8/04/2016

♪ Samsung Galaxy Note 7 မှာ ပါဝင်လာတဲ့ Iris Scanner လုံခြုံရေးစနစ်က ဘယ်လိုအလုပ်လုပ်လဲ ♫


Samsung ဟာ သူတို့ရဲ့ အဓိကစမတ်ဖုန်းအမျိုးအစားတစ်မျိုးဖြစ်တဲ့ Galaxy Note စီးရီးရဲ့ နောက်ဆုံးမျိုးဆက် စမတ်ဖုန်း Galaxy Note 7 ကို မနေ့က အမေရိကန်ပြည်ထောင်စု၊ နယူးယော့ခ်မြို့မှာ မိတ်ဆက်ပြသခဲ့ပါတယ်။ Galaxy Note 5 ကနေ Note 6 ကိုကျော်ပြီး Note 7 အဖြစ်ထုတ်လုပ်ခဲ့တဲ့ ဖုန်းအနေနဲ့ လုပ်ဆောင်ချက်တွေ တော်တော်များများ အသစ်အဆန်းအနေနဲ့ ထပ်မံ ပါဝင်လာခဲ့တာကို တွေ့ရမှာပါ။

ဒီအထဲမှာ လုံခြုံရေးစနစ်တစ်ခုဖြစ်တဲ့ မျက်ဝန်းကို ဖတ်ပြီးမှ ဖုန်းကို ဖွင့်နိုင်တဲ့ စနစ်အသစ်တစ်မျိုးလည်း ပါဝင်လာခဲ့ပါတယ်။ ဒီလုံခြုံရေးစနစ်ဟာ Samsung ဖုန်းတွေထဲမှာ ပထမဆုံး ပါဝင်တဲ့ စနစ်အသစ်တစ်မျိုးဖြစ်တဲ့အပြင် တခြား စမတ်ဖုန်းပြိုင်ဘက်တွေမှာတောင် သိပ်မတွေ့ရသေးတဲ့ စနစ်တစ်ခုဖြစ်တာကြောင့် Samsung ကဦးဦးဖျားဖျား တီထွင်ထုတ်လုပ်နိုင်ခဲ့တယ်လို့ ပြောရင်လည်း မမှားပါဘူး။ အရင်က Lumia 950 စမတ်ဖုန်းမှာ ဒီလုပ်ဆောင်ချက်ကိုထည့်သွင်းထားခဲ့ဖူးပြီး ဒုတိယမြောက်အနေနဲ့ Samsung က ထည့်သွင်းထုတ်လုပ်ခဲ့တာပါ။ ဒါပေမယ့် Samsung မှာတော့ Lumia ဖုန်းထက် ပိုမိုကောင်းမွန်တဲ့ Scanner ကိုတွေ့မြင်ရဖွယ်ရှိနေခဲ့ပါတယ်။

ဒါကြောင့် ဒီArticle မှာတော့ “Iris Scanner” လို့ခေါ်တဲ့ Galaxy Note 7 ဖုန်းရဲ့ လုံခြုံရေးစနစ်အကြောင်းကို မိတ်ဆက်ပေးမှာဖြစ်ပါတယ်။ အားလုံးသိတဲ့အတိုင်း Fingerprint Scanner လုံခြုံရေးစနစ်ကို စမတ်ဖုန်းတွေရဲ့ လုံခြုံရေးအဖြစ် ထည့်သွင်း အောင်မြင်ပြီးနောက်မှာ Note 7 ကတော့ Iris Scanner လုံခြုံရေးစနစ်အသစ်တစ်မျိုးကို ထပ်မံပေါင်းထည့်လိုက်တာပဲ ဖြစ်ပါတယ်။ ဒီလိုပြောလို့ Fingerprint Scanner လည်းမပါတော့ဘူးတော့မဟုတ်ပါဘူး။ ရိုးရာအတိုင်းပဲ Home Button မှာ Fingerprint Scanner ကိုထည့်သွင်းပေးထားပါသေးတယ်။

Iris Scanner ကဘာလဲ?

galaxy-note-71

Iris Scanner အကြောင်းကို ဖော်ပြရမယ်ဆိုရင် ဒီစနစ်ဟာ အနီအောက်ရောင်ခြည်စနစ်သုံး ကင်မရာနဲ့ အလွန်တင်းကြပ်တဲ့စနစ်ကိုအခြေခံပြီး အလုပ်လုပ်တာပဲဖြစ်ပါတယ်။ ဒီပရိုဂရမ်ဟာ သင့်မျက်ဝန်းပုံစံကိုမှတ်သားထားမှာပါ။

ဘယ်လိုအလုပ်လုပ်လဲ?


အပေါ်မှာ ဖော်ပြခဲ့သလိုပဲ Scanner ဟာ အနီအောက်ရောင်ခြည်စနစ်သုံး ဆင်ဆာကို တပ်ဆင်ထားပြီး အသုံးပြုသူရဲ့ မျက်ဝန်းမှာရှိတဲ့ ပုံစံတွေကို မှတ်သားထားပေးမှာပါ။ ရိုးရှင်းစွာနဲ့ပဲ အသုံးပြုသူအနေနဲ့ မျက်လုံးကိုပြလိုက်ရုံနဲ့ ဖုန်းကို Unlock လုပ်နိုင်မှာဖြစ်ပြီး မြန်ဆန်သွက်လက်တာကို တွေ့ရမှာဖြစ်ပါတယ်။
ဈေးကွက်ထဲမှာ ရှိနေတဲ့ Lumia 950 XL မှာလည်း အခုလိုလုပ်ဆောင်ချက်ပါဝင်ပြီး အနီအောက်ရောင်ခြည်စနစ်သုံး ကင်မရာတစ်လုံးပါဝင်ပါတယ်။ အနီအောက်ရောင်ခြည်ဆင်ဆာက အသုံးပြုသူရဲ့ မျက်လုံးကို အလင်းရောင်နဲ့ လှမ်းပေးလိုက်တဲ့အခါမှာ Secondary Camera ကနေ ဒေတာစုဆောင်းဖို့အတွက် ကောင်းမွန်တဲ့ပုံရိပ်ကို လှမ်းပြီး ရယူလိုက်ပါတယ်။ အဲ့ဒီကနေတစ်ဆင့် အချက်အလက်တွေကို Encrypt လုပ်ပြီး စက်ထဲမှာ သိမ်းထားလိုက်တဲ့ ပုံစံပါ။

Lumia နဲ့ မတူညီတာကတော့ Note 7 ဟာ မျက်လုံးထဲကို အလင်းရောင်ထိုးမှာမဟုတ်ပဲ ပိုမိုဝေးကွာတဲ့ နေရာကနေတောင် အဆင်ပြေပြေနဲ့ အသုံးပြုနိုင်စေမှာပါ။ လုပ်ဆောင်တဲ့ လုပ်ဆောင်ချက်ရဲ့ ကြာချိန်ကတော့ မိမိဖုန်းကို ကိုင်ထားတဲ့ လက်မောင်းရဲ့ အကွာအဝေးပေါ်မူတည်ပြီး ဖုန်းကနေ မျက်ဝန်းရဲ့ ဒေတာကို လှမ်းဖတ်တဲ့ အချိန်ပမာဏက ကွာခြားသွားမှာ ဖြစ်ပါတယ်။ Fingerprint နဲ့ မတူညီတာကတော့ Process တစ်ခုလုံးအတွက် စက္ကန့်အနည်းငယ်သာ ကြာမြှင့်မှာဖြစ်ပါတယ်။

ဘယ်အခါမှာ Iris Scanner ကအလုပ်မလုပ်ဘူးလဲ?

ဖော်ပြခဲ့တဲ့ အချက်တွေအရ Scanner ဟာ ရိုးရှင်းစွာပဲ အလုပ်လုပ်မှာဖြစ်ပါတယ်။ ဒါပေမယ့် အနီအောက်ရောင်ခြည် ကင်မရာအနေနဲ့ တချို့အခြေအနေတွေကို ရှောင်ရှားတတ်တာတွေလည်း ရှိပါသေးတယ်။ အထူးသဖြင့် သင့်အနေနဲ့ မျက်လုံးတစ်လုံးထဲနဲ့သာ Register လုပ်ထားလို့ ရမှာဖြစ်ပါတယ်။ တကယ်လို့ သင့်ညာဘက်မျက်လုံးနဲ့ Register လုပ်ထားမယ်ဆိုရင် ဘယ်ဘက်မျက်လုံးနဲ့ ဖွင့်လို့ရမှာမဟုတ်ပါဘူး။

အဲ့ဒီအပြင် ကင်မရာရဲ့ အလုပ်မလုပ်မယ့်အခြေအနေတွေထဲမှာ မျက်မှန်တပ်ထားတဲ့သူတွေ၊ မျက်ကပ်မှန်တပ်ထားတဲ့သူတွေ၊ ကျဉ်းမြောင်းတာ ဒါမှမဟုတ် ရောင်ရမ်းနေတဲ့ မျက်လုံးတွေအတွက်လည်း အလုပ်လုပ်မှာ မဟုတ်ပါဘူး။ လက်ကိုလှုပ်ရမ်းလိုက်တာ၊ LED မှာ မျက်နှာပြင်ကိုကပ်ထားတဲ့ Screen Protector တစ်လွှာ (မှန်ကပ်) ကပ်ထားတာ၊ မှန်မှာ အညစ်အကြေးတွေ ပေရေနေတာတွေအတွက်လည်း Scanner ဟာ အလုပ်လုပ်မှာ မဟုတ်ပါဘူး။

အဲ့ဒီအပြင် သင့်အနေနဲ့ Registering လုပ်နေတဲ့အချိန်မှာ မျက်ဝန်းကို အလင်းရောင်ထိုးနေတာ အလင်းနည်းနေတာ စတာတွေနဲ့ Scanner အတွက်အလင်းနည်းလွန်း များလွန်းတဲ့အခြေအနေတွေကို လည်း ခွင့်ပြုမှာမဟုတ်ပါဘူး။

အထက်ပါအချက်အလက်တွေကို ရှောင်ထားတယ်ဆိုရင်တော့ Iris Scanner ဟာ ကောင်းမွန်စွာ အလုပ်လုပ်တာကို တွေ့ခဲ့ရပါတယ်။ လွယ်ကူလျှင်မြန်တဲ့အပြင်၊ Fingerprint ဆင်ဆာထက်တောင် မြန်သေးတာ တွေ့ရပါတယ်။ တစ်ခုရှိတာကတော့ သင့်အနေနဲ့ Fingerprint ဆင်ဆာနဲ့ ဖုန်းကို သင်ဟာ အလင်းနည်းနည်း၊ များများ ဘယ်လိုအခြေအနေမျိုးမှာမဆို အလုပ်လုပ်မှာ ဖြစ်ပေမယ့် Note 7 ကတော့ ဒီအတွက်ကို စိတ်ရှုပ်လာစရာရှိနေပါတယ်။

Galaxy Note 7 Iris Scanner ရဲ့ ရယ်ရွှင်ဖွယ်အချက်များ

samsung-galaxy-note-7-iris-scanner

စိတ်လှုပ်ရှားဖို့ကောင်းတဲ့ လုံခြုံရေးလုပ်ဆောင်ချက်တစ်ခုကို ထည့်သွင်းထားပြီး နောက်မှာ Samsung ဟာ ရယ်ဖို့ကောင်းတဲ့ အရာတွေလည်း ထည့်သွင်းထားပါသေးတယ်။ ဘာလဲဆိုတော့ သင့်ရဲ့ Lock Screen မှာ ဖုန်းကိုဖွင့်ဖို့ မျက်လုံးပြလိုက်တဲ့ နေရာမှာ ယုန်မျက်လုံးပုံစံလေးထည့်သွင်းထားတာတွေကို တွေ့ရမှာပါ။ အဲ့ဒီအပေါ်ကို မျက်လုံးကို ထပ်အောင်ကြည့်လိုက်ရုံနဲ့ ဖုန်းပွင့်သွားမှာ ဖြစ်ပါတယ်။

Iris Scanner နဲ့ တခြားဘာတွေလုပ်နိုင်သေးလဲ?

အထက်မှာ ပြောခဲ့တဲ့အတိုင်း Note 7 ရဲ့ မျက်ဝန်းဖတ်လုံခြုံရေးစနစ်ဟာ ဖုန်းကို Unlock လုပ်နိုင်တယ်ဆိုတာ သိခဲ့ရပြီးပါပြီ။ အဲ့ဒီအပြင် နောက်ထပ် လုံခြုံရေးလုပ်ဆောင်ချက် တစ်ခုကိုလည်း ယူဆောင်လာပါသေးတယ်။ ဥပမာ Folder တွေကို ဖွင့်ဖို့အတွက် လုံခြုံရေးပေးထားနိုင်သလိုမျိုးပါ။ ဒီလုပ်ဆောင်ချက်ကို Note 7 မှာသာပါတဲ့ Software တစ်ခုနဲ့ Samsung က မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအပြင် သင့်အနေနဲ့ Samsung Pay လို PayPal လို အွန်လိုင်းငွေချေစနစ်တွေအတွက် လုပ်ပိုင်ခွင့်အနေနဲ့လဲ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com