Coolpad ဥက္ကဌအဖြစ် LeEco ရဲ့ CEO ဖြစ်သူ Jia Yueting က
တာဝန်လွှဲပြောင်းယူခဲ့ပြီးနောက်၊ တစ်ပတ်အကြာမှာ ကုမ္ပဏီနှစ်ခု ပူးပေါင်းပြီး
အမိုက်စားစမတ်ဖုန်းမော်ဒယ်အသစ်တစ်လုံးကို ထုတ်လုပ်လိုက်ပြီဖြစ်ပါတယ်။ LeEco ရဲ့ Coolpad တို့ ပူးပေါင်းဖန်တီးထားတဲ့ Coo1 Dual စမတ်ဖုန်းကို
သြဂတ်စ် ၂၄ ရက်နေ့မှာ စတင်ရောင်းချသွားမှာဖြစ်ပြီး၊ မြန်မာငွေ ၂
သိန်းခန့်သာ ရှိပါတယ်။
LeEco Cool1 Dual လို့ အမည်ပေးထားတဲ့ ယခုစမတ်ဖုန်းရဲ့ အဓိကထူးခြားချက်ကတော့ f/2.0 အပါချာရှိတဲ့ 13-megapixel ကျောကင်မရာနှစ်လုံးတွဲ ပါဝင်လာတာဖြစ်ပြီး၊ 4K ဗီဒီယို၊ 720p စလိုးမိုးရှင်းဗီဒီယို တို့ ရိုက်ကူးနိုင်မှာပါ။
Nano SIM နှစ်ကတ်ထိုးဖုန်းဖြစ်ပြီး၊ Android 6.0 စနစ်အခြေခံ LeEco ရဲ့ EUI 5.6 သုံး ပထမဆုံး Coolpad စမတ်ဖုန်းလည်း ဖြစ်ပါတယ်။
၅.၅ လက်မအကျယ် full-HD (1920×1080 pixels) IPS မျက်နှာပြင်ပါရှိကာ၊ Qualcomm Snapdragon 652 octa-core ပရိုဆက်ဆာကို အသုံးပြုထားပြီး၊ ဂရပ်ဖစ်အတွက်ကတော့ Adreno 510 GPU ကို သုံးထားပါတယ်။
ကျောကင်မရာနှစ်လုံးတွဲအပြင်၊ ရှေ့ကင်မရာမှာလည်း f/2.2 အပါချာရှိတဲ့ 8-megapixel ဆန်ဆာပါရှိပြီး၊ ၈၀ ဒီဂရီအကျယ်ရှိတဲ့ မှန်ဘီလူုးကိုအသုံးပြုထားတာကြောင့် အုပ်စုလိုက် Groufie ရိုက်ရာမှာ လူတစ်ယောက်မကျန်ရိုက်နိုင်မှာပါ။
ဘက်ထရီအနေနဲ့လည်း 4060mAh ဘက်ထရီအကြီးစားပါရှိပြီး၊ အားအမြန်သွင်းနည်းပညာ အသုံးပြုနိုင်တာကြောင့်၊ ယခုခေတ်စားနေတဲ့ Pokemon Go ဂိမ်းလို ဘက်ထရီအသုံးများတဲ့ဂိမ်းတွေ အချိန်ကြာကြာဆော့နိုင်မှာဖြစ်ပါတယ်။
တန်ဖိုးနည်းဖုန်းဆိုပေမယ့် တကယ့်တန်ဖိုးကြီးဖုန်းတွေမှာသာ တွေ့ရတဲ့ USB Type C port ကို Cool1 စမတ်ဖုန်းမှာ တွေ့မြင်ရပြီး၊ ရွှေရောင်၊ ငွေရောင် နဲ့ Rose Gold ကာလာသုံးမျိုး ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။
ယခုစမတ်ဖုန်းကို Coolpad ဝက်ဘ်ဆိုဒ်၊ LeMall နဲ့ Jd.com တို့ကနေ ကြိုတင်မှာယူနိုင်ပြီဖြစ်ကာ၊ တရုတ်နိုင်ငံမှာပဲ ရောင်းချဦးမှာဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ Coolpad အမှတ်တံဆိပ် နာမည်ရပြီးသားဖြစ်တဲ့ အိန္ဒိယ၊ မြန်မာစတဲ့ အာရှဈေးကွက်တွေကိုလည်း ဝင်ရောက်လာနိုင်ခြေရှိပါတယ်။

www.pyaephyo.com