12/04/2016

♪ “Browser သုံး၍ စစ်ဆေးနိုင်သောအရာများ” ♫


Browser ဆိုသည် အွန်လိုင်းစာမျက်နှာသို့ ချိတ်ဆက်ပြီး ၀င်ရောက်ကြည့်ရှုနိုင် သောအရာဟူ၍ လူအများသိထားကြ ပါသည်။ ယခင်ကမူ ထိုအယူအဆ မှန်ကောင်းမှန်ပါလိမ့်မည်။ ယခုအချိန်တွင် Browser တို့၏ စွမ်းဆောင်မှု အရည်အသွေးကို extension များဖြင့် မြှင့်တင်လာကြသည်ဖြစ်ရာ ထို အယူအဆကို အမှန်ဟုမဆိုနိုင်တော့ပါ။ Browser တို့သည် အွန်လိုင်း စာမျက်နှာများသို့ သွားရုံသက်သက်မျှသာ မဟုတ်တော့ဘဲ အင်တာနက်နှင့် ပတ်သက်သည့်ကိစ္စများ ကွန်ပျူတာနှင့်ပတ်သက် သည့် ကိစ္စများကိုလည်း ဆောင်ရွက်လာနိုင်ပါသည်။ Browser သုံး၍ ဆောင်ရွက်နိုင်သောကိစ္စတို့ကို အောက်ပါ အတိုင်း တွေ့ရ ပါမည်။

<အင်တာနက်အမြန်နှုန်းကို စစ်ဆေးခြင်း>

အင်တာနက်အမြန်နှုန်းကို စစ်ဆေးရန်အတွက် ယခင်ကဆိုလျှင် Third party app ၏ အကူအညီကို ယူရသည့်အခါ ယူရသည်။ Website တစ်ခုခု၏ အကူ အညီဖြင့် စစ်ဆေးသည့်အခါ စစ်ဆေးရပါသည်။ ယခုအခါတွင် အင်တာနက် အမြန်နှုန်းကို စစ်ဆေးပေးနိုင်သော Browser extension ကြောင့် လုပ်ရကိုင်ရ ပို၍လွယ်ကူလာပါသည်။ အင်တာနက် အမြန်နှုန်း စစ်ဆေးပေး နိုင်သော extension မှာ Ookla ဟုခေါ်သော Chrome extension ဖြစ်ပါသည်။ ယင်းကို www.bit.ly/speedtest 405 မှ download ဆွဲချပြီး အခမဲ့အသုံးပြုနိုင်သည်။


ယင်း extension ကို install လုပ်ပြီးသည့်အခါတွင် toolbar ပေါ်ရှိ icon နေရာ တွင် ကလစ်ခေါက်ပါ။ ပြီးလျှင် Go To run all usual tests ကို ရွေးချယ်ပါ။ အင်တာနက်ချိတ်ဆက်ထားဖို့ လိုပါမည်။ ထိုအချိန်တွင် Latency ၊ download နှင့် upload speed များကို တိုင်းတာပေးပါမည်။ Pop-up window ၏ အောက်ဖက်တွင် မိမိကြည့်နေသော Webpage ၏ URL (လိပ်စာ) ကို တွေ့ရ ပါမည်။ ယင်း web page အား ဆွဲတင်ရန် ကြာမြင့်သောအချိန်ကို ပြသထား ပါမည်။ ယင်းသတင်းအချက်များကို မမြင်ရ လျှင် refresh button နေရာတွင် ကလစ်နှိပ်ပေးဖို့ လိုပါသည်။

အင်တာနက် အမြန်နှုန်းကို စစ်ဆေးပေးသည့် Ookla speedtest website ကို ယခင်ကပင် လူအတော်များများ နှစ်ခြိုက် ကြပါသည်။ Browser extension အဖြစ် ထွက်လာသည့်အခါ ပိုမိုရိုးရှင်းသော interface နှင့် အလုပ်လုပ်ပုံ မြန်ဆန်ခြင်းကြောင့် ပို၍ပင်နှစ်သက်ကြပါသည်။ ဤ extension ကိုသုံး၍ လုပ်ထားသော speedtest တို့ကို မှတ်တမ်းတင် သိမ်းဆည်းလိုလျှင် extension ၏ Profile icon တွင် ကလစ်နှိပ်ပါ။ မိမိ၏ account ရှိပြီးဖြစ်လျှင် Sign in ကိုရွေးချယ်ပြီး account ထဲ၌ မှတ်တမ်း တင်သိမ်းဆည်းပါ။ Account မရှိသေးလျှင် account အသစ်တစ်ခုပြုလုပ်ပြီး ယင်းအထဲ၌ သိမ်းဆည်းနိုင် ပါသည်။

<Processor နှင့် Memory သုံးစွဲမှုကို စစ်ဆေးခြင်း>

Browser တစ်ခုသည် အရွယ်ကြီးလျှင်ကြီးသလို စွမ်းဆောင်ရည်ပြည့်စုံလျှင် ပြည့်စုံသလို ကွန်ပျူတာ၏ resource များ ကို စားသုံးသည်။ ထို့ကြောင့် ကွန်ပျူတာအပေါ်တွင် ၀န်ထုပ်ဝန်ပိုးဖြစ်စေသည်။ tab အဖွင့် များလျှင်များ သလောက် ကွန်ပျူတာ ပေါ်တွင် ဖိစီးပါသည်။ မည်မျှအထိ ဖိစီးသည်ကို သိလိုလျှင် Shift + Ctrl + Esc ခလုတ်သုံးခုကို တွဲနှိပ်ကာ Windows Task Manager ကိုခေါ်တင်ပြီး ကြည့်ရပါမည်။ ထိုအခါ PC သည် မည်မျှအထိ ရုန်းကန်အလုပ်လုပ်နေသည်ကို တွေ့ရပါမည်။ Task Manager ကပေးသော information မှာ လိုသည်ထက် ပိုနေသည်ဟုထင်လျှင် browser extension များသုံးပြီး ယင်းအလုပ်ကို လုပ်နိုင်ပါသည်။အသုံးပြုနိုင်သော browser extension တစ်ခုမကရှိပြီး ယင်းတို့ကို အသုံးပြုခြင်းဖြင့် ပိုမိုတိကျ၍ သေချာ သော သတင်း အချက်အလက်များကို ကြည့်နိုင်ပါသည်။ ဤကိစ္စအတွက် သင့်တော်သည်မှာ CPU Monitor ဟုခေါ်သော extension ဖြစ်ပါသည်။

ယင်းကို www.bit.ly/cpumon 405 မှ download ဆွဲချပြီး အခမဲ့ အသုံးပြု နိုင်ပါသည်။ ဤ extension ကို install လုပ်ထားပါက Chrome ၏ tool bar ပေါ်တွင် CPU မည်မျှသုံးစွဲထားသည်ကို graph တစ်ခုဖြင့်ပြသပါမည်။ ထို့ကြောင့် CPU ၏ စွမ်းအားအများစုကို browser ကသုံး၏ မသုံး၏ ဆိုသည် ကို အလွယ်တကူ မြင်နိုင်ပါသည်။Mouse cursor ကို ယင်း extension icon ပေါ်တွင် ဖြတ်တင် လိုက်ပါက processor ၏ စွမ်းအားမည်မျှအားရယူ စားသုံး နေသည်ကို ရာခိုင်နှုန်းဖြင့် ပြသပေးပါမည်။ မိမိ၏ ကွန်ပျူတာ မင်မိုရီကိုပါ မည်မျှအထိ စားသုံးနေသနည်းဟု စိုးရိမ်ပူပန်မှု ရှိလျှင် Memory Monitor extension ကိုပါ အသုံးပြုနိုင်သည်။ ယင်းကို chrome browser အဖြစ် www.bit.ly/memory 405 မှ download ချပြီး အသုံးပြုနိုင်သည်။ ထိုအခါ browser ၏ tool bar ပေါ်တွင်မသုံးဘဲ ကျန်သေးသော PC memory ပမာဏ ကို လာ၍ပြသပါမည်။ ယင်း extension icon ပေါ်တွင် Mouse cursor ဖြတ်တင်ခြင်းအားဖြင့် memory ၏ စွမ်းဆောင်နိုင်မှုပမာဏကို အကျဉ်းချုပ် ပြသပေးပါမည်။

<Harddrive ပေါ်မှ ဖိုင်များကို စစ်ဆေးခြင်း>

Browser အား ကွန်ပျူတာ screen အပြည့်သုံးနေခိုက်တွင် harddisk ပေါ်ရှိ ဖိုင်များအား စစ်ဆေးလိုပါက My computer ကို ခေါ်တင်ပြီး Windows explorer မှတစ်ဆင့် စစ်ဆေးရပါမည်။ မိမိဖွင့် ချင်သည့်ဖိုင်ကိုလည်း အဆိုပါ နေရာမှ သွား၍ဖွင့်ရပါသည်။ Browser က PC Screen အပြည့်ယူထားခိုက် တွင် My Computer ကို ခေါ်ချင်ပါက Windows + D မှဖြစ်စေ browser ကို minimize လုပ်ပြီး desktop သို့ သွားရန်ဖြစ်စေ လိုအပ်ပါသည်။ အကယ်၍သာ ထိုသို့လုပ်ရန်မလိုဘဲ browser ပေါ်တွင် harddisk ပေါ်မှ ဖိုင်များရှာဖွေခြင်း၊ ဖွင့်လှစ်ခြင်းတို့ ကို တိုက်ရိုက်ပြုလုပ်နိုင်လျှင် မည်မျှကောင်း လေမည်နည်း။


ယခုအခါ Chrome extension တို့၏ ကျေးဇူးကြောင့် ယင်းအလုပ်တို့ကို browser ပေါ်တွင် တိုက်ရိုက်ပြုလုပ်လာနိုင် ပါသည်။ File directory တစ်ခုကို ခေါ်ကြည့်မည်ဆိုလျှင် browser ၏ address bar ကွက်လပ်တွင် path အား ရိုက်ထည့်ပေးဖို့ သာလိုပါသည်။ ဥပမာ drive C: မှ ဖိုင်များကိုကြည့်လိုသည် ဆိုပါစို့ C://. ဟု ဦးစွာရိုက်ထည့်ပေးဖို့လိုပါသည်။

ယင်းနေရာမှ တစ်ဆင့် ဖိုင်နှင့် folder များကို ကလစ်ခေါက်ပြီး ဖွင့်ကြည့်နိုင် သည်။ နောက်ပြန်ဆုတ်ချင်လျှင် browser ရှိ back button ကို အသုံးပြုနိုင် ပါသည်။Chrome သည် media ဖိုင်အများစုကို ဖွင့်ကြည့်ခွင့်ပြုပါသည်။ ယင်းအထဲတွင် PDF ဖိုင်လည်းပါသည်။ ယင်းဖိုင်တို့ကို browser ထဲတွင် တိုက်ရိုက်ကြည့်ရှုခွင့်ပြုပါသည်။ အခြားသောဖိုင်များကိုမူ download bar နေရာတွင် လာ၍ပြပါမည်။ ယင်းဖိုင် တို့အား downloaded ဖိုင်ဖွင့်ကြည့်သည့် နည်းလမ်းအတိုင်း ဖွင့်ကြည့်နိုင်ပါသည်။ ဤအလုပ်ကို လုပ်ပေးမည့် Chrome extension မှာ Local Explorer ဖြစ်ပါသည်။ Chrome extension အဖြစ် www.bit.ly/local 405 မှ download ဆွဲချပြီး အခမဲ့အသုံးပြုနိုင်ပါသည်။ Windows ၏ default app များကို Chrome browser ထဲတွင် ဖွင့်ကြည့်နိုင် ခြင်းကား ထူးခြားချက် ဖြစ်ပါသည်။ ထိုသို့ပြုလုပ်နိုင်ရန် integration module တစ်ခုကို install လုပ်ရန် လိုအပ်ပါသည်။

ယင်းကို Local Explorer ၏ Option page တွင် install လုပ်ရပါမည်။ Chrome extension setting page (Chrome://extension) ထဲရှိ Allow acess to the URLs စာသားဘေးရှိ လေးထောင့်ကွက်တွင် အမှန်ခြစ်ပေါ်အောင် ဦးစွာ လုပ်ပေးရပါမည်။ Chrome toolbar ပေါ်ရှိ Local Explorer icon ကို ကလစ် ခေါက်ပြီးလျှင် မည်သည့်နေရာကို default folder Location ထားမည်ကို Option page ထဲ၌ ရွေးချယ်နိုင်သည်။ သို့တည်းမဟုတ် icon တွင် ကလစ် နှိပ်သည့်အခါ ဖိုင်များသည် Chrome browser ထဲတွင် လာမပွင့်ဘဲ Windows explorer ဖြင့် ပွင့်စေချင်သည်ဆိုလျှင်လည်း ထိုသို့သတ်မှတ်ချက်ပေး နိုင်ပါ သည်။



ဧဧသက်(ဖြိုးဓနဒစ်ဂျစ်တယ်ဓာတ်ပုံ)

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com