8/15/2017

♪ “အကောင်းဆုံး Password Managers” ♫

No automatic alt text available.

လက်ဗွေရာလုံခြုံရေးစနစ်၊ မြင်လွှာလုံခြုံရေးစနစ် စသော အဆင့်မြင့် လုံခြုံရေး စနစ်များပေါ်နေပြီဖြစ်ရာ Password များ သုံးစရာမလိုတော့ဟု ထင်ကောင်းထင်သူတွေရှိနိုင်သည်။ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုခုကို အသုံးပြုရသော အဆိုပါ Biometric လုံခြုံရေးစနစ်တို့မှာ အသုံးပြုသော ခန္ဓာကိုယ်အစိတ်အပိုင်းတွင် ချို့ယွင်းချက်တစ်ခုခုရှိသည်နှင့်တစ်ပြိုင်နက် အဓိပ္ပာယ်ဖော်မှုလွဲမှားနိုင်သည်။ ထိုသို့လွှဲမှားခဲ့လျှင် မိမိအသုံးပြုသော device မှာ သုံးစားမရသည့်ဘဝသို့ရောက်သွားနိုင်သည်။ ထို့ကြောင့် Password များကို ယနေ့ထိပစ်ပယ်၍မရနိုင်သေးခြင်းဖြစ်သည်။ Password က တစ်ခုနှစ်ခုဆိုလျှင် ကိစ္စမရှိ။ တစ်ခုထက်ပိုလာလျှင် ယင်းတို့ကို စီမံခန့်ခွဲမည့် Password Manager များလိုလာပါမည်။ လောလောဆယ်တွင် အသုံးပြုနိုင်မည့် အကောင်းဆုံး Password Manager တို့မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

<Last Pass>

အကောင်းဆုံးအဆင့်တွင်ရှိနေသော Password Manager ဖြစ်သည်။ www.lastpass.com မှ download ဆွဲချပြီး အသုံးပြုနိုင်သည်။ အခြေခံ အဆင့်အတွက် အခမဲ့အသုံးပြုနိုင်ပြီး စွမ်းဆောင်မှုအပြည့်အစုံ ပါဝင်သော premium version မှာ လစဉ်ကြေး (တစ်ဒေါ်လာ)ပေးပြီး အသုံးပြုရ မည်ဖြစ်သည်။ အသုံးပြုသူများလွယ်ကူစေရန် interface ပိုင်းကို အသေ အချာ စဉ်းစားတွေးခေါ်၍ ရေးဆွဲထားပြီး ယင်းတွင်ပါဝင်သော tool များမှာလည်း အခမဲ့ version ဖြစ်စေကာမူ အခြေခံလိုအပ်ချက်များ အတွက် ကောင်းစွာလုံလောက်သည်ကိုတွေ့ရပါသည်။ Browser တွင် အသုံးပြုသော password များကို import လုပ်ခြင်းမှ သည် လုံခြုံစိတ်ချ ရသော password တစ်ခုဖန်တီးပေးခြင်းအထိ စွမ်းဆောင်နိုင်သည်။ အခြားသော password manager များထက် အားသာချက်မှာ password တို့ကို အွန်လိုင်းတွင်သိမ်းဆည်းနိုင်ခြင်းဖြစ်သည်။ ယင်း password တို့ကို PC၊ ဖုန်း၊ တက်ဘလက်များနှင့် အခမဲ့ Sync လုပ်ယူနိုင်ပါသည်။

Last Pass သည် မည်သည့် device မှ password ကိုမဆို ရယူ သုံးစွဲခွင့်ပြု ပါသည်။ ယင်းဝန်ဆောင်မှုကိုလည်း အခမဲ့ ရယူခံစားခွင့်ရှိ သည်။ Last Pass ကို သုံးစွဲမည်ဆိုလျှင် Last Pass Account တစ်ခု ကိုရယူရန်လိုသည်။ ယင်းနောက်တွင် password အားလုံးကို စုခြုံ သိမ်းဆည်းပေးမည့် master password တစ်ခုဖန်တီးပေးရပါမည်။ Last Pass ကို ကွန်ပျူတာတွင် သုံးနိုင်သော Program တစ်ခုအဖြစ် install လုပ်၍ရသလို Chrome (သို့) Firefox Extension အဖြစ်လည်း အသုံးပြုနိုင်သည်။ မိမိ၏ password vault ဆီသို့သွားမည်ဆိုလျှင် www.snipca.com/24793 မှတစ်ဆင့် ဝင်ရပါမည်။ ယင်းနေရာမှနေ၍ မိမိ၏ အီးမေးလိပ်စာနှင့် password ကို ထည့်သွင်းပေးနိုင်သည်။

ထို့ပြင် Android အတွက် app ကို www.snipca.com/24794 မှ လည်းကောင်း iOS အတွက် app ကို www.snipa. com/24795 မှလည်းကောင်း ရယူအသုံးပြုနိုင်သည်။ ယင်း app မှတစ်ဆင့် ဖုန်းနှင့်တက်ဘလက်တို့၏ Password တို့ကို edit လုပ်နိုင်သည်။ Last Pass ၏ အားသာချက်ကိုကြည့်လျှင် ပထမဆုံးအနေဖြင့် Sync လုပ်နိုင်စွမ်းကိုတွေ့ရပါမည်။ ဒုတိယ အနေဖြင့် Chrome, Firefox နှင့်အခြား browser တို့တွင်အသုံးပြုထားသော password တို့ကို အခက်အခဲ အနည်းငယ်မျှဖြင့် import လုပ်ယူနိုင်ခြင်းကိုတွေ့ရပါမည်။ Password Generator သည် အသုံးပြုရလွယ်ပြီး Flexible ဖြစ်သည်ကိုတွေ့ရပါသည်။ Gnerate Secure Password နေရာတွင် ကလစ်နှိပ်ပြီး အသုံးပြုရုံသာဖြစ်ပါသည်။ အွန်လိုင်း Form များကို အလိုအလျောက် ဖြည့်ပေးနိုင်သည့် form fill tool မှာလည်း နှစ်သက် ဖို့ကောင်းပါသည်။ Program မှာ အသုံးပြု၍ အဆင်ပြေပြီး Extension အပိုင်းတွင် အဆင်မပြေမှု အချို့ရှိပါသည်။

<DashLane>

www.dashlane.com မှနေ၍ download ဆွဲချပြီး အသုံးပြုနိုင်ပါသည်။ Basic Version ကို အခမဲ့အသုံးပြုနိုင်ပြီး Premium Version ကို တစ်လလျှင် ၃.၃၃ ဒေါ်လာဖြင့် အသုံးပြုနိုင်ပါသည်။ ဒုတိယအကောင်းဆုံး program ဖြစ်သော်လည်း စွမ်းဆောင်ရည်မှာ Last Pass နှင့်မနီးယိုးစွဲ လိုက်ပါသည်။ ဤ program ထဲတွင် password charger ပါသည်။ လက်ရှိ password များ၏ လုံခြုံမှုအဆင့်ကို အကဲဖြတ်သုံးနိုင်သော Security dashboard လည်းပါသည်။ အွန်လိုင်း form များကို လုံခြုံစွာဖြည့်ပေးနိုင်သော form filling tool လည်းပါသည်။ ထို့ပြင် မှတ်စုများကို encryption လုပ်နိုင်စွမ်းလည်းရှိသည်။ Last pass လုပ်သမျှအရာအားလုံးနီးပါးကိုလုပ်နိုင်သည်ဟုဆိုရပါမည်။

Set up process တွင် Chrome, Firefox နှင့် IE browser တို့မှ password များအား import လုပ်ယူခြင်း ပါဝင်သည်။ File> import password မှတစ်ဆင့် ကလစ်နှိပ်ပြီး ဆောင်ရွက်ရုံသာဖြစ်သည်။ Browser မှ password များသာမက အခြား သော password manager တို့မှ password များကိုလည်း improt လုပ်ယူနိုင်သည်။ Dashlane ကို browser များတွင် Extension အဖြစ် ချိတ်ဆက်ယူခြင်းမှာလည်း အလွန်ရိုးရှင်းလွယ်ကူသည်။ Security dashboard မှာ အထင်ကြီး စရာကောင်း သည့် အရာများထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။ Dashlane home screen ၏ ဝဲဘက်ကော်လံတွင် ရှိသော Security dashboard ကို ကလစ်နှိပ်ပြီး အသုံးပြုနိုင်သည်။ ယင်း dashboard က လက်ရှိ password ၏ လုံခြုံမှုအဆင့်ကို အကဲဖြတ်ပေး မည့်အပြင် လုံခြုံမှုအဆင့် တိုးတက်လာအောင် မည်သို့ပြုလုပ်နိုင်မည်ကိုလည်း အကြံပေးပါမည်။ အသုံးပြုသော password တစ်ခုချင်းစီအတွက် score များကို main screen ၏ အောက်ခြေညာဘက်တွင် ကြည့်နိုင်ပါသည်။

DashLane ၏ အားကောင်းချက်ကိုကြည့်လျှင် ယင်း၏ Password Changer သည် အကြိမ်တိုင်းတွင် မှန်မှန်ကန်ကန် အလုပ်လုပ်ပေးနိုင် ကြောင်း တွေ့ရပါသည်။ သို့သော် ကန့်သတ်ချက်များလည်း ရှိပါသည်။ ယင်း password changer က Facebook နှင့် Amazon တို့၏ password များကို ပြောင်းလဲမပေးနိုင်ပါ။ လက်တွေ့တွင် ယင်း password changer သည် account ၆ မျိုး၏ password များကိုသာ ပြောင်းလဲပေးနိုင်ကြောင်းတွေ့ရပါသည်။ DashLane သည် Android နှင့် iOS device များအတွက် app များကိုလည်း ထုတ်လုပ်ပါသည်။ သို့သော် premium version ကို မသုံးလျှင် ယင်း app တို့သည် PC နှင့် Sync မလုပ်နိုင်ပါ။ ယင်းအားနည်းချက်ကြောင့်ပင်လျှင် dashLane သည် ဒုတိယအဆင့်နှင့် ကျေနပ်ခဲ့ရခြင်းဖြစ်ပါသည်။

<Sticky Password>

www.stickypassword.com မှ download ချ၍ အသုံးပြုနိုင်သည်။ Basic Version ကို အခမဲ့အသုံးပြုနိုင်ပြီး premium version မှာ လစဉ်ကြေး ၂၆ ဒေါ်လာဖြစ်ပါသည်။ အသုံးပြုရသည်မှာ အလွန်လွယ်ကူသော်လည်း Last Pass နှင့် dashLane တို့ကဲ့သို့ ပြည့်စုံသော စွမ်းဆောင်ရည်မပါဝင်ပါ။ Premium Version အသုံးပြုမှ PC၊ ဖုန်းနှင့် တက်ဘလက်တို့အား Sticky Password ၏ Secure Cloud မှတစ်ဆင့် Sync လုပ်နိုင်သော အားနည်းချက်လည်း ရှိပါသည်။ Password များကို import လုပ်ယူခြင်း နှင့် browser extension installation တို့မှာမူ ရှင်းလင်း လွယ်ကူသော instruction တို့ကြောင့် လွယ်ကူစွာလုပ် ဆောင်နိုင်ပါသည်။ Program ကိုမသုံးဘဲ ဆယ်မိနစ်ထားလျှင် Lock ကျသွားခြင်းမှာ နှစ်သက်ဖို့ကောင်း ပါသည်။ ယင်းက Password များကို ပိုမိုလုံခြုံစေပါသည်။

အင်တာနက်ကိုအသုံးပြုပြီး password များကို သိမ်းဆည်းခွင့်ပြုသည့် အပြင် ယင်းတို့ကို PC အတွင်း သိမ်းဆည်းနိုင် စေမည့် Option လည်း ပေးထားပါသည်။ ယင်းကိုသုံးမည်ဆိုလျှင် Sticky password ၏ main menu သို့ဝင်ပြီး အောက်ခြေ ဝဲဖက်ထောင့်တွင်ရှိသော Sync တွင် ကလစ်နှိပ်ရပါမည်။ ပြီးလျှင် Sync-local ကိုရွေးရုံဖြင့် password များကို ကွန်ပျူတာ အတွင်း၌ လွယ်ကူစွာသိမ်းဆည်းနိုင်ပါမည်။ password တစ်ခု ၏ လုံခြုံမှုအဆင့်ကိုအကဲဖြတ်မပေးနိုင်ခြင်းနှင့် auto change tool မပါခြင်းတို့မှာ ဤ program ၏ အားနည်းချက်ဖြစ်ပါသည်။



ဧဧသက်(ဖြိုးဓနဒစ်ဂျစ်တယ်ဓာတ်ပုံ)

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com