6/04/2016

♪ ကမ္ဘာ့ပထမဆုံး ၁၇ လက်မအရွယ် 2-in-1 လက်ပ်တော့ကို Dell စတင်မိတ်ဆက် ♫


တိုင်ပေမြို့မှာ လက်ရှိကျင်းပပြုလုပ်လျက်ရှိတဲ့ အပြည်ပြည်ဆိုင်ရာသတင်းအချက်အလက်နှင့် နည်းပညာပြပွဲ Computex 2016 မှာ Dell ဟာ Inspiron 2-in-1 လက်ပ်တော့အသစ်တွေနဲ့ နုတ်ဘွတ်ခ် အသစ်တွေကို မိတ်ဆက်ပြသသွားခဲ့ပါတယ်။

2-in-1 လက်ပ်တော့အသစ်မော်ဒယ်တွေအနေနဲ့ Inspiron 7000 ၊ Inspiron 11 3000 နဲ့ Inspiron 5000 မော်ဒယ်သုံးမျိုးထွက်ရှိလာတာဖြစ်ပြီး၊ Inspiron 7000 စီးရီးက စွမ်းဆောင်ရည်အမြင့်ဆုံးဖြစ်ပါတယ်။

Inspiron 7000 လက်ပ်တော့ကနေ စပြောရမယ်ဆိုရင်၊ ၁၃ လက်မ၊ ၁၅ လက်မနဲ့ ၁၇ လက်မဆိုပြီး မော်ဒယ်ကွဲသုံးမျိုးရှိပြီး၊ ၁၇ လက်မ လက်ပ်တော့ဟာ (Dell ရဲ့ အဆိုအရ) ကမ္ဘာ့ပထမဆုံး ၁၇ လက်မအရွယ် 2-in-1 လက်ပ်တော့ ဖြစ်တယ်လို့ သိရပါတယ်။

Inspiron 7000 မှာ Windows 10 အသုံးပြုထားပြီး၊ Intel ရဲ့ 6th gen Core i3 ၊ Core i5 နဲ့ Core i7 ပရိုဆက်ဆာအမျိုးမျိုး ရရှိနိုင်ပါတယ်။ မျက်နှာပြင်က full-HD resolution နဲ့ဖြစ်ပြီး၊ အနီအောက်ရောင်ခြည်သုံးကင်မရာ နဲ့ အောက်ခံမီးပါကီးဘုတ်တို့ ပါရှိပါတယ်။ USB Type-C အပေါက် ပါဝင်ပြီး၊ Windows Hello နည်းပညာပါဝင်တာကြောင့်၊ ပိုင်ရှင်ရဲ့မျက်နှာကို မှတ်သားထားနိုင်ပါတယ်။ Inspiron 7000 2-in-1 လက်ပ်တော့ရဲ့ အနိမ့်ဆုံးဈေးကတော့ ဒေါ်လာ ၇၄၉ ဒေါ်လာကနေ စမှာပါ။

dell_inspiron_2in1

Insprion 11 3000 လက်ပ်တော့ကလည်း လက်ပ်တော့-တက်ဘလက် 2-in-1 ဖြစ်ပြီး၊ ၁၁.၆ လက်မအရွယ် HD မျက်နှာပြင်၊ Windows 10 စနစ်၊ USB 3.0 အပေါက်တို့ ပါဝင်ပြီး၊ အနိမ့်ဆုံးဈေးနှုန်းက ၂၄၉ ဒေါ်လာပါ။ ကျောင်းသားတွေ၊ လက်ပ်တော့ကို သိပ်အမြင့်ကြီးမသုံးလိုသူတွေအတွက် အကြိုက်တွေ့မယ့် ဘတ်ဂျတ်လက်ပ်တော့ဖြစ်ပါတယ်။ Touchscreen နဲ့ဟာ လိုချင်ရင် နောက်ထပ် ဒေါ်လာ ၅၀ လောက် ပိုပေးရမှာဖြစ်ပါတယ်။

DELL
နောက်ဆုံး Inspiron 5000 2-in-1 လက်ပ်တော့ကိုလည်း ၁၃ လက်မ နဲ့ ၁၅ လက်မဆိုပြီး နှစ်မျိုးရရှိမှာ ဖြစ်ပါတယ်။ ဒီလက်ပ်တော့မှာလည်း Windows Hello စနစ်ပါဝင်ပြီး၊ ကီးဘုတ်ကလည်း အောက်ခံမီးပါတဲ့ ကီးဘုတ်ဖြစ်တာကြောင့် မှောင်မည်းနေတဲ့အချိန်မှာတောင် စာကောင်းကောင်းရိုက်နိုင်မှာပါ။ Windows 10 စနစ်နဲ့ပဲဖြစ်ပြီး၊ DDR4 16 GB RAM နဲ့ ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ အနိမ့်ဆုံး ၅၂၉ ဒေါ်လာပါ။

ဒီ Inspiron စီးရီး 2-in-1 လက်ပ်တော့တွေကို US နဲ့ တရုတ်ဈေးကွက်တွေမှာ အရင်ဆုံးဝယ်ယူရရှိနိုင်မှာ ဖြစ်ပြီး၊ ဂျွန်လ ၂ ရက်ကနေ စတင်ကာ ကုမ္ပဏီဝက်ဘ်ဆိုဒ်ကနေ မှာယူနိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။

Dell ဟာ ဒီပွဲမှာ လက်ပ်တော့အသစ်တွေအပြင်၊ နုတ်ဘွတ်ခ်အသစ်တွေကိုပါ မိတ်ဆက်သွားခဲ့ပါတယ်။ ၁၅ လက်မနဲ့ ၁၇ လက်မမော်ဒယ်နှစ်မျိုးရှိတဲ့ Inspiron 5000 နုတ်ဘွတ်ခ်မှာ Intel Core i7 ပရိုဆက်ဆာ အသုံးပြုထားပြီး၊ Windows 10 နဲ့ပဲ ဖြစ်ပါတယ်။ ဒီနုတ်ဘွတ်ခ်ရဲ့ အားသာချက်ကတော့ အရောင်မျိုးစုံနဲ့ ၀ယ်ယူရရှိနိုင်တာဖြစ်ပြီး၊ အပြာရင့်၊နု၊ အနီ၊ အနက် စတဲ့ အရောင်မျိုးစုံပါဝင်ပါတယ်။ RAM အနေနဲ့ DDR4 16 GB ပါရှိပြီး၊ Inspiron 7000 လက်ပ်တော့လိုပဲ၊ အနီအောက်ရောင်ခြည်ကင်မရာ၊ မျက်နှာမှတ်သားစနစ်၊ တို့ ပါရှိပြီး၊ ဒီနုတ်ဘွတ်ခ်ရဲ့ ဈေးနှုန်းကိုတော့ ကြေငြာခြင်းမရှိခဲ့ပါဘူး။

Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com