Huawei
၏ စမတ်ဖုန်း စုစုပေါင်းတင်ပို့ရောင်းချနိုင်မှုသည် စက်တင်ဘာလ ၃၀ ရက်အထိ
သုံးလတာအတွက် အလုံးရေ ၁၇.၄ သန်းအထိရှိခဲ့ကြောင်း သတင်း ထုတ်ပြန်သည်။
အဆိုပါပမာဏမှာ တစ်နှစ်ထက်တစ်နှစ် ၆၃ ရာခိုင်နှုန်း တိုးတက်လာခြင်းဖြစ်ကြောင်း၊ စမတ်ဖုန်း လုပ်ငန်းစု တစ်ခုလုံးအနေဖြင့် ၂၀၁၅ ခုနှစ်အတွက် နှစ်စဉ် တိုးတက်မှုနှုန်း ၉.၃ ရာခိုင်နှုန်း တိုးတက်စေရန် မျှော်မှန်းထားကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
Huawei ၏ ဥရောပ၊ အရှေ့အလယ်ပိုင်းနှင့် အာဖရိကဒေသများသို့ စမတ်ဖုန်းတင်ပို့ရောင်းချမှုမှာ ၇၀ ရာခိုင်နှုန်းနှင့် ၉၈ ရာခိုင်နှုန်းစီ အသီးသီး မြင့်တက် လာခဲ့ကြောင်း၊ တရုတ်နိုင်ငံရောင်းအားမှာ ယခင်နှစ်ကထက် ၈၁ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း ဆိုထားသည်။
စတင်မိတ်ဆက်လိုက်သည့် အချိန်မှစ၍ Mate 7 အလုံးရေ ၆.၅ သန်း၊ P7 အလုံးရေ ၇.၅ သန်းနှင့် P8 အလုံးရေ ၄ သန်းတို့ကို အသီးသီး တင်ပို့ရောင်း ချနိုင်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။ ယခုနှစ် စက်တင်ဘာလအတွင်းက မိတ်ဆက်လိုက်သည့် Huawei ၏ Huawei Mate S သည် တရုတ်၊ ယူကေ၊ ဂျာမနီ၊ ပြင် သစ်၊ စပိန် စသည့်နိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၄၈ နိုင်ငံကျော်တွင် ရောင်းအားကောင်းခဲ့ပြီး High-end နှင့် Mid-end စမတ်ဖုန်းများ၏ ရောင်းအားသည် ဥရောပနိုင်ငံများတွင် ခိုင်မာနေကြောင်း၊ စပိန်နိုင်ငံ၏ စမတ်ဖုန်းအားလုံး ရောင်းချမှုတွင် ၁၂.၄ ရာခိုင်နှုန်းအထိ ဈေးကွက်နေရာ ရရှိထားပြီး ယူရို ၄၀၀ မှ ၅၀၀ ကြား တန်ဖိုးရှိသည့် စမတ်ဖုန်းရောင်းချမှု ဈေးကွက်တွင်လည်း ၄၅.၇ ရာခိုင်နှုန်းအထိ ဈေးကွက်ဝေစုကို ရရှိထားကြောင်း ထုတ်ပြန်ချက်က ဆိုထားသည်။
အီတလီနိုင်ငံ၏ စမတ်ဖုန်းဈေးကွက်တွင် ၂၇.၉ ရာခိုင်နှုန်း နေရာရရှိထားကာ စမတ်ဖုန်း အားလုံး ရောင်းချ မှုဈေးကွက်တွင် ၁၀.၉ ရာခိုင်နှုန်း ရရှိထားကြောင်း၊ Huawei Consumer Business Group (BG) သည် ၂၀၁၅ ခုနှစ်၏ တတိယသုံးလပတ်အတွက် တိုးတက်လာသည့် စမတ်ဖုန်း တင်ပို့ရောင်းချနိုင်ခဲ့မှု ရလဒ်ကို ထုတ်ပြန်ကြေညာလိုက်ခြင်း ဖြစ်သည်။

Credit to ==> Internet Journal