
စမတ်ဖုန်းများမှာ အိမ်သာများမှာထက် ဘက်တီးရီးယား
ပိုးမွှားများ ပိုမို ရှိတယ်လို့ သုတေသန စစ်တမ်းများ အရ သိခဲ့ရပြီးပါပြီ။
စမတ်ဖုန်းများဟာ ရောဂါပိုးမွှားများ အများဆုံး ကပ်ညိနေတဲ့ လူ့အသုံးအဆောင်
ပစ္စည်းလည်း ဖြစ်ပါတယ်။ အခုတော့ Stockholm မှ Karolinska Institute ရှိ
ပညာရှင်များက စမတ်ဖုန်း စကရင်များမှာ အသုံးပြုတဲ့ လျှပ်ကူး ပလတ်စတစ်
မျက်နှာပြင်မှ အီလက်ထရွန်များကို လှုံ့ဆော်ခြင်းဖြင့် ဘက်တီးရီးယားများအား
နည်းပါးအောင်၊ များပြားအောင် ပြုလုပ်နိုင်တယ်ဆိုတာကိုလေ့လာတွေ့ရှိခဲ့ကြ ပါတယ်။
သုတေသနကို
ဦးဆောင်နေတဲ့ Agneta Richter-Dahlfors က “ လျှပ်ကူး ပလတ်စတစ်ဟာ
ဘက်တီးရီးယားများ ပွားများမှုကို ဟန့်တား သို့မဟုတ် အားပေးနိုင်ပါတယ်။
ဘက်တီးရီးယားဟာ အီလက်ထရွန်များ ပြည့်နှက်နေတဲ့ မျက်နှာပြင်အပေါ်ကို ရောက်ရင်
ပွားများခြင်း မပြုနိုင်တော့ပါဘူး။ မျက်နှာပြင်မှာ အီလက်ထရွန်များ
ပြည့်နှက်နေတဲ့အတွက် ဘက်တီးရီးယားများဟာ သူတို့ ကိုယ်ပိုင်
အီလက်ထရွန်များကို ထုတ်လုပ်နိုင်ခြင်း မရှိတော့ပါဘူး။ “ လို့ ပြောပါတယ်။
မျက်နှာပြင်မှာ အီလက်ထရွန်များ နည်းပါးနေရင်တော့
ဘက်တီးရီးယားများ ပိုမိုပေါက်ဖွားနိုင်မှာဖြစ်ပါတယ်။ မျက်နှာပြင်မှာ
အီလက်ထရွန်များ မရှိရင်တော့ နေရာလွတ်များ ရှိတဲ့အတွက် ဘက်တီးရီးယားများဟာ
သူတို့ကိုယ်ပိုင် အီလက်ထရွန်များကို ထုတ်လုပ်နိုင်ကြပါတယ်။
ပညာရှင်များက ရောဂါ ကူးစက်မှုများကို ဟန့်တားဖို့ရန်
ကျန်းမာရေး ကိရိယာများအတွက် ဈေးသက်သာတဲ့ အလွှာတစ်ခုကို ဖန်တီးဖို့
ဖြစ်ပါတယ်။ “ ကျန်းမာရေး ကိရိယာများမှာ ဒီဒြပ်ထုကို ထည့်သွင်းခြင်းဖြင့်
ဘက်တီးရီးယား ကူးစက်မှုများကို ခံနိုင်ရည်ရှိလာမှာ ဖြစ်ပါတယ်။ ဒါ့အပြင်
စွန့်ပစ် ရေဆိုးများကနေ သန့်စင်တဲ့ ရေကို ဖန်တီးဖို့အတွက်လည်း ဒီနည်းပညာက
အသုံးဝင်မှာပါ။ “ လို့ ပါမောက္ခ Richter-Dahlfors က ပြောပါတယ်။