12/03/2016

♪ " တိုးတက်ဖွံ့ဖြိုးလာတဲ့ အွန်လိုင်းပေါ်က ဘာသာစကားသင်ကြားမှု App များ " ♫


ဆောင်းပါးရှင် - မိုးမခ

အိုင်တီလောကကြီးမှာ ဒီကနေ့ အင်တာနက်ကွန်ရက်တွေကို အမျိုးမျိုး အသုံးချနေကြတဲ့ လူပေါင်းတစ်သန်းကျော်လောက်ဟာ ဘာသာရပ်တစ်ခုကို သိရှိနားလည်နိုင်ဖို့ နည်းပညာတွေကို ပြုပြင်ပြောင်းလဲအသုံးချရာမှာ သူတို့အတွက် များစွာအထောက်အကူဖြစ်စေတယ်လို့ ဆိုပါတယ်။
ဒီလိုဖြစ်လာပုံကို လေ့လာစူးစမ်းကြည့်တဲ့အခါ App များကို အခြေခံတဲ့ လေ့လာဆည်းပူးမှုဟာ သူတို့အတွက် များစွာတိုးတက်မှုဖြစ်စေပြီး ဒီ App တွေဟာ သာမန်သမားရိုးကျနည်းလမ်းများထက် ပိုမိုကောင်းမွန်ပြီး လူသိများ ထင်ရှားတဲ့ App တွေကို သုံးလာကြတာ ဖြစ်ပါတယ်။
ကမ္ဘာကျော်လူမှုရေး ဝက်ဘ်ဆိုက်ကြီးဖြစ်တဲ့ ဖေ့စ်ဘွတ်ဟာ ဒီကနေ့ အသုံးပြုနေသူပေါင်း ၁.၆ ဘီလီယံအထိ ရှိနေပြီး ကမ္ဘာ့လူဦးရေရဲ့ လေးပုံတစ်ပုံလောက်ပမာဏကို ယူထားတာဖြစ်ပါတယ်။ ကမ္ဘာ့လူဦးရေဟာ ၇.၂ ဘီလီယံရှိပြီး အင်တာနက်ချိတ်ဆက်သုံးစွဲသူပေါင်းဟာ ၃.၃ ဘီလီယံ ရှိပါတယ်။ ဒါကြောင့် ဖေ့ဘွတ်ဝက်ဘ်ဆိုက်ကြီးကို အသုံးပြုနေသူပေါင်းဟာ အင်တာနက်အသုံးပြုသူတွေရဲ့ ထက်ဝက်ခန့်ရှိနေခြင်းဟာ အံ့သြဖွယ်ရာ ဖြစ်ပါတယ်။
အင်တာနက်ရဲ့ ဘီလူးကြီးတစ်ကောင်လို့ဆိုနိုင်တဲ့ ဂူးဂဲလ်ဟာ တစ်နေ့ကို စူးစမ်းရှာဖွေသူပေါင်း ၄ ဘီလီယံခန့်အတွက် စူးစမ်းမေးမြန်းမှုတွေကို ရှင်းလင်းပြန်ကြားပေးနေတာဖြစ်ပါတယ်။
ဒီကနေ့ မိမိတို့ရဲ့သတင်းအချက်အလက်ခေတ်ကြီးဟာ ဆက်သွယ်မှုလုပ်ငန်းတွေ မြင့်မားတိုးတက်လာတာနဲ့အမျှ တီထွင်ဖန်တီးနိုင်မှု အတိုင်းအတာဟာ စွမ်းရည်တစ်ခုအထိ တိုးတက်မှုမြင့်မားလာမှုသဘောကို ပိုမိုလက်ခံယုံကြည်လာရမယ့် အခြေအနေတစ်ရပ်အထိ ရောက်ရှိလာခဲ့ပြီလို့ ဆိုရမှာဖြစ်ပါတယ်။
၂ဝဝ၃ ခုနှစ်လောက်ကစပြီး သတင်းအချက်အလက်တွေကို ရှာဖွေစူးစမ်းသုံးစွဲလာကြတဲ့ လူဦးရေဟာ နှစ်ရက်ကြာတိုင်း လေးဘီလီယံခန့် အထိ ရောက်ရှိလာခဲ့တာ အတော်ကြာပါပြီ။ ဒီအရေအတွက်ဟာ တချို့သောသူများအဖို့ အမည်အမျိုးမျိုးနဲ့ အသုံးပြုနိုင်တာဖြစ်လို့ မူလအခြေခံထားတဲ့အမည်စာရင်းနဲ့ တခြားဆက်စပ်နိုင်ခြေရှိတဲ့ သတင်းအချက်အလက်တွေပေါ်မှာ အမှီပြုကောက်ယူထားတဲ့ စာရင်းဖြစ်ပါတယ်။ ဒီမျှ ကြီးမားတဲ့ သတင်းအချက်အလက်တွေကို စုဆောင်းဖြန့်ဝေနိုင်ခြင်းဟာ လူသားတွေရဲ့ အသိဥာဏ်ပညာ ဗဟုသုတ အမျိုးမျိုးကို စုဆောင်းသိုလှောင်ထားနိုင်လောက်အောင် ကြီးမားလှတဲ့ ဦးနှောက်ဘဏ်တိုက်ကြီးတစ်ခုကို ပိုင်ဆိုင်ထားတဲ့သဘောဖြစ်ပါတယ်။
ဒီနေရာ ဂူးဂဲလ်နဲ့ ဖေ့ဘွတ်တို့ရဲ့ လုပ်ဆောင်ချက်တွေဟာ ဘယ်လောက်မြန်သလဲဆိုရင် လူသားတို့ရဲ့ အသက်ရှုနှုန်းတမျှ မြန်ဆန်တဲ့နှုန်းထားနဲ့ လူတွေရဲ့လိုအပ်ချက်မှန်သမျှ၊ အမည်နာမအမျိုးမျိုး သတင်းအချက်အလက် လက်ခံပိုင်ဆိုင်ထားမှုနဲ့ သုံးစွဲသူတွေအချင်းချင်း အပြန်အလှန်ဆက်သွယ်ဆက်ဆံမှုတွေကို ဝက်ဘ်ဆိုက်ကြီးနှစ်ခုက ဆောင်ရွက်လုပ်ကိုင်ပေးနေရတာဖြစ်ပါတယ်။
ဒီလိုဆောင်ရွက်လုပ်ကိုင်ပေးနေရခြင်းဟာ အောင်မြင်မှုအတွက် အခြေခံလုပ်ထုံးလုပ်နည်းတစ်ခုဖြစ်ကြောင်း ဝက်ဘ်ဆိုက်ကြီးနှစ်ခုက ဆိုပါတယ်။ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ခြင်းနဲ့ ဝန်ဆောင်မှုထုတ်လုပ်မှုကို ကောင်းစွာစီစဉ်ကြပ်မတ်နိုင်ခြင်းဟာ အရေးပါတဲ့အချက်များပဲ ဖြစ်ပါတယ်။ ဒီလိုလုပ်နိုင်မှလည်း ဒီလိုကွန်ရက်ဆက်သွယ်မှုလုပ်ငန်းကြီးဟာ ကမ္ဘာ့အဆင့်အတန်းကို လက်လှမ်းမှီနိုင်မှာဖြစ်ကြောင်း။
ဝက်ဘ်ဆိုက်ကြီးတွေဟာ မိမိတို့ရဲ့လိုအပ်ချက်တွေကို ကောင်းစွာ သုံးသပ်မှန်းဆနိုင်စွမ်းရှိဖို့ လိုပါတယ်။ လူအများရဲ့ ရည်မှန်းချက်အာသီသတွေကို သိအောင်ကြိုးစားပြီး ထောင်ပေါင်းများစွာရှိနေတဲ့ သုံးစွဲသူတွေရဲ့ ယေဘုယျလိုအပ်ချက်တွေကို ကောင်းစွာပညာပေးဖြန့်ဝေနိုင်ခြင်းဖြင့် သူတို့လိုအပ်ဆန္ဒများနဲ့ ပြည့်စုံလာအောင် ဝက်ဘ်ဆိုက်ကြီးတွေအနေနဲ့ ကြိုးပမ်းနေကြတာ ဖြစ်ပါတယ်။
၂ဝဝ၇ ခုနှစ်လောက်မှာ Babbel ကုမ္ပဏီရဲ့ ဘာသာစကားကျွမ်းကျင်သူတွေဟာ ဘာသာစကားဆိုင်ရာ လေ့လာဆည်းပူးနေသူတွေအတွက် ပိုမိုလွယ်ကူပြီး ထိရောက်မှုရှိတဲ့နည်းလမ်းတွေနဲ့ လူတိုင်းအတွက် လက်ခံနိုင်လောက်တဲ့ ပို့ချနည်းတွေကို အသုံးပြုခဲ့တာဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ကိုးနှစ်လောက်အတွင်းမှာ ဘာသာစကားပေါင်း လေးရာကျော်ကို ဝက်ဘ်ဆိုက်ကြီးလေးခုက ဦးဆောင်ပြီး သင်ကြားပို့ချမှု အများအပြားကို အရှိန်အဟုန်မြင့် လုပ်ကိုင်လာကြတာ ဖြစ်ပါတယ်။ ဒီလိုလုပ်ကိုင်ရာမှာ ဘာသာစကားပေါင်း များစွာကျွမ်းကျင်တဲ့ပညာရှင်တွေ၊ သင်တန်းဆရာတွေ၊ ဘာသာစကားအမျိုးမျိုးကို ပေါင်းစပ်စီစဉ်သူတွေ စတဲ့ ကျွမ်းကျင်မှုဆိုင်ရာ ပုဂ္ဂိုလ်ပေါင်းများစွာပါဝင်ပြီး သင်ရိုးညွှန်းတမ်းတွေ သင်ကြားမှုနည်းလမ်းတွေကို စုစည်းပေါင်းစပ် ဖန်တီးလုပ်ကိုင်ကြတာ ဖြစ်ပါတယ်။
အင်တာနက်ကွန်ရက်ကြီးပေါ်ကနေ ဘာသာစကားမျိုးစုံကို လေ့လာလိုသူများအတွက် သင်ကြားရလွယ်ကူအောင် သင်တန်းလမ်းညွှန်တွေ၊ သင်ရိုးတွေကို စုစည်းဖန်တီးရာမှာ အခြေခံအကျဆုံး ကွဲပြားခြားနားမှုရှိနေတဲ့ အဓိကနိုင်ငံ ၇ နိုင်ငံမှ ဘာသာစကားမျိုးရင်းတွေအပေါ်မှာ အခြေခံပြီး နိုင်ငံပေါင်း ၁၄ နိုင်ငံမှ ဘာသာစကား ၁၄ မျိုးကို လေ့လာဆည်းပူးသူတွေအတွက် သင်ရိုးများအဖြစ် ဖန်တီးထုတ်လုပ်တာဖြစ်ပါတယ်။ ဒီဘာသာစကားတွေဟာ ကမ္ဘာပေါ်က နိုင်ငံပေါင်း ၉၈ နိုင်ငံက ဘာသာစကားလေ့လာလိုသူတွေအတွက် လက်လှမ်းမီနိုင်လောက်တဲ့ စီစဉ်ဖန်တီး တီထွင်ထုတ်လုပ်ရေးဆွဲထားတဲ့ ဘာသာစကားသင်ရိုးများ ဖြစ်ပါတယ်။
Babbel ဟာ မိမိတို့ကြိုက်နှစ်သက်ရာဘာသာစကားကို ရွေးချယ်သင်ယူဖို့ ဖန်တီးပေးထားတဲ့အတွက် လူတစ်သန်းကျော်ဟာ ဒီဘာသာစကား သင်တန်းတွေမှာ နေ့စဉ်သင်ကြားပို့ချနေသလို နေ့စဉ်နဲ့အမျှ ဘာသာစကား သင်တန်းသားတွေဟာလည်း တိုးတက်များပြားလာတာဖြစ်ပါတယ်။ Babbel ရဲ့ Apps တွေဟာ တဖြည်းဖြည်းလူသိများလာသလို ဒီလိုဘာသာစကားတွေကို အွန်လိုင်းပေါ်ကနေ သင်ကြားဖို့ ဆွဲဆောင်ထားတဲ့ အကြောင်းငါးရပ်ဟာ အခုလို ဖြစ်ပါတယ်။
ပထမအကြောင်းကတော့ ဂျာမနီနိုင်ငံ ဘာလင်မြို့နားက ခရုဇ်ဘတ်မြို့မှာ ဘာသာစကားကျွမ်းကျင်တဲ့လူတွေ စုဝေးမိခြင်းပဲ ဖြစ်ပါတယ်။ ဒီပုဂ္ဂိုလ်တွေဟာ ဘာသာစကားပေါင်း ၉၈ မျိုးကို ပေါင်းစပ်စုစည်းရာမှာ အလွန်ကျွမ်းကျင်စွာလုပ်ကိုင်နိုင်တဲ့ ဘာသာစကားပညာရှင်တွေဖြစ်ပါတယ်။ ဥပမာ အီတလီဘာသာစကားကျွမ်းကျင်သူတစ်ဦးဟာ အင်ဒိုနီးရှားသင်တန်းသားတစ်ဦး လေ့လာသင်ယူနိုင်မယ် သင်ရိုးဒီဇိုင်းကို ရေးဆွဲနိုင်စွမ်းရှိတာ ဖြစ်ပါတယ်။ ထို့အတူပင် ဂရပ်ဖစ်ဒီဇိုင်နာတစ်ဦးဟာ ဘာသာရပ် ၇ မျိုးလောက်ကို ဒေသရဲ့ သွင်ပြင်လက္ခဏာတွေ ပေါ်လွင်အောင် ရေးဆွဲထုတ်လုပ်နိုင်စွမ်း ရှိပါတယ်။ ဒါဟာ ကျွမ်းကျင်သူများကိုစုစည်းပြီး နိုင်ငံတကာယဉ်ကျေးမှုပေါင်းစုံကို ရောမွှေတီထွင်ဆန်းသစ်ထားတဲ့ အင်တာနက်ဘာသာစကားဆိုင်ရာ သင်ကြားမှု အရည်အသွေးသစ်တွေကို ခေတ်မီကွန်ရက်စနစ်နဲ့ ပေါင်းစပ်ထွက်ပေါ်လာတဲ့နည်းပညာတစ်မျိုးလို့ဆိုရင်လည်း ရနိုင်မှာဖြစ်ပါတယ်။
ဒုတိယအကြောင်းကတော့ ထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှုသဘောပဲဖြစ်ပါတယ်။ Apps တွေကို အခြေခံထားတဲ့ လေ့လာဆည်းပူးသူတွေအတွက် ခေတ်နဲ့အမီ အပြိုင်အဆိုင်သင်ကြားရယူနိုင်မယ့် စမတ်ဖုန်းအမျိုးမျိုးတွေကိုကိုင်ဆောင်ပြီး အင်ပြည့်အားပြည့်နဲ့ ဘာသာစကား ဝင်္ကပါကြီးထဲကို လှည့်လည်ရှာဖွေသွားလာရင်း မိမိတို့လိုရာ ဘာသာစကား Apps တွေကို တစ်နေကုန်ရွေးချယ်လေ့လာနိုင်အောင် Babbel က စီစဉ်ပေးထားတာ ဖြစ်ပါတယ်။ အွန်လိုင်းပေါ်ကနေ ထုတ်လုပ်နေတဲ့ ဘာသာစကား Apps တွေပါ နောက်ဆုံးကာလအခြေအနေတွေအထိ ပြည့်စုံအောင်ပါဝင်နေပြီး ထုတ်လုပ်မှုနဲ့ဝန်ဆောင်မှုကို ဟန်ချက်ညီအောင် ပေါင်းစည်းပေးထားတာ ဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်ရာမှာ တစ်ခါတစ်ရံမှာတော့ အခက်အခဲ အနည်းငယ်ရှိနေတတ်ပြီး ဂျာမန်လို ပြင်သစ်လို ဘာသာစကားတွေရဲ့ အသံထွက်ဟာ တစ်ဦးနဲ့တစ်ဦး ကွဲပြားခြားနားမှု ရှိတတ်တာ ဖြစ်ပါတယ်။ ဒီလိုအခက်အခဲဖြစ်ပြီး ရှုပ်ထွေးနေတဲ့ အခြေအနေတွေကို Babbel ဟာ ကောင်းစွာဖြေရှင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။
တတိယအကြောင်းကတော့ ဘာသာစကား လေ့လာဆည်းပူးသူတွေရဲ့ ကဏ္ဍဖြစ်ပြီး သူတို့ရဲ့ ဘာသာစကား လေ့လာဆည်းပူးမှုဟာ ထူးခြားတဲ့အကြောင်း အမျိုးမျိုးရှိကြပါတယ်။ တချို့ကလည်း မိမိရဲ့ မူလဘာသာစကားကို ပြောဆိုနိုင်စွမ်းမရှိဘဲ အခြားဘာသာစကားများကိုသာ ပြောဆိုတတ်တဲ့အတွက် မူလဘာသာစကားကို Babbel ကနေတစ်ဆင့် ပြန်လည်သင်ယူနေရတာဖြစ်ပါတယ်
ဒီလိုလူတွေဟာ မိမိနေရင်းနိုင်ငံကနေ တခြားသောတိုင်းပြည်တွေကို အကြောင်းအမျိုးမျိုးနဲ့ ရောက်ရှိသွားကြပြီး ပြင်ပဘာသာစကားများနဲ့သာ ရင်းနှီးကျွမ်းဝင်သွားကြတဲ့အတွက် မိမိတို့ရဲ့မူရင်းဘာသာစကားကို အင်တာနက်အွန်လိုင်းပေါ်မှာ ပြန်လည်သင်ကြားရယူနေသူတွေ ဖြစ်ပါတယ်။ တချို့သောဘာသာစကား သင်ကြားသူတွေကတော့ ပြည်ပကို ခရီးထွက်တဲ့အခါ အဆင်ပြေအောင် သင်ကြားကြတာမျိုးလည်း ရှိပါတယ်။ တချို့ကလည်း ဘာသာစကား သင်ကြားရာမှာ တတ်မြောက်လွယ်တဲ့အတွက် အချင်းချင်းစိန်ခေါ်ပြိုင်ဆိုင်မှုတွေလည်း လုပ်တတ်ကြပါတယ်။ ဒါဟာ Babbel အနေ ဘာသာစကား သင်ကြားသူများကို ဆွဲဆောင်စည်းရုံးထားနိုင်တဲ့ ရလဒ်တစ်ခုလည်း ဖြစ်ပါတယ်။
နောက်ထပ် အကြောင်းတရားတစ်ခုကတော့ Babbel ရဲ့ မဂ္ဂဇင်းထုတ် ဝေမှုဖြစ်ပြီး ဒီမဂ္ဂဇင်းမှာ ဘာသာစကားသင်ကြားသူတွေ စိတ်ဝင်စားမယ့် ဖျော်ဖြေတင်ဆက်မှု အစီအစဉ်တွေ၊ ပညာပေးဆောင်းပါးတွေ အနုပညာ လုပ်ငန်းများနဲ့ ဗီဒီယိုခွေတွေ စတဲ့ ဘာသာစကားအလိုက် အကြောင်းအရာနဲ့ ခေါင်းစဉ်များပေးထားပြီး နှစ်သက်ရာဘာသာစကားကို ရွေးချယ်လေ့လာနိုင်တာဖြစ်ပါတယ်။ Babbel ဘာသာစကားပညာရှင် ၁၃ ဦးက ဘာသာစကားပေါင်း ၆ မျိုးနဲ့ မဂ္ဂဇင်းမှာ ရေးသားဖော်ပြထားတာ ဖြစ်ပါတယ်။ 

နောက်ဆုံးဖော်ပြလိုတဲ့ အကြောင်းကတော့ အွန်လိုင်းပေါ်ကနေ ဘာသာစကား သင်ကြားမှုကဲ့သို့သော ပညာပေးအစီအစဉ်တွေကို ယခုထက် ပိုမိုခေတ်မီတိုးတက်လာအောင် ပြုပြင်လုပ်ဆောင်ရမှာဖြစ်ကြောင်း Babbel က ရည်မှန်းထားပါတယ်။ ဒီကနေ့ခေတ်ဟာ AI တွေ VR တွေ စုတဲ့ သိပ္ပံပညာရဲ့ စိတ်ကူးယဉ်မှုတွေဟာ လက်တွေ့ကျကျ အကောင်အထည် ပေါ်လာနေပြီဖြစ်လို့ အသိပညာပေးမှုဆိုင်ရာ နည်းပညာတွေကိုလည်း တိုးချဲ့လုပ်ဆောင်ကြဖို့ တိုက်တွန်းလှုံ့ဆော်မှုတွေ ပေါ်ပေါက်လာကြပြီ ဖြစ်ပါတယ်။
ဒါကြောင့်လည်း Babbel အနေနဲ့ သတင်းအချက်အလက်ခေတ်ကြီးထဲမှာ ဘာသာစကားသင်ကြားမှုကို ခေတ်မီမိုဘိုင်းပစ္စည်းတွေနဲ့ အံဝင်ခွင်ကျဖြစ်အောင်နဲ့ ပိုမိုတိုးတက်ခေတ်မီတဲ့ Autodidactic နည်းလမ်းများကို အသုံးပြုပြီး ရှေ့အနာဂတ်မှာ ဘာသာစကားသင်ကြားမှုကို ပိုမိုကျယ်ပြန့်စွာ ချဲ့ထွင်လုပ်ဆောင်လာဖွယ်ရာရှိကြောင်း တင်ပြလိုက်ရပါတယ်။



NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com