ကိုယ့်အလုပ်ကိစ္စအကြောင်းအရာတွေ၊ ပုဂ္ဂိုလ်ရေးအကြောင်းအရာတွေကို
လက်ပ်တော့နဲ့ ကြည့်နေစဉ်မှာ စပ်စုတတ်တဲ့ တခြားလူတွေ မြင်သွားမှာ
စိုးရိမ်နေပါသလား။ ဒီအတွက် HP မှာ အဖြေရှိပါတယ်။
HP ကုမ္ပဏီဟာ ခလုတ်တစ်ချက်နှိပ်လိုက်ရုံနဲ့ လက်ပ်တော့မျက်နှာပြင်ကို တခြားရှုထောင့်တွေကနေ ကြည့်လို့မရအောင် လုပ်ပေးနိုင်တဲ့ ဖန်သားပြင်တစ်မျိုးကို ထုတ်လုပ်လိုက်ပါပြီ။
HP ရဲ့ Sure View ဖန်သားပြင်အသစ်ဟာ 3M ကုမ္ပဏီရဲ့ Polarization (အလင်းသန့်ခြင်းနည်းပညာ) ကို အသုံးချထားတဲ့ အလင်းစစ် screen တစ်ခုဖြစ်ပြီး၊ ထောင့်ဘက်ကို အလင်းပြန်မထွက်အောင် တားဆီးပေးလိုက်တာဖြစ်ပြီး၊ ဘေးကလူတွေအနေနဲ့ လက်ပ်တော့မျက်နှာပြင်ကို လုံးဝမြင်ရမှာမဟုတ်ပါဘူး။
Privacy filter မှန်တွေရဲ့ ထုံးစံအတိုင်း ဒီမှန်တပ်ထားမယ်ဆိုရင် စခရင်က သိသိသာသာမှိန်သွားပြီး၊ ပုံရိပ်အရည်အသွေးကလည်း နည်းနည်းဝါးသွားမှာဖြစ်ပါတယ်။ ဒါပေမယ့် ကိုယ့်အချက်အလက်လုံခြုံဖို့က အဓိကကျတဲ့အချိန်မျိုးမှာတော့ ဒါကမပြောပလောက်ပါဘူး။
HP ရဲ့ ယခု Sure View စခရင်ကို ကီးဘုတ်ကနေ ဖန်ရှင်ကီး F2 ခလုတ်နဲ့တင် အဖွင့်အပိတ်လုပ်နိုင်မှာဖြစ်ပြီး၊ HP EliteBook 1040 လက်ပ်တော့နဲ့ Elitebook 840 တို့မှာ တပါတည်းတပ်ဆင်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

www.pyaephyo.com