အသက် ၂၀ အရွယ် ဗြိတိန် မော်ဒယ် Chloe Ayling ဟာ ဇူလိုင်လ ၁၁ ရက်နေ့မှာ
ဓါတ်ပုံရိုက်ဖို့အတွက် အီတလီသို့ သွားခဲ့ပါတယ်။ သူမဟာ အီတလီ နိုင်ငံ
မီလန်မြို့မှာ Black Death အမည်ရ အဖွဲ့တစ်ခုရဲ့ ပြန်ပေးဆွဲခြင်း ခံခဲ့ရပြီး
ခြောက်ရက်ကြာမှ ပြန်လည် လွတ်မြောက်လာခဲ့တယ်လို့ Supermodel Agency မှ Phil
Green က ပြောပါတယ်။
အီတလီ ရဲများက သူမကို လူနှစ်ယောက်က ဆေးခတ် ဖမ်းဆီးသွားခဲ့ပြီး အွန်လိုင်းမှာ လိင်ကျေးကျွန် အဖြစ် လေလံတင် ရောင်းချဖို့ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။ ရဲများက ပြန်ပေးဆွဲသူများထဲမှ တစ်ယောက်ဖြစ် တယ်လို့ ယူဆရတဲ့ ပိုလန်နိုင်ငံသား Lukasz Herba ကို ပြန်ပေးဆွဲမှုဖြင့် ဖမ်းဆီးခဲ့တယ်လို့ ပြောပါတယ်။ ပြန်ပေးသမားများက သူမကို အွန်လိုင်းမှာ ဒေါ်လာ ၃၀၀ ၀၀၀ ( မြန်မာငွေ သိန်း ၄၀၀၀ ) ဖြင့် ရောင်းဖို့ ကြိုးစားခဲ့ပါတယ်။
ရဲများက မော်ဒယ်ဟာ ဆေးခတ်ခံရပြီး Turin အနောက်မြောက်ဘက် Borgial ရှိ နေအိမ်တစ်လုံးထံသို့ ကားတစ်စီးဖြင့် ခေါ်ဆောင်သွားခံရတယ်လို့ ပြောပါတယ်။ ပြန်ပေးသမားများက သူမကို အိတ်တစ်လုံးထဲ ထည့်၍ ခေါ်ဆောင်သွားခြင်း ဖြစ်ပါတယ်။ အဲဒီ အိမ်ရဲ့ အိပ်ခန်းထဲမှာ သူမကို ခြောက်ရက်ကြာ ထားရှိခဲ့ပြီး နောက်မှ သူမဟာ လွတ်မြောက်လာခြင်း ဖြစ်ပါတယ်။
ပြန်ပေးသမားများဟာ သူမမှာ အသက် နှစ်နှစ်အရွယ် ကလေးငယ် ရှိသေးတယ်ဆိုတာကို သိပြီးနောက်မှာ သူမကို လွှတ်ပေးလိုက်တာလို့ ပြောကြပါတယ်။ အဲဒီ အမှုနဲ့ပတ်သက်ပြီး အီတလီ၊ ပိုလန်နဲ့ ဗြိတိန်တို့မှာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီ ဖြစ်ပါတယ်။