9/29/2015

♪ “Nokia ကိုဘယ်သူသတ်ခဲ့သလဲ” ♫


တစ်ချိန်ကမိုဘိုင်းဖုန်းလောကကိုအသွေးအရောင်စုံလင်စွာလွှမ်းမိုးခြယ်လှယ်ခဲ့သောဖင်လန်အခြေစိုက် Nokiaမိုဘိုင်းဖုန်းကုမ္ပဏီ၏ကျဆုံးခန်းကစိတ်ဝင် စားစရာ ကောင်းနေ သလိုယနေ့ခေတ်စမတ်ဖုန်းကုမ္ပဏီများအတွက် သင်ခန်းစာ ယူစရာ အချက်အလက်များတစ်ပုံတစ်ပင်ရှိနေမည်မှာ သေချာသည်။Nokia အနေဖြင့်စမတ်ဖုန်းပိရမစ်ကြီး၏ထိပ်ဆုံးနေရာမှ ပြုတ်ကျသွားခဲ့ရခြင်းအတွက်စီးပွားရေးပညာရှင်များက အဓိကအကြောင်း အရင်း၃ချက်ကိုထုတ်ပြခဲ့ကြသည်။ (၁) Appleထက်နည်းပညာ အရည် အသွေးနိမ့်ကျခြင်း၊ (၂) ထိုစဉ်ကအောင်မြင်မှုနှင့် ကျေနပ်နှစ်သိမ့်ခဲ့ခြင်း၊ (၃) နှစ်သက်စဖွယ်iPhone များမှ ပေးလာမည့်ဒုက္ခကိုNokia ဦးဆောင်သူများ ကြိုတင်မသိမြင်ခဲ့ခြင်းတို့ဖြစ်ကြသည်။သို့သော် ပြင်သစ်ရှိINSEAD စီးပွားရေး သင်တန်းကျောင်းမှနည်းဗျူဟာဆိုင်ရာပါမောက္ခQuy Huy နှင့်ဖင်လန်ရှိ Aalto တက္ကသိုလ်မှလက်ထောက်ပါမောက္ခTimo Vuori တို့ကမူNokia ကို သတ်ခဲ့သူမှာ၎င်းတို့၏ကြောက်စိတ်နှင့်အာဏာရှင်ဆန်မှုတို့ပင်ဖြစ်သည်ဟု စာတမ်းတစ်စောင်တွင်အခိုင်အမာရေးသား ဖော်ပြခဲ့ကြသည်။Quy Huy နှင့်Timo Vuori တို့၏အဆိုအရတော့Nokia သည်တိုက်ပွဲမစခင်ကတည်းက ဒဏ်ရာရခဲ့သောသားသမင်တစ်ကောင်သာ ဖြစ်ခဲ့လေသည်။
<မီးရောင်အောက်မှသားသမင်တစ်ကောင်>
Nokiaကုမ္ပဏီကြီးကို အေးခဲရပ်ဆိုင်းသွားစေခဲ့သည့်အဓိကအကြောင်းအရင်း မှာ နေရာ၂ခုမှမြစ်ဖျားခံလာသောကြောက်ရွံ့မှုများကြောင့် ဖြစ်သည်။ ပထမကြောက်ရွံ့မှုကကြီးကျယ်ခမ်းနားသောဂုဏ်ရှိန်ဂုဏ်ဝါများ ပျောက်ဆုံး မည်ကိုNokia ထိပ်တန်းခေါင်းဆောင်များ ကြောက်ရွံ့ခဲ့မှုဖြစ်သည်။Nokia ၏ ထိပ်တန်းခေါင်းဆောင်များသည်ကြီးမားသောရာထူးများကို ခေါင်းစဉ် အမျိုးမျိုး တပ်၍ရယူထားသူများဖြစ်ပြီးအားလုံးမှာဒုတိယဥက္ကဋ္ဌ (သို့မဟုတ်) ဒါရိုက်တာများချည်းသာဖြစ်ခဲ့လေသည်။၎င်းတို့အားလုံးမှာအာဏာရှင်ဆန် လေ့ရှိကြပြီးလက်အောက်ငယ် သားများကိုအမြဲလိုလိုတစ်ဖက်သတ်သာခိုင်း စေခဲ့ကြသည်။ပိုဆိုးသည်ကစိတ်နေသဘောထားပုံမှန်မရှိဘဲ သတင်းဆိုးများကိုမကြားလိုကြခြင်းပင်ဖြစ်တော့သည်။Nokia နှင့်ပတ်သက်ခဲ့သော စီးပွားရေးအတိုင်ပင်ခံတစ်ဦးကတော့“သူတို့ရှေ့မှာမကောင်းတဲ့ အချက်တွေ ကိုပြောဖို့က တော်တော်ခက်တယ်ဗျ။ကံမကောင်းရင်ရာထူးချခံရတာမျိုး တောင်ဖြစ်တတ်ပါတယ်”ဟုဖွင့်ဟ သွားခဲ့သည်။ဒုတိယကြောက်ရွံ့မှုကတော့ ထိပ်တန်းခေါင်းဆောင်များ၏ ပြင်ပထိတွေ့မှုကို ကြောက်ရွံ့ခြင်းပင် ဖြစ်၏။ထိုကြောက်ရွံ့မှုကNokia ၏အလယ်အလတ်တန်းစားမန်နေဂျာများ အပေါ် ဖိအားများစွာသက်ရောက်လာစေခဲ့သည်။မန်နေဂျာများ အနေဖြင့် Nokia ၏လိုအပ်ချက်များကိုအစောပိုင်းကတည်းကသိမြင်သဘောပေါက် ခဲ့သော်လည်းကုမ္ပဏီအစည်းအဝေးတိုင်းတွင်လျစ်လျူရှုခံထားရပြီးတင်ပြရန်အခွင့်မသာခဲ့ပေ။
အဘယ်ကြောင့်ဆိုသော်ထိုစဉ်ကာလများ၌Nokia လိုအပ်နေခဲ့သည်က ပြိုင်ဘက် ဖြစ်လာသောAppleကုမ္ပဏီနှင့်၎င်းတို့၏iOSကိုဖက်ပြိုင်ယှဉ်ပြိုင်နိုင် မည့်စွမ်းဆောင်ရည်သာဖြစ်သည်။ထိုစွမ်းရည်မျိုးရရှိရန်နှစ်ကာလရှည် ကြိုးစားရမည်ကိုNokia ၏Middle Manager ခေါ်အလတ်တန်းစားမန်နေဂျာ က သဘောပေါက်သိရှိခဲ့သည်။သဘောမပေါက်သူများက ဘုတ်အဖွဲ့ဝင်များ နှင့်အုပ်ချုပ်သူများပင်ဖြစ်လေသည်။Nokia၏ဦးဆောင်သူများက OS နှင့် ပတ်သက်ပြီးအပြောင်းအလဲဖော်ဆောင်ရန်ဝန်လေးလေ့ရှိကြသလိုမူလ လက်ဟောင်းယူငင်အသုံးပြုလာခဲ့သည့်Symbian Mobile OS ကိုသာ ခေါင်းမာစွာဖြင့်ဆက်လက်အသုံးပြုခဲ့ကြသည်။တစ်နည်းအားဖြင့်တော့ ပြင်ပမှရင်းနှီးမြှုပ်နှံသူ၊ ရှယ်ယာရှင်များ၏အမြင်တွင်၎င်းတို့ကုမ္ပဏီပုံရိပ် ကျဆင်းနေသည်ကိုဖုံးကွယ်ဖာထေးရန်သာအာရုံစိုက်နေခဲ့ကြသည်မဟုတ်ပါလား။ထိုအချက်နှင့်ပတ်သက် ၍INSEAD သင်တန်းကျောင်းမှNokia ဦးဆောင်သူတစ်ဦးကို တွေ့ဆုံအင်တာဗျူးလုပ်ခဲ့ရာတွင်“OS အသစ်တစ်ခု ဖန်တီးဖို့ဆိုတာနှစ်နဲ့ချီပြီးအချိန်ယူရမယ်ဆိုတာကျွန်တော်တို့သဘောပေါက် ပါတယ်။ဒါကြောင့်ပဲအသာငြိမ်နေပြီးSymbian ကိုဆက်ပြီးသုံးနေခဲ့တာပါ”ဟုဆိုခဲ့သည်။
<လက်အောက်ငယ်သားများ၏မျိုသိပ်မှု>
Nokiaတွင် ဖြစ်ပေါ်ခဲ့သည့်အဆိုးရွားဆုံးကိစ္စကလည်းထိပ်တန်း ခေါင်းဆောင် များ၊ဘုတ်အဖွဲ့ဝင်များ၏အာဏာရှင်ဆန်မှုနှင့်ပတ်သက်နေသည်ကိုတွေ့ရ သည်။Nokia ခေါင်းဆောင်များသည်လက်ထောက်မန်နေဂျာများထံမှ စိတ်ပျက်စရာသတင်းများကိုလုံးဝဆန့်ကျင်ကြသူများဖြစ်သည်။အကယ်၍ မန်နေဂျာတစ်ဦးက၎င်းတို့ကုမ္ပဏီအတွက် ကောင်းနိုးရာရာ အကြံဥာဏ်များ ကိုထုတ်ပြန်ပြီးထိပ်တန်းခေါင်းဆောင်များအားရှင်းလင်းစိန်ခေါ်သွားရန် ကြံစည်လာပါကလည်းလုပ်ဖော်ကိုင်ဖက်များကခွင့်မပြုဘဲဝိုင်းဝန်းထိန်းချုပ် ခဲ့ကြသည်။တစ်နည်းဆိုရလျှင်ယခုအချက်က ခေါင်းဆောင်များ၏ တုံ့ပြန်မှု အပေါ်လက်အောက်ဝန်ထမ်းများ၏ကြောက်ရွံ့မှုပင်ဖြစ်သည်။ကုမ္ပဏီ အနာဂတ်နှင့်ပတ်သက်ပြီး မြင်သမျှအခြေအနေတိုင်းကိုတင်ပြရန် မ၀ံ့ရဲခဲ့ကြဘဲလတ်တလောအဆင်ပြေ စေရန်ရည်ရွယ်၍အပြုသဘော ဆောင်ပြီး စိတ်ကျေနပ်စရာသတင်းအချက်အလက်များကိုသာ ပေးခဲ့ကြ လေသည်။“သူတို့ကိုတင်ပြလို့ရောဘာထူးမှာ လဲ။လုပ်ငန်းတွေ ပိုကောင်းမွန် လာမှာမှမဟုတ်တာ”ဟုဝန်ထမ်းတစ်ဦးကဆိုခဲ့ဖူးသည်။ဤသို့ဖြင့်Nokia ၏လက်အောက်ဝန်ထမ်းများကလက်ရှိအခြေအနေမှန်နှင့် ဈေးကွက် အနေအထား တို့ကိုမျိုသိပ်ထားခဲ့ပြီးကုမ္ပဏီအဆင်ပြေပြေလည်ပတ်နိုင်ရေး ကိုသာဦးစားပေးခဲ့ကြသည်။သိပ်ကိုဆိုးရွားလွန်းသောအမှားအယွင်းတစ်ခု လည်းဖြစ်ခဲ့တော့သည်။
<တီထွင်ဆန်းသစ်မှုအားနည်းခြင်း>
ပြင်ပထင်မြင်ချက်အပေါ်Nokia ထိပ်တန်းခေါင်းဆောင်များ၏ ကြောက်ရွံ့မှု၊ ခေါင်းဆောင်များငြိုငြင်မည်ကိုလက်အောက်ဝန်ထမ်းများက တစ်ဆင့် ပြန်လည်ကြောက်ရွံ့မှုတို့ကြောင့်ကုမ္ပဏီအတွင်း၌အခြေအနေများစွာရှုပ်ထွေးသွားစေခဲ့တော့ သည်။ကြောက်ရွံ့မှုများကြားတွင်အမှန်ကို မမြင်နိုင်ခဲ့ကြ သလို iPhoneကိုယှဉ်နိုင်မည့်စမတ်ဖုန်းသစ်နှင့်iOSကိုယှဉ်နိုင်မည့်Operating System အသစ်တို့ကိုအလျင်အမြန်ထုတ်လုပ်နိုင်ရန်လိုအပ်သည် ဆိုသော အတွေးမျိုးလည်း ပျောက်ကွယ်ခဲ့ကြရသည်။ နောက်ပိုင်းနှစ်များတွင် Apple ကစမတ်ဖုန်းဈေးကွက်တွင် ဝေစုပိုမိုရယူလာလေလေ၊Nokia ခေါင်းဆောင် များက ၎င်းတို့ဝန်ထမ်းများကိုပို၍ဖိအားပေးလေလေ ဖြစ်လာခဲ့တော့သည်။
တဖြည်းဖြည်းနှင့်Nokia ၏ကမ္ဘာလုံးဆိုင်ရာဈေးကွက်ဝေစုများအားလုံး နီးပါး ဆုံးရှုံးလိုက်ရသလိုဘဏ္ဍာရေးအကျပ်အတည်းများပေါ်ပေါက်လာသောအခါ မှပင်ကုမ္ပဏီခေါင်းဆောင်များ သွေးရူးသွေးတန်းနိုးထလာခဲ့ကြပြီး Touchscreen သုံးစမတ်ဖုန်းသစ်တစ်မျိုးကိုလိုက်လံထုတ်လုပ်ရန်အသည်း အသန်ကြိုးပမ်းခဲ့ကြသည်။သို့ရာတွင်အချိန်နှောင်းသွားခဲ့လေပြီ။Apple ၏ ခြိမ်းခြောက်မှုကိုခံယူခဲ့ရပြီးနောက်Nokia မှထုတ်လုပ်ဖြန့်ချိခဲ့သော ပထမဆုံးနည်းပညာမြင့်ဖုန်းမှာN95 အမျိုးအစားဖြစ်ပြီးTouchscreen မဟုတ်သေးသည်ကလွဲ၍အခြားနည်းပညာများစုံလင်ခဲ့သည်။
နောက်တစ်နှစ် အကြာတွင်Nokia သည်၎င်းတို့၏ပထမဆုံးTouchscreen စမတ်ဖုန်းကိုစတင်မိတ်ဆက်နိုင်ခဲ့သည်။တိတိကျကျဆိုသော်၂၀၀၈ခုနှစ်က Nokia 5800 ကိုမိတ်ဆက်ခဲ့ခြင်းဖြစ်သည်။ပြိုင်ဘက်iPhone များထက် ဈေးနှုန်းချိုသာသလိုစီးပွားရေးအရအောင်မြင်မှုရရှိခဲ့သော်လည်း ဈေးကွက် အတွင်း တစ်နှစ်ခွဲလောက်သာခံခဲ့ပြီး ဆော့ဖ်ဝဲပြဿနာဖြစ်ပေါ်ခဲ့သည်။
၂၀၀၉နှင့်၂၀၁၀ ပြည့်နှစ်များတွင်လည်းထပ်၍မွမ်းမံပြင်ဆင်ထား သောTouchscreen စမတ်ဖုန်းများကိုNokia တို့ထုတ်လုပ်မိတ်ဆက်ခဲ့သေး သော်လည်းထိုအချိန်တွင်အစစအရာရာအားကောင်းလာခဲ့ပြီဖြစ်သည့်iPhone တို့ကိုရင်ပေါင်တန်းယှဉ်ပြိုင်နိုင်စွမ်းမရှိတော့။မည်မျှအထိအခြေအနေဆိုးရွားသွားခဲ့ရသနည်းဆိုပါမူApple ကိုယှဉ်နိုင်ရေးအတွက်Nokia သည်၂၀၁၁ခုနှစ် တွင်Microsoft ကုမ္ပဏီနှင့်ပူးပေါင်းလက်တွဲဖြစ်ခဲ့သည်။ထိုမှတစ်ဆင့် ၂၀၁၃ခုနှစ်တွင်Nokia ၏မိုဘိုင်းဖုန်းထုတ်လုပ်ရေးအစိတ်အပိုင်းကိုMicrosoft ထံသို့လွှဲပြောင်း ရောင်းချခဲ့ရသည့်အဖြစ်သို့ပင်ဆိုက်ရောက်သွားခဲ့ရသည်။
လက်ရှိMicrosoft ၏လက်ထဲတွင်Nokia Phone Business နှင့်ဖင်လန်ရှိNokia ပင်မကုမ္ပဏီတို့အနေဖြင့် ကြောက်ရွံ့မှုကြောင့်ကိုယ့်ကိုယ်ကိုပြန်သတ်သလို ဖြစ်သွားခဲ့ခြင်းသာဖြစ်ပါ လိမ့်မည်။(INSEAD စီးပွားရေးကျောင်း၏ ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသောWho Killed Nokia? Nokia Did ဆောင်းပါးကိုဆီလျော်အောင် ပြန်ဆိုထားခြင်းဖြစ်သည်။ ဆောင်းပါးရှင်Quy Huy သည်INSEAD ကျောင်း၏နည်းဗျူဟာပါမောက္ခနှင့်နည်းဗျူဟာဆိုင်ရာ ပရိုဂရမ်ဒါရိုက်တာလည်း ဖြစ်သည်။Quy Huy သည်ဖင်လန်ရှိAalto တက္ကသိုလ်မှလက်ထောက်ပါမောက္ခTimo Vuori နှင့်ပူးပေါင်းကာNokia အကြောင်းစာတမ်းရေးသားခဲ့ခြင်းဖြစ်သည်။ယင်းစာတမ်းအတွက်Nokia ထိပ်တန်းအရာရှိများနှင့်ဝန်ထမ်းများအား၇၆ကြိမ်အင်တာဗျူး ပြုလုပ်ခဲ့ရပြီး အကျဉ်းချုပ်ကိုဝက်ဘ်ဆိုက်တွင် ပြန်လည်ဖော်ပြခဲ့ခြင်းဖြစ်သည်။)
Ledian


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com