8/21/2016

♪ Apple နဲ့ Google အပါအဝင် နည်းပညာကုမ္ပဏီကြီးတွေ ပူးပေါင်းပြီး အလိုအလျောက်ကြော်ငြာဖုန်းကောတွေကို နှိမ်နင်းသွားမည် ♫


Apple ၊ AT&T နဲ့ Google ရဲ့ မိခင်ကုမ္ပဏီ Alphabet တို့ အပါအဝင် နည်းပညာနဲ့ တယ်လီကွန်းကုမ္ပဏီကြီးတွေပူးပေါင်းကာ robocall လို့ခေါ်တဲ့ အလိုအလျောက်ဖုန်းခေါ်ဆိုမှုတွေကို တားဆီးသွားမှာဖြစ်ကြောင်း Reuters သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

“Robocall Strike Force” လို့ အမည်ပေးထားတဲ့ ကုမ္ပဏီအင်အားစုကို အမေရိကန်အစိုးရဆက်သွယ်ရေးကော်မရှင် (FCC) က ဦးစီးကာ robocall တွေကို အမြစ်ပြတ်ချေမှုန်းသွားမှာဖြစ်တယ်လို့ မနေ့က ဝါရှင်တန်ဒီစီမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ပထမအကြိမ်အစည်းအဝေးမှာ ကြေငြာခဲ့တာဖြစ်ပါတယ်။

ယခုတိုက်ဖျက်မှုမှာ ကြိုတင်အသံသွင်းထားတဲ့မက်ဆေ့ပါဖုန်းခေါ်ဆိုမှုတွေ အပါအဝင် အလိုအလျောက် ပို့စာတိုတွေပါ ပါဝင်မယ်လို့ သိရပါတယ်။

ဒီလို သုံးစွဲသူစိတ်အနှောင့်အယှက်ဖြစ်စေတဲ့ အလိုအလျောက်ဖုန်းကောတွေကို ကော်ပိုရေးရှင်းကြီးတွေ အပါအဝင် တယ်လီကွန်းမားကတ်တင်း ကုမ္ပဏီတွေကပါ လုပ်ဆောင်နေတာကြောင့် FCC အနေနဲ့ Apple ၊ Alphabet ၊ AT&T နဲ့ Verizon အပါအဝင် ပုဂ္ဂလိကကုမ္ပဏီတွေကို အားကိုးပြီး တိုက်ဖျက်ဖို့ နည်းလမ်းရှာနေတာဖြစ်ပါတယ်။

“ ဒီလိုကြိုတင်အသံသွင်းထားတဲ့မက်ဆေ့တွေကို သုံးစွဲသူပြည်သူတွေ ဘယ်လောက် စိတ်ပျက်နေလဲဆိုတာ ကျနော်တို့ သိထားပြီးပါပြီ။ “ Do Not Call” ( ကြော်ငြာဖုန်းမခေါ်ဖို့စာရင်း) မှာ register လုပ်ထားရင်တောင် ဒီဖုန်းကောတွေ၊ မက်ဆေ့တွေက ဝင်မြဲဖြစ်နေလို့ ပြည်သူတွေ တော်တော် စိတ်အနှောင့်အယှက်ဖြစ်နေရပါတယ်။ ဒီပြဿနာကို လက်တွေ့ကျကျ ကိုင်တွယ်ဖို့ အချိန်ကျပါပြီ။” လို့ FCC ရဲ့ ကော်မရှင်အကြီးအကဲ Mignon L.Clyburn က ပြောကြားခဲ့ပါတယ်။

တိုက်ဖျက်ရေးကုမ္ပဏီအင်အားစုအနေနဲ့ FCC ကို ဖြေရှင်းဖို့ အစီအစဉ်နဲ့တကွ အောက်တိုဘာ ၁၉ ရက်နေ့မှာ အစီရင်ခံရမှာဖြစ်တယ်လို့ AT&T ရဲ့ CEO Randall Stephenson က ပြောပြပါတယ်။

ယခုပြဿနာကို Google တို့ ကုမ္ပဏီစုဘက်က Caller ID စသတ်မှတ်မှုနဲ့ ဖြေရှင်းသွားဖို့ ရှိတယ်လို့ ခန့်မှန်းရပြီး အတုအယောင် ဖုန်းနံပါတ်တွေကို ဘလော့လုပ်သွားနိုင်မှာဖြစ်သလို၊ telemarketer တွေအနေနဲ့ လှည့်ဖြားခေါ်ဆိုမှုတွေ မလုပ်နိုင်အောင်လို့ အစိုးရအေဂျင်စီတွေနဲ့ ဘဏ်တွေက နံပါတ်တွေကိုပါ ဘလော့လုပ်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com