ကျွန်တော်တို့အပါအဝင် မိုဘိုင်းဖုန်းအသုံးပြုသူအားလုံးဟာ အချိန်နည်းနည်းအားသွင်းရုံနဲ့ အားမြန်မြန်ပြည့် တာကို လိုချင်ကြပါတယ်။
ဒါ့အကြောင့် စမတ်ဖုန်းကုမ္ပဏီတွေဟာ ၄င်းတို့ထုတ်လုပ်တဲ့ စမတ်ဖုန်းတွေရဲ့ battery ပိုင်း စွမ်းဆောင်ရည် ပိုမိုကောင်းမွန်လာအောင် အပြိုင်အဆိုင် ဖန်တီးကြိုးစားလျက်ရှိကြပါတယ်။ Snapdragon 835 processor ကိုထုတ်လုပ်တဲ့ Qualcomm ကလည်း ဒီ့အတွက် အမြဲကြိုးစားလျက်ရှိပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းက မိတ်ဆက်ခဲ့တဲ့ Quick Charge 4 နည်းပညာဟာဆိုရင်လည်း (၅)နာရီစာကို (၅)မိနစ်အတွင်းနဲ့ အားသွင်းနိုင်စေခဲ့ကာ ယခင် Quick Charge စနစ်ထက် charging speed ပိုင်းမှာ (၂၀) ရာခိုင်းနှုန်းနဲ့ efficiency ပိုင်းမှာ (၃၀)ရာခိုင်နှုန်းပိုမိုတိုးတက်ခဲ့တာဖြစ်ပါတယ်။
ဒီနေ့မှာတော့ Qualcomm ဟာ Quick Charge 4+ system ကို မိတ်ဆက်ခဲ့ပြီး ယခင် Quick Charge 4 ထက် (၃)ဒီဂရီ ပိုအေးကြောင်း၊ (၁၅)ရာခိုင်နှုန်းပိုမြန်ကြောင်းနဲ့ (၃၀)ရာခိုင်နှုန်း ပိုမိုစွမ်းဆောင်နိုင်ကြောင်းတို့ကို ကတိပေးခဲ့ပါတယ်။ ဒီနည်းပညာကို ပထမဦးဆုံးအသုံးပြုမယ့် စမတ်ဖုန်းကတော့ ZTE Nubia Z17 ဖြစ်လာမှာ ဖြစ်ပါတယ်။
Quick Charge 4+ နည်းပညာအသစ်မှာ dual charging abilities, intelligent thermal balancing နဲ့ advanced safety features တွေပါဝင်လာပါတယ်။ ဒီ feature တွေအားလုံးဟာ ပေါက်ကွဲမှုတွေအပါအဝင် အခြားသော အမျိုးမျိုးအန္တရာယ်တွေကနေ စိတ်ချရမှာလည်းဖြစ်ပါတယ်။
အသေးစိတ် ရှင်းပြရရင် dual charging abilities အရ charge current ကို တစ်ဝက်တိတိ ဖြတ်တောက် ပေးမယ့် power management chip တစ်ခု ထပ်မံပါဝင်လာမှာဖြစ်တဲ့အတွက် အားသွင်းချိန်မှာ အပူလွန်ကဲမှုကို လျော့ချပေးမယ့်အပြင် အားသွင်းချိန်ကိုပါ တိုစေမှာဖြစ်ပါတယ်။
Intelligent Thermal Balancing ကလည်း အားသွင်းနေချိန်မှာ battery ကို အအေးမြဆုံးဖြစ်အောင် အလိုအလျောက် ပြောင်းလဲပေးမှာဖြစ်ပါတယ်။ Quick Charge 4+ ပါဝင်တဲ့ devices တွေဟာ case နဲ့ connector (၂)ခုစလုံးရဲ့ အပူချိန်တွေကို တစ်ပြိုင်နက်တည်း ချိန်ညှိပေးမှာဖြစ်ပြီး Type-C connector ကို ထိခိုက်စေခြင်းနဲ့ အပူလွန်ကဲခြင်း တို့ကို ကင်းဝေးစေမှာဖြစ်ပါတယ်။