6/08/2016

♪ ပိုမြန်တာထက် ပိုမြန်တယ်ဆိုတဲ့ Vivo V3 Max ဖုန်း Review ♫


Vivo V3 Max ဖုန်းကို လွန်ခဲ့တဲ့ ဧပြီလတုန်းက စတင်မိတ်ဆက်ခဲ့တာဖြစ်ပြီး၊ မြန်မာနိုင်ငံကိုတော့ လွန်ခဲ့တဲ့ မေလက စတင်ရောက်ရှိခဲ့တာဖြစ်ပါတယ်။

ပိုမြန်တာထက် ပိုမြန်တယ်ဆိုတဲ့ ကြော်ငြာနဲ့အတူ မြန်မာနိုင်ငံဈေးကွက်ထဲ ထိုးဖောက်လာတဲ့ Vivo V3 Max ဖုန်းအကြောင်း အသေးစိတ်သိချင်ပြီး၊ ၀ယ်ယူသင့်/မသင့် စဉ်းစားနေသူတွေအတွက် အထောက်အကူဖြစ်အောင် အပြည့်အစုံတင်ဆက်ပေးလိုက်ပါတယ်။
Vivo V3 Max ဖုန်းဟာ တန်ဖိုးကြီးဖုန်းတွေရဲ့ စွမ်းဆောင်ရည်၊ ဒီဇိုင်းမျိုးကို တန်ဖိုးအလယ်အလတ်လောက်နဲ့ ရရှိနိုင်အောင် ထုတ်လုပ်ထားတဲ့ “super mid-range” အမျိုးအစားဖုန်းတစ်မျိုးဖြစ်ပြီး၊ ဈေးနှုန်းအားဖြင့် မြန်မာငွေ ၄၁၈၀၀၀ ကျပ်ရှိပါတယ်။

ဖုန်းဒီဇိုင်း

ဖုန်းဒီဇိုင်းကနေ စပြောရမယ်ဆိုရင် Vivo V3 Max ဖုန်းဟာ တစ်ချက်ကြည့်လိုက်ရုံနဲ့ iPhone နဲ့ တော်တော်ဆင်တယ်ဆိုတာကို သတိထားမိမှာပါ။ ဖုန်းကိုယ်ထည်ကို အလူမီနီယမ်သတ္တုနဲ့ ပြုလုပ်ထားပြီး၊ ဖုန်းဘေးဘက်အစွန်းတွေကို ဂရုတစိုက်ကွေးထားတာတွေ့ရပါတယ်။ ဖုန်းကိုယ်ထည်ကတော့ ကိုင်ဆောင်ရတာ ချောမွေ့ပြေပြစ်မှုရှိပြီး၊ တကယ့် flagship ဖုန်းတစ်လုံး ကိုင်ထားရသလို ခံစားမိမှာပါ။ အရောင်ကတော့ ရွှေရောင် (rose gold) နဲ့ ငွေရောင်ဆိုပြီး နှစ်မျိုးရရှိမှာပါ။
vivo-V3Max-5-1200x800
ဖုန်းရဲ့ အရှေ့ဘက်က မျက်နှာပြင်မှာ capacitive touch ခလုတ်သုံးခုပါရှိပြီး၊ ခလုတ်အောက်မှာ မီးလင်းနေတာ မျိုး မရှိတဲ့အတွက် အမှောင်ထုထဲသုံးတဲ့အခါမျိုးမှာ နည်းနည်းအခက်တွေ့နိုင်ပါတယ်။ ပထမခလုတ်ကို general menu ခလုတ်အဖြစ် အသုံးပြုထားပြီး၊ multitasking menu အနေနဲ့ မသုံးထားတာကတော့ Vivo ဖုန်းကို ပထမဆုံးစကိုင်သူဆိုရင် အနည်းငယ်ကြောင်တောင်တောင်ဖြစ်နေမှာပါ။
ဒီဇိုင်းပိုင်းကတော့ iPhone နဲ့ ဆင်နေတာကလွဲရင် တော်တော်လေးကို မိုက်ပြီး၊ စမတ်ကျကျကိုင်နိုင်မယ့်ဖုန်းဖြစ်ပါတယ်။

ဖုန်းမျက်နှာပြင်

vivo-V3Max-1-1200x800
Vivo V3 Max ဖုန်းမှာ ၅.၅ လက်မအရွယ် fullHD (1920×1080 pixels) မျက်နှာပြင်ပါရှိပြီး၊ အရောင်ပြတ်သားမှုကတော့ တော်တော်လေးကောင်းတာတွေ့ရပါတယ်။ နေရောင်ထဲမှာ သုံးမယ်ဆိုရင်တော့ မျက်နှာပြင်က စာတွေမြင်ရဖို့ အနည်းငယ်အခက်တွေ့နေတတ်ပါတယ်။ Xiaomi Mi 5 နဲ့ Meizu M2 Note ဖုန်းတွေရဲ့ display ကိုတော့ မမီသေးပါဘူး။ မှန်သားဟာ မှန်ဆိုတဲ့ထိတွေ့မှုထက် ပလတ်စတစ်ဆန်ဆန် ပိုခံစားရပြီး၊ လက်ရာစွန်းထင်းတာတွေ၊ ခြစ်ရာပွန်းရာတွေ တော်တော်ခံနိုင်ရည်ရှိပါတယ်။

ဖုန်းစွမ်းဆောင်ရည်

ဖုန်း CPU ပိုင်းမှာ Qualcomm ရဲ့ စွမ်းဆောင်ရည်အလတ်တန်းစား 1.8GHz octa-core Snapdragon 652 ပရိုဆက်ဆာကို အသုံးပြုထားပြီး၊ RAM အနေနဲ့ 4GB အထိ ပါရှိပါတယ်။ ဖုန်း storage ကလည်း 64 GB အထိ ပါတာကြောင့် ဖုန်းထဲမှာ သီချင်းတွေ၊ ရုပ်ရှင်တွေ အများအပြား ထည့်သိမ်းထားနိုင်မှာ ဖြစ်ပါတယ်။
“ပိုမြန်တာထက် ပိုမြန်တဲ့” ဆိုတဲ့ ကြော်ငြာဆောင်ပုဒ်အတိုင်း V3 Max ဖုန်းရဲ့ စွမ်းဆောင်ရည်ကတော့ တော်တော်မြန်ပါတယ်။ ဒါပေမယ့် AnTuTu Benchmark နဲ့ တိုင်းကြည့်တဲ့အခါမှာတော့ performance က Meizu MX5 တို့ Xiaomi Mi4S တို့ရဲ့ အောက်မှာပဲ ရှိနေတာကို တွေ့ရပါတယ်။
Capture
ဖုန်းရဲ့ ဂရပ်ဖစ်မှာ နောက်ဆုံးထွက် Adreno 510 GPU ပါဝင်တာကြောင့်၊ Asphalt 8 လိုမျိုး အမြင့်စားဂိမ်းတွေ ဆော့ကြည့်ရာမှာ လုံးဝအထစ်အငေါ့မရှိ၊ ရုပ်ထွက်ကြည်ကြည်လင်လင်နဲ့ ဆော့နိုင်တာကို တွေ့ရပါတယ်။

ဖုန်းဟာ့ဒ်ဝဲ

Vivo V3 Max ရဲ့ ကျောဘက် လက်ဗွေရာဆန်ဆာဟာ ဖုန်းကို unlock လုပ်ပေးတာ တော်တော်လေးကို မြန်ပြီး၊ တိကျမှုလည်း ရှိပါတယ်။ လက်ဗွေရာဆန်ဆာမှာတော့ Huawei ထုတ် Nexus 6P နဲ့ Xiaomi Mi 5 ဖုန်းတွေနဲ့ ယှဉ်စမ်းခဲ့ရာမှာ၊ V3 Max ဖုန်းက တော်တော်လေးသာတာကို တွေ့ရပါတယ်။
Hi-Fi audio chip ကို အသုံးပြုထားတာကြောင့်၊ တခြား mid-range စမတ်ဖုန်းတွေနဲ့ ယှဉ်ရင် အသံအရည်အသွေးက ပိုမိုကောင်းမွန်ပြီး၊ ရုပ်ရှင်၊ဂီတပရိတ်သတ်တွေ အကြိုက်တွေ့မယ့် အသံအရည်အသွေးမျိုးဖြစ်ပါတယ်။ ဖုန်းစပီကာတွေကလည်း ကျယ်လောင်၊ပြတ်သားမှုရှိပြီး၊ နားကြပ်မတပ်ဘဲ၊ ဖုန်းနဲ့ သီချင်းနားထောင်ရင်တောင် အမိုက်စားပါပဲ။

ကွန်ရက်ချိတ်ဆက်မှု

Vivo V3 Max ဖုန်းဟာ SIM နှစ်ကတ်ထိုးဖုန်းဖြစ်ပြီး၊ 4G ချိတ်ဆက်နိုင်ပါတယ်။ လိုင်းဆွဲအားလည်း တော်တော်ကောင်းမွန်ပြီး၊ ဖုန်းခေါ်ဆိုရာမှာ အသံကြည်လင်ပြတ်သားမှုရှိပါတယ်။ SIM နှစ်ကတ်ထိုးဖြစ်ပေမယ့်၊ microSD ကတ်ထိုးထားမယ်ဆိုရင် SIM တစ်ကတ်ပဲ ထိုးနိုင်မှာပါ။ microSD ကတ်ကတော့ 128GB အထိ support လုပ်ပေးပါတယ်။

ဘက်ထရီ

ဘက်ထရီသက်တမ်းက 3000mAh ပဲရှိပေမယ့်၊ ဆော့ဖ်ဝဲ optimize လုပ်ထားတာကြောင့်၊ ဘက်ထရီသက်တမ်း တော်တော်ခံပြီး၊ နှစ်ဆပိုမြန်တဲ့ အားအမြန်သွင်းနည်းစနစ်လည်း ပါဝင်ပါတယ်။

ဖုန်းကင်မရာ

13 MP ကျောကင်မရာမှာ PDAF ဆုံချက်ရှာစနစ်ပါဝင်ပြီး၊ ၀.၂ စက္ကန့်အတွင်း အလိုအလျောက်ဆုံချက်ဖမ်းနိုင်ပါတယ်။ အရောင်တိကျပြတ်သားမှုရှိပြီး၊ ပုံအရည်အသွေးမဆိုးပါဘူး။ ဒါပေမယ့် ဒါဟာ အလင်းရောင်ကောင်းကောင်းရတုန်းပဲဖြစ်ပြီး၊ အလင်းရောင်နည်းတဲ့အချိန်မှာတော့ သိပ်အကောင်းကြီးမဟုတ်ပါဘူး။
နောက်ထပ်သိထားသင့်တဲ့တစ်ချက်ကတော့ ဗီဒီယိုရိုက်ကူးရာမှာ 4K ဗီဒီယိုတွေ ရိုက်ကူးနိုင်မှာမဟုတ်ပါဘူး။
8MP ရှေ့ကင်မရာက Selfie ကောင်းကောင်းရိုက်ကူးနိုင်ပြီး၊ ကင်မရာထဲမှာလည်း mode တွေ အစုံအလင် ပါဝင်တာကို တွေ့ရပါတယ်။ “Cheese” လို့ ပြောလိုက်ရုံနဲ့ ဓာတ်ပုံရိုက်နိုင်တဲ့စနစ်လည်း ပါဝင်တာကြောင့်၊ Selfie ရိုက်ရာမှာ လွယ်လွယ်ကူကူရိုက်နိုင်မှာပါ။
vivo-V3Max-Camera-Samples-3-792x446

ဆော့ဖ်ဝဲ

V3 Max ရဲ့ စိတ်ဝင်စားစရာအကောင်းဆုံးတစ်ခုကတော့ သူ့ရဲ့ ကိုယ်ပိုင်ဆော့ဖ်ဝဲပဲဖြစ်ပါတယ်။ Android Lollipop အခြေခံ FunTouch OS 2.5 မှာ iOS ရဲ့ လွှမ်းမိုးမှုတော်တော်များများတွေ့ရပြီး၊ သူ့ရဲ့ app နာမည်တွေကိုက iManager ၊ iMusic ၊ iTheme တွေနဲ့ပါ။
FunTouch OS ရဲ့ အားသာချက်အတိုင်း ဖုန်းမျက်နှာပြင်ပိတ်ထားရာကနေ M ပုံစံ ဆွဲလိုက်တာနဲ့ သီချင်းပွင့်လာတာမျိုး၊ f ပုံဆွဲလိုက်တာနဲ့ facebook တက်လာတာမျိုးစတဲ့ smart စနစ်တွေ split screen mode တွေ စုံစုံလင်လင်ပါ ပါတယ်။

အဆုံးသတ်သုံးသပ်ချက်

Vivo V3 Max ဖုန်းကို အဆုံးသတ်သုံးသပ်ကြည့်မယ်ဆိုရင်၊ ဒီဇိုင်းပိုင်းက အပြစ်ပြောစရာမရှိဘဲ၊ ဖုန်းစွမ်းဆောင်ရည်၊ အသံပိုင်း၊ ဘက်ထရီတို့ တော်တော်ကောင်းတဲ့ဖုန်းဖြစ်ပါတယ်။ ။ ကင်မရာကတော့ ဓာတ်ပုံဝါသနာရှင်တွေ သိပ်အကြိုက်တွေ့မှာမဟုတ်ပါဘူး။ ။
နောက်ထပ်နည်းနည်းထပ်အကုန်ခံမယ်ဆိုရင် Xiaomi Mi 5 လောက် ကိုင်နိုင်မှာဖြစ်ပေမယ့်၊ စပီကာပိုကောင်း၊ အသံအရည်အသွေးပိုမိုက်၊ လက်ဗွေရာဆန်ဆာပိုမြန်တဲ့ဖုန်းမျိုး၊ ဖန်ရှင်တွေ အစုံအလင်ပါတဲ့ဖုန်းမျိုးကို လိုချင်တယ်ဆိုရင်တော့ Vivo V3 Max ဖုန်းက ရွေးချယ်သင့်တဲ့ဖုန်းတစ်လုံးဖြစ်ပါတယ်။

Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com