8/11/2016

♪ Ad blocker သုံးထားတဲ့လူတွေဆီမှာပါ ကြော်ငြာတွေပြသွားတော့မှာဖြစ်တဲ့ Facebook ♫


Facebook ဆိုက်ကို desktop ကနေ ad-blocker တွေနဲ့ သုံးပေမယ့်လည်း၊ ကြော်ငြာတွေရန်က သင်ပြေးလွတ်တော့မှာ မဟုတ်ပါဘူး။ လူသုံးအများဆုံးလူမှုကွန်ရက်ဆိုက်တစ်ခုဖြစ်တဲ့ Facebook က အသုံးပြုသူတွေကို သူတို့မြင်ချင်တဲ့ ကြော်ငြာမျိုးပေါ်အောင် ထိန်းချုပ်ခွင့်ပိုပေးလိုက်ပြီဖြစ်ကြောင်း အင်္ဂါနေ့က ကြေငြာခဲ့ပါတယ်။ ဒါပေမယ့် တချိန်တည်းမှာပဲ၊ ကြော်ငြာပိတ်ဆော့ဖ်ဝဲတွေသုံးပြီး၊ Facebook ကြည့်သူတွေကိုလည်း ကြော်ငြာတွေ စပြသွားတော့မှာဖြစ်တယ်လို့ ဆိုပါတယ်။

“ Ad blocking ကုမ္ပဏီတစ်ချို့က ကျနော်တို့ ပြထားတဲ့ ကြော်ငြာတွေကို ပိတ်ထားရာကနေ ဖြည်ပေးမယ်ဆိုပြီး ကမ်းလှမ်းဖူးပါတယ်။ ဒါပေမယ့် ad blocking ကုမ္ပဏီတွေကို ငွေပေးမယ့်အစား၊ ကြော်ငြာပြသမှုပုံစံမှုကို ကျနော်တို့ရဲ့ သုံးစွဲသူတွေလက်ထဲ အပြည့်ထည့်ပေးသွားမှာပါ” လို့ Facebook ရဲ့ ကြော်ငြာစီးပွားရေးဌာန လက်ထောက်ဥက္ကဌ Andrew Bosworth က ဘလော့ဂ်ပို့စ်မှာ ရေးသားခဲ့ပါတယ်။

PageFair နဲ့ Adobe တို့က ပြုလုပ်ခဲ့တဲ့ ၂၀၁၅ ခုနှစ် စစ်တမ်းအရ၊ ကမ္ဘာပေါ်က လူပေါင်း သန်း ၂၀၀ ကျော်ဟာ ၎င်းတို့ရဲ့ desktop နဲ့ laptop ကွန်ပြူတာတွေမှာ ad-blocking ဆော့ဖ်ဝဲတွေအသုံးပြုနေကြကြောင်း သိရှိထားရပါတယ်။ မိုဘိုင်းဖုန်းတွေမှာဆိုရင်လည်း web browsing လုပ်တာပိုများလာတာကြောင့်၊ ad-blocking အသုံးပြုမှုကလည်း မြင့်တက်လာပြီး၊ ၂၀၁၆ ခုနှစ်မှာ အနည်းဆုံးလူပေါင်း ၄၁၉ သန်းလောက်ဟာ စမတ်ဖုန်းတွေမှာ ကြော်ငြာတွေကိုပိတ်ထားကြတယ်လို့ PageFair က လေ့လာတွေ့ရှိထားပါတယ်။

ကြော်ငြာတွေမမြင်ချင်လို့ Ad blocker သုံးသူတွေရှိသလို၊ တစ်ချို့လူတွေက ဝက်ဘ်ပေါ်မှာ သူတို့ရဲ့ဒေတာအချက်အလက်တွေ မပါသွားဖို့ အသုံးပြုကြပါတယ်။

Ad-blocker တွေကို bypass ကျော်ဖြတ်ပြီး၊ ကြော်ငြာအတင်းပြဖို့လုပ်တဲ့ Facebook လုပ်ရပ်ကို နာမည်ကျော်၊လူသုံးအများဆုံး Ad blocker တစ်ခုဖြစ်တဲ့ Adblock Plus ကတော့ ပြင်းပြင်းထန်ထန်ရှုတ်ချထားပြီး၊ “ အသုံးပြုသူတွေကို အလေးမထားတဲ့လုပ်ရပ်” လို့ သမုတ်ထားပါတယ်။

Facebook ဟာ လက်ရှိမှာ တစ်ကမ္ဘာလုံးက အသုံးပြုသူပေါင်း ၁.၇ ဘီလီယံလောက်ရှိပြီး၊ ၎င်းရဲ့ စီးပွားရေးကို ကြော်ငြာဝင်ငွေနဲ့ ရပ်တည်နေတာဖြစ်ပါတယ်။ ဧပြီကနေ ဂျွန်လအထိ၊ ဒုတိယသုံးလပတ်အတွင်းမှာတင် Facebook ဟာ ကြော်ငြာဝင်ငွေချည်း ကန်ဒေါ်လာ ၆.၂ ဘီလီယံအထိ ရရှိခဲ့ပါတယ်။ အဆိုပါကြော်ငြာဝင်ငွေထဲမှာ မိုဘိုင်းကြော်ငြာက ၈၄ ရာခိုင်နှုန်းပါတယ်လို့ ကုမ္ပဏီက တရားဝင်ထုတ်ပြန်ထားပါတယ်။

Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com