8/04/2016

♪ ၅.၇ လက်မအရွယ် မျက်နှာပြင်အကွေးနဲ့၊ မျက်ဝန်းစကင်နာတို့ ပါဝင်လာတဲ့ Samsung Galaxy Note 7 ထွက်ရှိ ♫


ယနေ့ည ၉ နာရီခွဲက နယူးယော့ခ်၊ လန်ဒန်နဲ့ ရီယိုဒီဂျနေရိုး မြို့တွေမှာ တပြိုင်တည်းကျင်းပပြုလုပ်သွားတဲ့ Unpacked Event မှာ Samsung ဟာ ကုမ္ပဏီရဲ့နောက်ဆုံးပေါ်စမတ်ဖုန်း Galaxy Note 7 ကို မိတ်ဆက်ပြသလိုက်ပြီဖြစ်ပါတယ်။

ခန့်မှန်းထားတဲ့အတိုင်း မျက်ဝန်းစကင်နာ (Iris scanner) ပါဝင်လာတာကို တွေ့ရပြီး၊ ဖုန်းကို စက္ကန့်ပိုင်းအတွင်းမှာ မျက်လုံးနဲ့ unlock လုပ်လို့ရမှာ ဖြစ်ပါတယ်။ Samsung ဖုန်းတွေထဲမှာ iris scanner ပါဝင်တဲ့ ပထမဆုံးဖုန်းဖြစ်ကာ၊ လက်ဗွေရာဆန်ဆာကို ပိုသဘောကျသူတွေအတွက်လည်း လက်ဗွေရာဆန်ဆာပါဝင်လာပါသေးတယ်။

IP68 အဆင့်သတ်မှတ်ချက်ရထားတဲ့ ရေစိုခံဖုန်းဖြစ်ပြီး၊ ဒီဇိုင်းပိုင်းကတော့ Galaxy S7 Edge နဲ့ ကွာခြားမှုမရှိပါဘူး။

Samsung Galaxy Note 7 ဟာ ၅.၇ လက်မအကျယ် QHD (1440×2560 pixels) Super AMOLED မျက်နှာပြင်အကွေးနဲ့ဖြစ်ပြီး၊ မကြာသေးမီကမှာ ထွက်ရှိထားတဲ့ Corning Gorilla Glass 5 ဖန်သားကို အသုံးပြုထားပါတယ်။

ပရိုဆက်ဆာပိုင်းမှာတော့ S7 Edge အတိုင်း octa-core Snapdragon 820 ပရိုဆက်ဆာနဲ့ဖြစ်ပြီး၊ US မဟုတ်တဲ့ တခြားဈေးကွက်တွေမှာတော့ Samsung ရဲ့ Exynos ပရိုဆက်ဆာနဲ့ လာဖွယ်ရှိပါတယ်။  RAM အနေနဲ့ 4GB DDR4 RAM ပါရှိပြီး၊ ဖုန်းတွင်း storage က 64GB အထိပါရှိပါတယ်။ တကယ်လို့ storage ထပ်တိုးချင်တယ်ဆိုရင်လည်း microSD ကတ် 128GB အထိ ထပ်စိုက်နိုင်မှာပါ။

Android 6.0 Marshmallow စနစ်နဲ့ဖြစ်ကာ၊ Galaxy Note 7 ရဲ့ နောက်ထပ်ထူးခြားချက်တစ်ခုကတော့ ‘Dual Pixel’ 12-MP ကျောကင်မရာပါဝင်လာခြင်းဖြစ်ပါတယ်။ Dual-Pixel ဆန်ဆာနည်းပညာကြောင့် ဆုံချက်ရှာရမှာ အလွန်မြန်ဆန်မှုရှိပြီး၊ အလင်းနည်းနေတဲ့အချိန်မှာတောင် ကြည်လင်ပြတ်သားတဲ့ ပုံရိပ်တွေကို ပေးစွမ်းနိုင်မှာပါ။ ရှေ့ကင်မရာကတော့ S7 Edge အတိုင်း 5-megapixel ပဲဖြစ်ပါတယ်။

Samsung ရဲ့ Galaxy Note 7 ဟာ ပြောရမယ်ဆိုရင် S7 Edge နဲ့ ဟာ့ဒ်ဝဲပိုင်း တော်တော်တူညီပြီး၊ မျက်နှာပြင်ပိုကြီးသွားတာ၊ မျက်ဝန်းစကင်နာနဲ့ Dual-Pixel ကင်မရာပါလာတာ၊ S-Pen ပါလာတာတို့ပဲ ကွာပါတယ်။
ဘက်ထရီမှာတော့ 3500mAh ဘက်ထရီပါဝင်ပြီး၊ အားအမြန်သွင်းနည်းပညာကော၊ ကြိုးမဲ့အားသွင်းနည်းပညာကော ပါဝင်ပါတယ်။

Samsung အနေနဲ့ Note 7 မှာ နည်းပညာမြင့် USB Type-C အပေါက်ကို အသုံးပြုလာတာတွေ့ရပြီး၊ Samsung ရဲ့ USB Type-C သုံး ပထမဆုံးဖုန်းလို့ ခေါ်ဆိုနိုင်ပါတယ်။

ကုမ္ပဏီရဲ့ပြောကြားချက်အရ၊ Note 7 ဖုန်းမှာပါတဲ့ မျက်ဝန်းစကင်နာကနေ Samsung Pay မိုဘိုင်းငွေချေမှုစနစ်ကို အသုံးပြုနိုင်မှာဖြစ်ပြီး၊ လုံခြုံရေးပိုင်းမှာ ပိုမိုစိတ်ချရမှုရှိလာမှာပါ။

နာမည်ကြီးဂိမ်းတွေပါထည့်ပေးထားတဲ့ Game Pack လည်း တပါတည်းပါလာမှာဖြစ်တာကြောင့်၊ ဂိမ်းဝါသနာရှင်တွေ အကြိုက်ပါပဲ။

Samsung Galaxy Note 7 ကို သန္တာပြာရောင်၊ ပလက်တီနမ်ရွှေရောင်၊ တိုက်တေနီယမ်ငွေရောင် နဲ့ မဟူရာနက်ရောင်ဆိုပြီး ကာလာလေးမျိုးရရှိမှာဖြစ်ကာ၊ ဈေးနှုန်းကိုတော့ တရားဝင်မကြေငြာရသေးပါဘူး။ အရင် Note ဖုန်းတွေနဲ့ ဈေးသိပ်မကွာဘူးလို့တော့ Samsung က ဆိုထားပြီး၊ ဒေါ်လာ ၈၀၀ ခန့်ရှိနိုင်ပါတယ်။

Samsung Galaxy Note 7 ကို သြဂတ်စ်လ ၃ ရက်နေ့ကနေစပြီး ကြိုတင်မှာယူနိုင်ပြီဖြစ်ကာ၊ သြဂတ်စ် ၁၉ ရက်မှာ စတင်ရောင်းချသွားမှာဖြစ်ပါတယ်။

Capture 
 
1

Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com