Apple က World Wide Developer Conference (WWDC) မှာ OS X 10.11 El Capitan ရဲ့ မျိုးဆက် macOS ‘ Sierra’ ကို မိတ်ဆက်လိုက်ပါတယ်။ OS အသစ်မှာ Apps များအတွက် Window Tab များ ထည့်ပေးခြင်း၊ Devices များကြားမှာ Copy, Paste လုပ်နိုင်ခြင်း၊ Siri ပါရှိခြင်း အပြင် အခြား စွမ်းဆောင်ချက်များစွာ ပါမှာဖြစ်ပါတယ်။ OS X ရဲ့ အမည်ကို လုံးဝ ပြောင်းလဲလိုက်တာဖြစ်ပြီး ဒီလို ပြောင်းလဲမှုကြောင့် Apple ရဲ့ OS များကို အမည်ပေးတဲ့ စနစ်က ပိုမို သပ်ရပ်လာပါတယ်။ ယခုဆိုရင် သူ့ရဲ့ Software Platform အမည်များမှာ iOS, macOS, tvOS, watchOS ဖြစ်လာပါတယ်။

macOS Sierra မှာ Continuity စွမ်းဆောင်ချက်လည်းပါလာမှာပါ။ iOS Device မှာ ရေးသားနေဆဲဖြစ်တဲ့ စာရွက်စာတမ်းတစ်ခုကို macOS Sierra ကနေ ဆက်လက်ရေးသားနိုင်မှာပါ။ အခြား Continuity စွမ်းဆောင်ချက်တစ်ခုမှာ iPhone, iPad မှာ ကော်ပီလုပ်ထားတာကို macOS မှာ Paste လုပ်နိုင်တာပါ။

လုံခြုံရေး စွမ်းဆောင်ချက်အနေနဲ့ macOS Sierra မှာ ‘ Auto Unlock’ ပါလာပါတယ်။ Apple Watch ၀တ်ဆင်ပြီး Mac အနားကို ကပ်လိုက်တာနဲ့ Login လုပ်ပေးမှာပါ။ App များမှာ Tabs များစွာ သုံးနိုင်အောင် ပြုလုပ်ပေးထားပါတယ်။

Sierra မှာ iOS 9.3 ရဲ့ Picture-in-Picture ပါလာပါတယ်။ Safari , iTunes မှ ဗီဒီယိုကို ဒတ်စတော့မှာ Floating Window အနေနဲ့ ကြည့်နိုင်မှာပါ။ တစ်ချိန်တည်းမှာ အခြား အလုပ်ကိုလည်း လုပ်နိုင်မှာပါ။ Developer များအတွက် macOS Sierra ကို ဖြန့်ချီပေးလိုက်ပြီဖြစ်ပြီး Public Beta ကို ဇူလိုင်လနဲ့ Final Public ကို ဆောင်းရာသီမှာ ဖြန့်ချီမှာပါ။