3/06/2015

♪ စမတ်ဖုန်း ဘုရင်ဘွဲ့ကို Apple ထံ လွှဲပြောင်းပေးခဲ့ရသည့် Samsung ♫


ပြီးခဲ့သည့်နှစ် စတုတ္ထသုံးလပတ် စမတ်ဖုန်းရောင်းချမှုနှုန်းတွင် Apple က iPhone သစ်ကြောင့် ရာခိုင်နှုန်း အများဆုံး ရရှိခဲ့ကြောင်း Gartner မှ ဖော်ပြခဲ့သည်။

၂၀၁၄ ခုနှစ် နောက်ဆုံး သုံးလပတ်တွင် Apple ၏ ကမ္ဘာ့တစ်ဝန်း စမတ်ဖုန်းရောင်းချမှုနှုန်းသည် ၂၀.၄ ရာခိုင်နှုန်း ရှိခဲ့ပြီး ၎င်းသည် ၂၀၁၃ ခုနှစ် နောက်ဆုံး သုံးလပတ် ဈေးကွက်ရှယ်ယာ ၁၇.၈ ရာခိုင်နှုန်းထက် မြင့်တက်ခဲ့သည်။ Samsung ၏ ၂၀၁၃ ခုနှစ် နောက်ဆုံးသုံးလပတ် ဈေးကွက်ရှယ်ယာ ၂၉.၅ ရာခိုင်နှုန်း ရှိခဲ့သော်လည်း ယမန်နှစ် နောက်ဆုံး သုံးလပတ် ဈေးကွက်ရှယ်ယာမှာ ၁၉.၉ ရာခိုင်နှုန်းသာ ရှိခဲ့သည်။

ပြီးခဲ့သည့် သုံးလပတ်တွင် Apple သည် iPhone အလုံးရေ ၇၄.၈ သန်း ရောင်းချခဲ့ရပြီး Samsung မှာ ၇၃ သန်း ရောင်းချခဲ့ရကြောင်း Gartner မှ ပြောကြားခဲ့သည်။ Apple ၏ iPhone 6 နှင့် iPhone 6 Plus ရောင်းချမှုနှုန်းသည် အမေရိကန်နှင့် တရုတ်နိုင်ငံများတွင် အမြင့်ဆုံး ဖြစ်ခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၈၈ ရာခိုင်နှုန်းနှင့် ၅၆ ရာခိုင်နှုန်း အသီးသီးရှိခဲ့သည်။

iPhone သစ်ကို လက်ရှိသုံးစွဲသူများက upgrade ပြုလုပ်ခဲ့ကြပြီး screen အရွယ်ကြီးမားသည့် ဖုန်းကိုသုံးရန်အတွက် Apple မှ Android သို့ ပြောင်းလဲရန် စိတ်ကူးနေသူများကိုပါ ဆွဲဆောင်နိုင်ခဲ့ကြောင်း Gartner မှ ဖော်ပြခဲ့သည်။ Samsung သည် စမတ်ဖုန်းဈေးကွက်တွင် ဦးဆောင်နေမှုကို Apple ထံ လွှဲပြောင်းပေးခဲ့ရခြင်းသည် Galaxy S5 နှင့် Galaxy Note တို့၏ ရောင်းအား ကျဆင်းမှုအပြင် ဈေးသက် သာသည့် ထုတ်ကုန်များ ရောင်းချမှုတွင်လည်း Xiaomi ကဲ့သို့သော တရုတ်ကုမ္ပဏီများကို အရေးနိမ့် ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။

Huawei နှင့် Xiaomi ကဲ့သို့သော တရုတ်စမတ်ဖုန်း ကုမ္ပဏီများ၏ ရောင်းအားသည် တရုတ်နိုင်ငံနှင့် အခြား နိုင်ငံခြားဈေးကွက်များတွင် ဆက်လက်တိုးတက်လျက်ရှိပြီး ဈေးသက်သာသည့် စမတ်ဖုန်းဈေးကွက် တွင် ရှယ်ယာများ မြင့်တက်လာကြောင်း Gartner မှ သုတေသန ဒါရိုက်တာ ရော်ဘတ်တာကော့ဇာ က ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ် စတုတ္ထသုံးလပတ်တွင် Lenovo သည် စမတ်ဖုန်းဈေးကွက်ရှယ်ယာ ၆.၆ ရာခိုင်နှုန်းဖြင့် Huawei နှင့် Xiaomi တို့၏အထက် တတိယနေရာတွင် ရပ်တည်နိုင်ခဲ့သည်။ Lenovo ၏ ဈေးကွက် ရှယ်ယာသည် Motorola ကို ဝယ်ယူပြီးနောက် မြင့်တက်လာခဲ့ပြီး လွန်ခဲ့သည့်နှစ်ကထက် ၄၇ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း Gartner မှ ဖော်ပြခဲ့သည်။

Ref: CNET

Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com