8/24/2016

♪ Oppo F1s စမတ်ဖုန်းကို လေ့လာသုံးသပ်ကြည့်ခြင်း (Review) ♫


Oppo ဟာ ကင်မရာကြိုက်လူငယ်တွေအတွက် ကင်မရာအသားပေး F စီးရီးစမတ်ဖုန်းတွေကို ယခုနှစ်အစောပိုင်းလောက်မှာ စထုတ်ခဲ့ပြီး၊ အောင်မြင်မှုအတော်အသင့်ရခဲ့တယ်လို့ ဆိုရမှာပါ။

ပထမဦးဆုံးထွက်လာတဲ့ Oppo F1 တုန်းကတော့ ကင်မရာပိုင်းပဲ အဓိကဦးစားပေးထားပြီး၊ ကျန်တဲ့အားနည်းချက်လေးတွေရှိလို့ Review တွေမှာ သိပ်နာမည်မရခဲ့ပါဘူး။ ဒါပေမယ့် နောက်မော်ဒယ် တစ်ခုဖြစ်တဲ့ F1 Plus မှာတော့ 1080p AMOLED မျက်နှာပြင်၊ RAM 4GB၊ MTK P10 ၊ 13MP ရှေ့ကင်မရာ စတဲ့အကောင်းဆုံးဟာ့ဒ်ဝဲတွေချည်း ထည့်သွင်းထားခဲ့တဲ့အတွက် ဈေးတော်တော်မြင့်တာတောင် ဝယ်သူတွေ တော်တော်များခဲ့တာတွေ့ရပါတယ်။

F စီးရီးရဲ့ အောင်မြင်မှုကို အရှိန်မသေစေချင်တဲ့ Oppo ဟာ အခုအခါ F1s ဆိုတဲ့ Selfie ဘုရင်ဖုန်းတစ်မျိုးကို ထပ်မံထုတ်လုပ်လိုက်ပါပြီ။ ယခု F1s ဟာ F1 Plus ဖုန်းထက် ဈေးတော်တော်သက်သာသွားပြီး၊ စွမ်းဆောင်ရည်ကလည်း မဆိုးဘူးလို့ ဆိုနိုင်ပါတယ်။ ကျန်တဲ့အသေးစိတ်အချက်အလက်တွေကော ဘယ်လိုရှိမလဲဆိုတာ ကျနော်တို့နဲ့အတူတူ လေ့လာကြည့်လိုက်ရအောင်။

ဒီဇိုင်းပိုင်း

ဖုန်းတစ်လုံးမှာ ဒီဇိုင်းပိုင်းက အဓိကလို့ ဆိုရမှာပါ။ ဝယ်သူတစ်ယောက်က အရင်ဆုံးဖုန်းဒီဇိုင်းနဲ့ ဝယ်သင့်၊ မဝယ်သင့်ဆုံးဖြတ်တာဖြစ်ပြီး၊ ဖုန်းအကြောင်းထဲထဲဝင်ဝင်နားမလည်သူတွေဆို ဒီဇိုင်းနဲ့ပဲ တန်းဆုံးဖြတ်တတ်ကြပါတယ်။

F1s ရဲ့ ဒီဇိုင်းပိုင်းကို ပြောရရင် F1 Plus နဲ့ တထေရာတည်းနီးပါးပါပဲ။ နောက်ထပ်ဒီဇိုင်းတော်တော်တူတဲ့ ဖုန်းတစ်လုံးကတော့ iPhone 6s Plus ။ ဒါနဲ့ ဘယ်ဖုန်းက အရင်ထွက်တာပါလိမ့်?

AndroidPIT-oppo-f1s-1-iphone-6-3-w782

F1 တုန်းက လက်ဗွေရာမပါ၊ ဟုမ်းခလုတ်မပါနဲ့ တော်တော်ဆွဲဆောင်မှုမရှိတဲ့ဒီဇိုင်းကို တွေ့ရပေမယ့်၊ F1 Plus မှာတော့ Oppo ဟာ ပြင်ဆင်မှုတွေ တော်တော်လုပ်ခဲ့တာကို တွေ့ရပါတယ်။ F1s ကတော့ ပြောရရင် F1 Plus ကို လူတန်းစားမရွေးကိုင်နိုင်အောင် ထုတ်ပေးထားတာပါပဲ။

တန်ဖိုးနည်းနည်း ( မြန်မာငွေ ၂ သိန်း ၇ သောင်းခန့် ) နဲ့ လက်ဗွေရာဆန်ဆာပါတဲ့ ဟုမ်းခလုတ်နဲ့ ဖုန်းမော်ဒယ် အသစ်ကိုင်ရမယ်ဆိုတော့ ဘာပြောပြော တန်တယ်လို့ ဆိုရမှာပါ။ ကျနော်ကိုယ်တိုင်လည်း လက်ဗွေရာဆန်ဆာကို ကျောဘက်ထားတာထက်စာရင် ဟုမ်းခလုတ်မှာ ထည့်ထားတာကို ပိုသဘောကျပါတယ်။

သတ္တုကိုယ်ထည်နဲ့ ဆိုတော့ တကယ့်တန်ဖိုးကြီးဖုန်းတစ်လုံးကိုင်နေရသလို ခံစားရမှာပါ။ ဖုန်းမျက်နှာပြင်မှာ လည်း ဘာတံဆိပ်မှ ထည့်သွင်းထားခြင်းမရှိဘဲ သပ်သပ်ရပ်ရပ်နဲ့ လှပနေတာကို တွေ့ရ ပါတယ်။

ဒီဇိုင်းပိုင်းကတော့ iPhone နဲ့ တော်တော်တူနေတာကလွဲရင် တန်ဖိုးအသင့်အတင့်ဖုန်းတစ်လုံးအတွက် ကတော့ အမိုက်စားဖြစ်ပါတယ်။

Oppo F1s မျက်နှာပြင်

Untitled-1

F1 Plus ရဲ့ AMOLED မျက်နှာပြင်ကို ဒီဖုန်းမှာမသုံးထားဘဲ ရိုးရိုး IPS LCD မျက်နှာပြင်နဲ့ ဖြစ်ပါတယ်။ ဒီအချက်ကတော့ AMOLED မျက်နှာပြင်ဖုန်းကြိုက်သူတွေအတွက် စဉ်းစားသင့်တဲ့အချက်ဖြစ်ပါတယ်။

မျက်နှာပြင်က ၅.၅ လက်မအကျယ်ဆိုတော့ ဖုန်းမျက်နှာပြင်ကြီးကြီးကြိုက်သူတွေအတွက် အနေတော်ပါပဲ။ ဖန်သားအတွက် Gorilla Glass 4 ကို သုံးထားပါတယ်။

F1s ရဲ့ နောက်ထပ်အားနည်းချက်တစ်ခုကတော့ Resolution လို့ ဆိုရမှာပါ။ 720p HD ရုပ်ထွက်ရှိပေမယ့် အခုဆိုရင် သုံးသိန်းနီးပါးဖုန်းတော်တော်များများက full-HD resolution တွေနဲ့ဆိုတော့ ရုပ်ထွက်ကောင်းတာလိုချင်ရင် တခြားဖုန်းကို ရွေးသင့်ပါတယ်။

ဆော့ဖ်ဝဲပိုင်း

oppo-f1s-interface

Oppo F1s ဟာ Android 5.1 Lollipop စနစ်အခြေခံ Color OS အသစ် 3.0 ကို အသုံးပြုထားပါတယ်။ Android Lollipop ဟာ ၂၀၁၅ ကတည်းက OS ဖြစ်ပြီး၊ အခုဆိုရင် Android 7.0 Nougat ထွက်နေပြီ ဖြစ်ပါတယ်။ ဈေးအတူတူ တစ်ချို့တံဆိပ်ဖုန်းတွေမှာ Android M နဲ့ ဖြစ်နေပြီဖြစ်တာကြောင့်၊ Oppo အနေနဲ့ Android 6.0 Marshmallow ကို ထည့်ပေးသင့်တယ်လို့ ထင်ပါတယ်။

Oppo UI ရဲ့ နောက်ထပ်ထူးခြားချက်တစ်ခုကတော့ iOS နဲ့ တော်တော်ကြီးဆင်နေတာပါ။ UI ပိုင်းကိုတော့ အမှတ်သိပ်မပေးချင်ပါဘူး။ Oppo ၊ Vivo ဖုန်းတွေရဲ့ ထုံးစံအတိုင်း ဆန်ဆာလုပ်ဆောင်ချက် အများအပြားကိုတော့ ဒီဖုန်းမှာ တွေ့ရဦးမှာပါ။

ဒါပေမယ့် Oppo ရဲ့ နာမည်ကျော်အားအမြန်သွင်းစနစ် (VOOC) အားသွင်းစနစ်ပါဝင်လာခြင်းမရှိ တာကတော့ တော်တော်ဆိုးပါတယ်။

ဟာ့ဒ်ဝဲပိုင်း

oppo-f1s1
F1s ဟာ နာနို SIM နှစ်ကတ်ကော microSD ကတ်ပါ သုံးနိုင်မယ့် စမတ်ဖုန်းဖြစ်ပါတယ်။ ဒီအချက်ကတော့ ကျနော်တို့နိုင်ငံကသုံးစွဲသူတွေအတွက် တော်တော်အဆင်ပြေတယ်ဆိုရမှာပါ။ microSD ကတ်နဲ့ SIM ရောသုံးရမယ့် hybrid ဖုန်းတွေထက် အားသာချက်တစ်ခုလို့ဆိုနိုင်ပါတယ်။

စွမ်းဆောင်ရည်ပိုင်း

F1s ဟာ စွမ်းဆောင်ရည်မြင့်ဖုန်းတစ်လုံးမဟုတ်ပါဘူး။ 1.5GHz ရှိတဲ့ octa-core MediaTek MT6750 ပရိုဆက်ဆာ ၊ RAM 3GB နဲ့ ဖုန်းတွင်း storage 32 GB တို့ ပါရှိပါတယ်။ ဂရပ်ဖစ်အတွက်ကတော့ ARM ရဲ့ Mali-T860 MP2 GPU ကို အသုံးပြုထားပါတယ်။

Opp F1s ရဲ့ လက်ဗွေရာဆန်ဆာအလုပ်လုပ်တာကတော့ F1 Plus အတိုင်းပဲ တော်တော်မြန်ပါတယ်။ တင်လိုက်တာနဲ့ ၀.၂၂ စက္ကန့်အတွင်း တန်းပွင့်သွားမှာဖြစ်ပါတယ်။ ဒီ့အပြင် Oppo ရဲ့ Touch Access နည်းပညာပါဝင်တာကြောင့် လက်ငါးချောင်းစလုံးကို လက်ဗွေရာပေးထားပြီး လက်ချောင်းတစ်ခုစီအလိုက် ကိုယ်ကြိုက်ရာ app ကို တန်းဖွင့်နိုင်အောင် လုပ်ထားနိုင်ပါတယ်။ ဥပမာ လက်ညှိုးတင်လိုက်တာနဲ့ ဖုန်း app တန်းပွင့်လာတာ၊ လက်ခလယ်တင်လိုက်တာနဲ့ Facebook တန်းပွင့်လာအောင် လုပ်ထားနိုင်ပါတယ်။

ဘက်ထရီ

3075mAh ဘက်ထရီပါဝင်ပြီး၊ F1 ဖုန်း (2500mAh) ကော F1 Plus (2850 mAh) ထက်ကော ဘက်ထရီပိုကြီးပါတယ်။ စခရင် resolution ကလည်း နည်းပြီး၊ ပရိုဆက်ဆာကလည်း အမြင့်ကြီးမဟုတ်တဲ့ အတွက် ဘက်ထရီသက်တမ်းက ပိုလို့တောင်ခံဦးမှာပါ။
ဘက်ထရီစမ်းသပ်ချက်မှာ SIM နှစ်ကတ်လုံးထိုးထားပြီး ဖုန်းဖွင့်ထားတာ ၇၅ နာရီအထိ ခံတာတွေ့ရပါတယ်။

ကင်မရာ

oppo-f1s-camera

ကင်မရာမှာတော့ Selfie ဖုန်းဆိုတဲ့အတိုင်း ရှေ့ကင်မရာကတော့ အပါချာ f/2.0 ရှိ 16-Megapixel ပါဝင်တာကြောင့် အလင်းကောင်းကောင်းမရတဲ့နေရာမှာ ပုံကောင်းကောင်းထွက်အောင် ရိုက်ပေးနိုင်တာတွေ့ရပါတယ်။

အားနည်းချက်ကတော့ Selfie ဘုရင်ဖုန်းဖြစ်ပြီး၊ ရှေ့ကင်မရာအတွက် LED flash မီးလေးတစ်လုံးတောင် မပါဝင်တာပါ။ ဒါပေမယ့် Selfie ရိုက်ရင် ဖုန်းမျက်နှာပြင်က Screen Flash နဲ့တင် တော်တော်အလုပ်ဖြစ်တာတွေ့ရပါတယ်။

တခြား F စီးရီးဖုန်းတွေလိုပဲ အသံနဲ့ ဒါမှမဟုတ် လက်ဟန်အမူအရာနဲ့ Selfie ဆွဲနိုင်မှာဖြစ်ပါတယ်။ GIF mode လည်း ပါဝင်တာကြောင့် ရှေ့ကင်မရာနဲ့တင် အပျော်တမ်း GIF တွေ ဖန်တီးနိုင်မှာပါ။

Beautify 4.0 ဆော့ဖ်ဝဲကတော့ တခြားဆော့ဖ်ဝဲတွေတောင် မလိုဘဲ သင့်ကို အလှပဆုံး Selfie ပုံတစ်ခု ပေးစွမ်းနိုင်မှာပါ။

13-MP ကျောကင်မရာမှာလည်း shutter တို့ ၊ ISO တို့ကို စိတ်ကြိုက်ချိန်နိုင်တဲ့ Expert mode ပါဝင်လာပါတယ်။ ကင်မရာသမားတွေအကြိုက် RAW format နဲ့လည်း ဓာတ်ပုံကို save လုပ်ထားနိုင်မှာပါ။ ကျောကင်မရာမှာတော့ LED flash ပါဝင်ပြီး၊ PDAF စနစ်လည်း ပါဝင်ပါတယ်။

ကင်မရာနှစ်ခုလုံးက ခြုံကြည့်ရင် ဆုံချက်ချိန်တာကော၊ ကာလာအရည်အသွေးကော တော်တော်ကောင်းပြီး၊ ကြည်လင်ပြတ်သားမှုလည်း ကောင်းပါတယ်။ ရှေ့ကင်မရာက focal length နည်းနည်းတိုတာကြောင့် wide ဖြစ်ပေမယ့် အဝေးကပုံရိပ်တွေကိုတော့ ဆုံချက်ချိန်ဖို့ ခဲယဉ်းပါတယ်။ ဒါပေမယ့် Selfie ရိုက်ဖို့အတွက်ပဲ ဆိုရင်တော့ focal length တိုတာက ပိုကောင်းမှာပါ။

အဆုံးသတ်သုံးသပ်ချက်

Oppo F1s ဖုန်းကို ဝယ်သင့်/မဝယ်သင့် စဉ်းစားမယ်ဆိုရင်တော့ မိတ်ဆွေအကြိုက်ပေါ်မှာပဲ မူတည်ပါတယ်။ ကိုယ်က ဖုန်းဂိမ်းတွေလည်း သိပ်မဆော့ဖြစ်၊ ဆိုရှယ် apps တွေသုံးတာလောက်၊ ပုံတင်တာလောက်ပဲ ဆိုရင် ဒီဖုန်းက တကယ်သင့်တော်ပါတယ်။ လက်ဗွေရာဆန်ဆာကလည်း အမြန်စား၊ ဖုန်းဒီဇိုင်းကလည်း အမိုက်စား ဆိုတော့ လူငယ်တွေအကြိုက်ပါပဲ။

ဒါပေမယ့် ဂိမ်းအမြင့်ကြီးတွေဆော့ချင်သူတွေ၊ ရုပ်ထွက်အမြင့်ဆုံးဖုန်းကိုမှ စိတ်တိုင်းကျသူတွေ၊ စွမ်းဆောင်ရည်ကောင်းကောင်းဖုန်းသုံးချင်သူတွေအနေနဲ့တော့ နည်းနည်းပြန်စဉ်းစားသင့်ပါတယ်။

၂ သိန်း ၇ သောင်းဆိုတဲ့ ဈေးနဲ့ ကင်မရာကောင်းကောင်းဖုန်းရမယ်၊ ဒီဇိုင်းကလည်း iPhone နဲ့ တော်တော် တူတဲ့ဖုန်းတစ်လုံးရမယ်၊ ဘက်ထရီလည်း မဆိုးဘူး၊ စွမ်းဆောင်ရည်ကလည်း အနေတော်ဆိုတော့ သူ့ဈေးနဲ့သူ တန်တယ်လို့ ဆိုနိုင်ပါတယ်။ Oppo ရဲ့ UI ကို ကြိုက်တယ်ဆိုရင်တော့ ဝယ်ဖို့ တိုက်တွန်းချင်ပြီး၊ Oppo UI မကြိုက်ဘူးဆိုရင်တော့ နောက်ထပ်ငါးသောင်းလောက် ထပ်စိုက်လိုက်ရင် Mi 5 တောင် ကိုင်နိုင်ပါပြီ။

Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com