၂၀၁၆ ခုနှစ်မှာ ပေါက်ခဲ့တဲ့ ဖုန်းတွေ ရှိသလို မအောင်မြင်ခဲ့တဲ့ ဖုန်းတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။ အခုအချိန်မှာ ဖုန်းဝယ်မယ့် သူများအတွက် စဉ်းစားစရာတစ်ခုက ၂၀၁၆ ခုနှစ်ထုတ် အကောင်းဆုံး Android Phone ကို ၀ယ်သင့်သလား။ ဒါမှမဟုတ် ၂၀၁၇ ခုနှစ်မှာ ထွက်မယ့် ဖုန်းကို ၀ယ်သင့်သလား ဆိုတာပါ။ အဲဒီလို စဉ်းစားနေသူများအတွက် လာမယ့်နှစ်မှာ ထွက်မယ့် အကောင်းစား Android Phone များကို ဖော်ပြပေးလိုက်ပါတယ်။
Samsung Galaxy Note 7 ဟာ ထွက်ရှိချိန်မှာ မှတ်ချက်ကောင်းများစွာ ရရှိခဲ့ပေမယ့် ဘက်ထရီ မီးလောင်ကျွမ်းမှုကြောင့် ရောင်းချမှုကို ရပ်နားလိုက်ရပါတယ်။ Samsung က လာမယ့်နှစ် ပထမနှစ်ဝက်မှာ မိတ်ဆက်မယ့် Galaxy S8 နဲ့ ဖောက်သည်တွေရဲ့ ယုံကြည်မှုကို ပြန်လည် ရရှိအောင် ကြိုးစားနေပါတယ်။ S8 ကို ဖေဖော်ဝါရီလမှာ ကျင်းပမယ့် Mobile World Congress မှာ မိတ်ဆက်ဖို့ အစောပိုင်း သတင်းများအရ သိရပါတယ်။ ဒါပေမယ့် အခုတော့ မိတ်ဆက်မယ့် အချိန်ကို နောက်ဆုတ်ထားနိုင်ပါတယ်။
S8 မှာ Samsung ရဲ့ နောက်ဆုံးထုတ် Super AMOLED Display ကိုပဲ တပ်ဆင်ထားမှာပါ။ ဒါပေမယ့် လာမယ့်နှစ်မှာ မျက်နှာပြင်ပြားများအစား Edge လို မျက်နှာပြင်ကွေးများကို Samsung က သူ့ရဲ့ ဖုန်းများမှာ သုံးနိုင်ပါတယ်။ မျက်နှာပြင်ကွေး ဖုန်းများဟာ ရောင်းအားကောင်းနေတဲ့ အတွက် ဖြစ်ပါတယ်။ Resolution ကိုတော့ မသိရသေးပေမယ့် Samsung က Virtual Reality ကို စိတ်ဝင်စားနေတဲ့အတွက် 4K ကို အဆင့်မြှင့်ပေးနိုင်ပါတယ်။
S8 မှာ နောက်မျိုးဆက် Snapdragon 835 ARM Chip နဲ့ USB Type-C Port တို့ တပ်ဆင်ထားနိုင်ပါတယ်။ S7 မှ Iris Scanner လည်း ပါလာမှာပါ။ 3.5mm Headphone Jack ကို ဖယ်ရှားထားမယ်လို့ သတင်းထွက်နေပါတယ်။ Android Nougat ကို Samsung TouchWiz Interface နဲ့ ပေါင်းစပ်ထားမှာပါ။
OnePlus 4
OnePlus 3 နဲ့ 3T ဟာ ဈေးနှုန်း အလွန် သက်သာတဲ့ စွမ်းရည်မြင့် ဖုန်းတွေ ဖြစ်ပါတယ်။ အဲဒီအတွက် လာမယ့်နှစ်မှာ ထုတ်လုပ်မယ့် OnePlus 4 ဟာ စိတ်ဝင်စားစရာ ကောင်းနေပါတယ်။ OnePlus က သူ့မူအတိုင်းသာ လုပ်မယ်ဆိုရင် လာမယ့်နှစ် ဇွန် သို့မဟုတ် ဇူလိုင်မှာ OnePlus 4 ကို မိတ်ဆက်မှာပါ။ နောက်ဆုံးထုတ် Qualcomm Snapdragon Chip ထည့်သွင်းထားမှာ ဖြစ်ပြီး ဖြစ်နိုင်တာက Snapdragon 835 ပါ။ 6-8GB RAM, 64-128GB Internal Storage များ တပ်ဆင်ထားနိုင်ပါတယ်။ အခြေခံ မော်ဒယ်ကို ဒေါ်လာ ၄၀၀ ခန့်ဖြင့် ရောင်းနိုင်ပါတယ်။
Nokia D1C
Nokia က ဖင်လန် ကုမ္ပဏီ HMD နဲ့ ပူးပေါင်းပြီး Android Phone ထုတ်လုပ်ဖို့ ကြိုးစားနေပါတယ်။ လာမယ့်နှစ်မှာ ပထမဆုံး ဖုန်းကို မိတ်ဆက်မှာပါ။ Nokia ထုတ်မယ့် Android Phone ကို Nokia D1C လို့ အမည်ပေးထားပြီး မော်ဒယ် ၂ ခု ထုတ်လုပ်ပေးထားပါတယ်။ ၅ လက်မ Full HD Display , 2GB RAM, 13MP Camera, Snapdragon 430 ARM Chip တပ်ဆင်ထားတဲ့ မော်ဒယ်နဲ့ ၅.၅ လက်မ Full HD Display , 3GB RAM , 16MP Camera , Snapdragon 430 ARM Chip တပ်ဆင်ထားတဲ့ မော်ဒယ်တို့ ဖြစ်ပါတယ်။
စွမ်းဆောင်ရည်သင့် ဖုန်းတွေ ဖြစ်တဲ့အတွက် ဈေးအရမ်းကြီးမှာ မဟုတ်ပါဘူး။ လာမယ့်နှစ် ပထမနှစ်ဝက်မှာ မိတ်ဆက်မှာပါ။ MWC မှာ မိတ်ဆက်ကောင်း မိတ်ဆက်နိုင်ပါတယ်။
LG G6
LG G5 ဟာ မအောင်မြင်ခဲ့တဲ့အတွက် LG က G6 ကို လုံးဝ ဒီဇိုင်းပြောင်းမယ်လို့ သတင်းထွက်နေပါတယ်။ G5 ရဲ့ Module များကို G6 မှာ ရပ်နားမှာပါ။ G6 ဟာ Specification အပိုင်းမှာ Galaxy S8 နဲ့ ဆင်တူမှာပါ။ G6 မှာ ဖြုတ် ၊ တပ်နိုင်တဲ့ ဘက်ထရီပါမှာပါ။ မြင်ကွင်းကျယ် ကင်မရာလည်း တပ်ဆင်ထားမှာပါ။ ရေစိုခံခြင်းနဲ့ အလူမီနီယမ် ကိုယ်ထည်တို့လို Build Quality တိုးတက်အောင် LG က ကြိုးစားနေတယ်လို့ သတင်းထွက်နေပါတယ်။ LCD ကနေ OLED ကို အဆင့်မြှင့်နိုင်တဲ့အတွက် Google Daydream VR ကို ခံစားနိုင်မှာပါ။ G6 ကို ဖေဖော်ဝါရီလမှာ ကျင်းပမယ့် MWC မှာ မိတ်ဆက်မယ်လို့ ထင်ရပါတယ်။ မိတ်ဆက်ပြီး နောက် တစ်လ ၊ နှစ်လကြာမှာ ရောင်းချမှာပါ။
HTC Ocean
HTC က လာမယ့်နှစ်မှာ စွမ်းဆောင်ရည်မြင့် ဖုန်းတစ်လုံး မိတ်ဆက်မှာပါ။ လျှို့ဝှက်အမည်မှာ Ocean ဖြစ်ပြီး HTC 11 ဖြစ်လာနိုင်ပါတယ်။ Ocean မှာ Physical Buttons များ မပါဘဲ ထိတွေ့မှု၊ ပွတ်ဆွဲမှုနဲ့ အသံတို့ဖြင့် အဓိက အသုံးပြုရမှာပါ။ ဖုန်းရဲ့ ထောင့်စွန်းတွေက ထိတွေ့မှုကို အာရုံခံနိုင်ပြီး အသံ၊ ကင်မရာ Zoom တို့ကို ထိန်းချုပ်နိုင်ပါတယ်။ Snapdragon 835, 4GB RAM တို့လို လာမယ့်နှစ်ထုတ် စွမ်းဆောင်ရည်မြင့် ဖုန်းများမှာ ထည့်သွင်းမယ့် Specification များပဲ ပါလာမှာပါ။
www.pyaephyo.com