စမတ်ဖုန်းများရဲ့ ဘက်ထရီ သက်တမ်းဟာ အကန့်အသတ် ရှိပြီး နေ့စဉ်
အားသွင်းပေးရပါတယ်။ ခရီး မကြာခဏ ထွက်နေရသူများ၊ အလုပ်များသူများအတွက်တော့
ဖုန်းကို ဂရုတစိုက် အားသွင်းဖို့ အခက်အခဲ ရှိပြီး နေရာတိုင်းမှာ အားသွင်း
ပလက်ပေါက်များကို ရှာဖွေရပါတယ်။ အဲဒီအခြေအနေမှာ Power Bank များက
အသုံးဝင်လာပါတယ်။ ဒါပေမယ့် Power Bank များကိုယ်တိုင်ကိုလည်း
အားဖြည့်ပေးရပါတယ်။ အခုတော့ အချိန်မရွေး ဖုန်းကို အားသွင်းပေးနိုင်တဲ့
နေရောင်ခြည် စွမ်းအင်သုံး ကျောပိုးအိတ် ပေါ်လာပါပြီ။
ကျောပိုးအိတ်က နေရောင်ခြည် စွမ်းအင်ကို လျှပ်စစ် စွမ်းအင် အဖြစ် ပြောင်းလဲပေးပြီး စမတ်ဖုန်း ၊ တက်ဘလက်များကို အားသွင်းပေးနိုင်ပါတယ်။ တီထွင်သူရဲ့ အမည်မှာ Adrian Solgaard ဖြစ်ပြီး သူဟာ ကမ္ဘာပတ် ခဲ့တဲ့ စွန့်ဦးတီထွင် လုပ်ငန်းရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။ သူဟာ ၂၀၁၃ ခုနှစ်ကစပြီး အမ်စတာဒမ်၊ စပိတ်၊ ဘယ်လ်ဂျီယမ်၊ ဒိန်းမတ် နိုင်ငံများမှာ နေထိုင်ခဲ့ပါတယ်။ တစ်နှစ်လျှင် ၃၊ ၄ ကြိမ်လောက် အာရှနဲ့ အမေရိကန်သို့ ခရီးသွားလေ့ရှိပါတယ်။ သူဟာ ခရီး အလွန် သွားသူများအတွက် ဒီ ကျောပိုးအိတ်ကို တီထွင်ဖို့ စိတ်ကူးရခဲ့တာ ဖြစ်ပါတယ်။
သူက အဲဒီ ကျောပိုးအိတ်ကို ထုတ်လုပ်ရောင်းချဖို့ Kickstarter ၀က်ဆိုက်ကနေ ရန်ပုံငွေ ကောက်ခံနေပါတယ်။ ကျောပိုးအိတ် အမည်မှာ Lifepack: The Hustel ဖြစ်ပြီး နေရောင်ခြည် စွမ်းအင်ကို စုပ်ယူတဲ့ ကိရိယာကို အိတ်ရဲ့ အတွင်းဘက် အိတ်ကပ်ထဲမှာ ထည့်ထားပါတယ်။ သူ့ကို အချိန်မရွေး အိတ် အပြင်ဘက် ထုတ်၍ အားဖြည့်နိုင်ပါတယ်။ ကျောပိုးအိတ်ကို အရောင်လေးမျိုး ထုတ်လုပ်ပေးထားပြီး ၁၂၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။ ပုခုံးလွယ်အိတ်ကိုလည်း ထုတ်လုပ်ပေးထားပြီး ၁၄၉ ဒေါ်လာ တန်ကြေးရှိပါတယ်။