ဆိုရင်တော့ Burst Mode နဲ့ ဓါတ်ပုံတွေကို အဆက်မပြတ် ရိုက်ယူပေးပါလိမ့်မယ်။
Moment Case ဖုန်းခွံမှာ ဖုန်းကို ကင်မရာလိုပဲ သားရေကြိုးနဲ့ ပတ်ပြီး လည်ပင်းတွေ လက်ကောက် ၀တ်တွေမှာ ချိတ်ထားနိုင်အောင် အလူမီနီယမ်သတ္ထုချောင်းတစ်ခု တပ်ဆင်ပေးထားပါတယ်။ ဒါကြောင့် Moment Case ကို တပ်ဆင်ထားတဲ့ iPhone 6 ပိုင်ရှင်တွေအနေနဲ့ ကင်မရာတစ်လုံးကို သယ်သွားသလိုပဲ သယ်ဆောင်သွားနိုင်ပါတယ်။ ဖုန်းတစ်လုံးကို အမြဲတမ်းလိုလို လည်ပင်းမှာ ချိတ်ပြီး သယ်သွားချင်ကြမှာ မဟုတ်ပေမယ့် ဓါတ်ပုံတွေရိုက်တော့မယ်ဆိုရင်တော့ စတိုင်ကျကျဖြစ်စေဖို့အတွက် Moment Case ဟာ ကောင်းမွန်တဲ့ရွေးချယ်မှုတစ်ခု ဖြစ်ပါလိမ့်မယ်။