Microsoft က Windows 10 ကို မျက်လုံးဖြင့် ထိန်းချုပ်နိုင်တဲ့
နည်းပညာကို ထည့်သွင်းပေးမယ်လို့ ကြေညာလိုက်ပါတယ်။ ဒီလို ပြုလုပ်နိုင်ဖို့
မျက်လုံးလှုပ်ရှားမှုကို အာရုံခံတဲ့ နည်းပညာကို ဖန်တီးနေတဲ့ Tobii နဲ့
Microsoft က ပူးပေါင်းထားပါတယ်။
Windows 10 မှာ မျက်လုံးဖြင့် အိုင်ကွန်များကို Activate ပြုလုပ်ခြင်း၊ ကာဆာကို ရွှေ့ခြင်းများလို အလုပ်များကို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒီနည်းပညာကြောင့် Microsoft ဟာ ပြိုင်ဖက် Apple ထက် အားသာချက် ရှိသွားမှာ ဖြစ်ပါတယ်။
ဒီလို မျက်လုံးဖြင့် Windows 10 ကို ထိန်းချုပ်ဖို့အတွက် စကရင်ကို ကြည့်နေတဲ့ မျက်လုံးကို အာရုံခံပေးမယ့် အထူးဖန်တီးထားတဲ့ ကင်မရာ လိုအပ်ပါတယ်။ Tobii Eye Tracker 4C က Windows 10 မှာ ဒီလို အလုပ်များကို ထောက်ပံ့မယ့် ပထမဆုံး ကင်မရာ ဖြစ်လာမှာပါ။
ဒီနည်းပညာဟာ ကီးဘုတ်၊ မောက်စ်တို့လို အရာများကို အသုံးပြုနိုင်ခြင်း မရှိတဲ့ ကိုယ်လက်အင်္ဂါ မသန်စွမ်းသူများအတွက်လည်း အလွန် အသုံးဝင်လာမှာ ဖြစ်ပါတယ်။ ဒီနည်းပညာဟာ သိပ္ပံရုပ်ရှင်ဇာတ်ကား ဆန်ပေမယ့် ဒီလို နည်းပညာများကို အခြားနယ်ပယ်များမှာ အသုံးပြုနေကြပါပြီ။ ဗီဒီယို ဂိမ်းများမှာလည်း ဒီလို နည်းပညာများကို အသုံးပြုနေကြပါတယ်။ အခုတော့ ကမ္ဘာ့ လူသုံးအများဆုံး Computer Operating System ဖြစ်တဲ့ ၀င်းဒိုးမှာ အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။