11/16/2015

♪ လက်ရှိဘက်ထရီများထက် ၁၀ ဆ ပိုမိုလျင်မြန်စွာ အားသွင်းနိုင်မည့် နည်းလမ်းကို တွေ့ရှိထားကြောင်း Huawei ပြောကြား ♫


တရုတ် ထိပ်တန်းစမတ်ဖုန်းကုမ္ပဏီဖြစ်သော Huawei သည် လက်ရှိ ဘက်ထရီများထက် အားသွင်းချိန် ၁၀ ဆ ပိုမိုလျင်မြန်သည့် နည်းလမ်းတစ်ရပ်ကို တွေ့ရှိထားကြောင်း ပြောကြားလိုက်သည်။

ပြီးခဲ့သည့် သောကြာနေ့က ဂျပန်နိုင်ငံတွင် ပြုလုပ်ခဲ့သော ပွဲတစ်ခုတွင် Huawei က ၅ မိနစ်အတွင်း ၄၈ ရာခိုင်နှုန်း အားပြန်သွင်းနိုင်သော lithium-ion ဘက်ထရီတစ်မျိုးကို မိတ်ဆက်ပြသခဲ့သည်။ အဆိုပါ ဘက်ထရီ၏ အရွယ်အစားမှာ 3,000 mAh ဖြစ်သည်။ ထို့အပြင် ၂ မိနစ်အတွင်း ၆၈ ရာခိုင်နှုန်း အားပြန်သွင်းနိုင်သော အရွယ်သေးငယ်သည့် 600 mAh ဘက်ထရီတစ်မျိုးကိုလည်း ကုမ္ပဏီမှ မိတ်ဆက်ပေးခဲ့သည်။

ပြိုင်ဘက်ထုတ်ကုန်များနှင့် နှိုင်းယှဉ်လျှင် Samsung Galaxy S6 က 2,550 mAh ဘက်ထရီနှင့် iPhone 6 တွင် 1,810 mAh ဘက်ထရီတို့ကို အသုံးပြုထားသည်။

“သိပ်မကြာခင်မှာ ကျွန်တော်တို့က ကော်ဖီတစ်ခွက် သောက်တဲ့အချိန်အတွင်း ဘက်ထရီတွေကို အားအပြည့်ဖြည့်နိုင်ပါတော့မယ်” ဟု Huawei မှ ပြောကြားသည်။

ထို့အပြင် ၎င်းနည်းပညာသစ်သည် ဘက်ထရီရှိ lithium ion များ သိုလှောင်ပုံနှင့် ရွေ့လျားပုံကို အပြောင်းအလဲ ဖြစ်စေသောကြောင့် အားသွင်းချိန် ပိုမိုလျင်မြန်လာခြင်း ဖြစ်ကြောင်း ကုမ္ပဏီမှ ဆိုသည်။
Huawei ကမူ အဆိုပါ ရှာဖွေတွေ့ရှိမှုသည် မိုဘိုင်းဖုန်းများ၊ လျှပ်စစ်ကားများ၊ ဝတ်ဆင်နိုင်သော ထုတ်ကုန်များ စသည်တို့တွင် ကြီးမားသော အပြောင်းအလဲဖြစ်စေမည်ဟု ယုံကြည်လျက်ရှိသည်။

အခြားသော ကုမ္ပဏီအချို့ကလည်း Huawei ကဲ့သို့ပင် ဘက်ထရီအားသွင်းမှုလုပ်ငန်းစဉ် ပိုမိုကောင်းမွန်လာစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

Energous, Nikola Labs နှင့် အခြားကုမ္ပဏီငယ်တို့သည် ရေဒီယိုလှိုင်းများကို အသုံးပြုကာ gadget များကို အားသွင်းနိုင်မည့် နည်းလမ်းများအား လုပ်ဆောင်နေသည်။

ဗြိတိန် hydrogen fuel cell ကုမ္ပဏီဖြစ်သော Intelligent Energy ကလည်း ၇ ရက်ခန့် အားသွင်းရန်မလိုသည့် iPhone 6 ဘက်ထရီတစ်ခု၏ ရှေ့ပြေးပုံစံကို ဖန်တီးလျက်ရှိကြောင်း ပြောကြား ခဲ့သည်။

Ref: CNN
Credit to ==> Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com