ရှောင်မီက သူ့ရဲ့ ပထမဆုံး Laptop ကို မိတ်ဆက်လိုက်ပါတယ်။ Mi Notebook Air လို့ အမည်ပေးထားပြီး သတ္တုကိုယ်ထည်တပ်ဆင်ထားပါတယ်။ Apple MacBook Air ကို ယှဉ်ပြိုင်ဖို့ဖြစ်နိုင်ပါတယ်။ မော်ဒယ် ၂ မျိုးထုတ်လုပ်ပေးထားပြီး ၁၂.၅ လက်မကို ယွမ် ၃၄၉၉ နဲ့ ၁၃.၃ လက်မကို ယွမ် ၄၉၉၉ သတ်မှတ်ထားပါတယ်။

၁၃.၃ လက်မ မော်ဒယ်မှာ Full HD Display တပ်ဆင်ထားပါတယ်။ ၁၃.၃ လက်မမော်ဒယ် Mi Notebook Air ဟာ MacBook Air ထက် ၁၁ ရာခိုင်နှုန်း သေးငယ်ပါတယ်။ ၁၄.၈ မီလီမီတာ အထူရှိပြီး MacBook Air ကတော့ ၁၇ မီလီမီတာ အထူရှိပါတယ်။ ၁.၂၈ ကီလိုဂရမ် အလေးချိန်ရှိပြီး ၁၃ လက်မ MacBook Air မှာ ၁.၃၅ ကီလိုဂရမ် အလေးချိန်ရှိပါတယ်။ ဆဌမမျိုးဆက် Intel Core i5 Processor, 1GB GDDR5 VRAM, 8GB DDR4 RAM, 256GB SSD တပ်ဆင်ထားပါတယ်။ ဘက်ထရီ သက်တမ်းမှာ ၉.၅ နာရီ ဖြစ်ပါတယ်။

၁၂.၅ လက်မမော်ဒယ်ဟာ ၁၂.၉ မီလီမီတာ အထူရှိပြီး ၁.၀၇ ကီလိုဂရမ် အလေးချိန်ရှိပါတယ်။ Full HD Display , Intel Core M3 Processor , 4GB RAM , 128GB SATA SSD တပ်ဆင်ထားပါတယ်။ ၁၁.၅ နာရီ အသုံးခံပါတယ်။