3/04/2015

♪ Sony Xperia T2 Ultra Gold ရဲ့ အားသာချက် ၊ အားနည်းချက် ၊ နည်းပညာ ၊ ဒီဇိုင်း နှင့်အသေးစိတ်ဖော်ပြချက်များ ♫


အားသာချက်
ဖုန်းမှာဖွဲ့စည်း တည်ဆောက်ထားတဲ့ Hardware စနစ်ပိုင်းတွေနဲ့ ဖုန်းတွင်း အသုံးပြု စနစ်ပိုင်းတွေမှာ ကောင်းမွန်တာ တွေ့ရပါတယ်။ ဖုန်း မှာဖွဲ့စည်းထားတဲ့ CPU, GPU နဲ့ ကင်မရာ စနစ်ပိုင်းတွေမှာ ကောင်း မွန်ပါတယ်။ ကင်မရာပိုင်းမှာတော့ Mega Pixel မြင့်မားတဲ့ ကင်မရာကို အသုံးပြုထားတာ ဖြစ်တဲ့အတွက် ကောင်းမွန်တဲ့ ဓာတ်ပုံတွေကို ဖန်တီးနိုင်တဲ့အပြင် Sony ရဲ့ BRAVIA Engine2 စနစ်ပါဝင်တဲ့အတွက် ဂရပ်ဖစ်စနစ်မှာ ဂိမ်းကစားခြင်းနဲ့ ရုပ်ရှင်ကြည့်ခြင်းတွေ အတွက်လည်း ကောင်းမွန်တဲ့ ရုပ်ထွက်မြင်ကွင်း တွေကိုခံစား နိုင်ပါတယ်။ ပါဝါအသုံးပြုခြင်း အတွက်လည်း ကောင်းမွန်တဲ့ Power Saving စနစ်ပါဝင် ပါတယ်။

အားနည်းချက်
ဖုန်းမှာပါဝင်တဲ့ မှတ်ဉာဏ်ကလည်း စမတ်ဖုန်း တစ်လုံးအတွက်တော့ နည်းတယ်လို့ ဆိုရပါမယ်။

ဒီဇိုင်း
ပုံစံဒီဇိုင်းကတော့ T2 Ultra ဟာ Sony ဖုန်းတွေရဲ့ ထုံးစံအတိုင်း လေးထောင့်ကျကျ ပုံစံမျိုးမှာရှိနေပြီး ဖုန်းရဲ့ ကိုယ်ထည် တစ်ခုလုံးဟာ ပလတ်စတစ် ကိုယ်ထည်ဖွဲ့စည်း တည်ဆောက်မှု ပုံစံပါ။ ဘေးဘောင် တွေကိုတော့ သတ္တုဘေးဘောင် ပတ်ထားတဲ့ ပုံစံမျိုးပြုလုပ်ထားပြီး နောက်ဘက် ကာဗာကတော့ ဖြုတ်လို့ တပ်လို့ မရတဲ့ ကာဗာအသေပါ။ ကိုင်တွယ်အသုံးပြုချိန်မှာ ပါးလွှာမှုနဲ့ ပေါ့ပါးခြင်းကို ခံစားနိုင်ပေမယ့် အရွယ်အစားကတော့ အနည်းငယ် ကြီးမားပါတယ်။ ဖုန်းတစ်ခုလုံးရဲ့ အရွယ်အစားကတော့ အထက်အောက် အမြင့် ၁၆.၅၂ စင်တီမီတာရှိပြီး ဘေးတိုက်အကျယ်ကတော့ ၈.၃၈ စင်တီမီတာ ရှိတဲ့ပါတယ်။ ဘေးတိုက်အကျယ်ဟာ ၈ စင်တီမီတာကို တော်တော်လေး ကျော်တဲ့အတွက် လက်ချောင်း သေးငယ်သူတွေ အတွက်တော့ ဖုန်းကို အလွယ်တကူ ထိန်းကျောင်း အသုံးပြုဖို့ အခက်အခဲ ရှိနိုင်ပါလိမ့်မယ်။ အလေးချိန်ကတော့ ၁၇၁.၇ ဂရမ်ရှိတဲ့အတွက် အရမ်းပေါ့ပါးတဲ့ ပုံစံတော့ မဟုတ်ပါဘူး။ ထုထည်ကလည်း ၀.၇၇ စင်တီမီတာ ဖြစ်တဲ့အတွက် ပါးလွှာတဲ့ ဖုန်းအမျိုးအစား တစ်ခုပါပဲ။ ဖုန်းရဲ့ညာဘက် ဘေးဘောင်မှာတော့ Sim Card ပေါက်၊ ကင်မရာခလုတ်၊ အသံအတိုးအကျယ် ခလုတ်နဲ့ ပါဝါခလုတ်တွေ ရှိနေပြီး ဘယ်ဘက် ဘေးဘောင်မှာတော့ USB ပေါက် နဲ့ SD Card ပေါက်တွေ တည်ရှိပါတယ်။ စပီကာကတော့ ဖုန်းရဲ့နောက်ဘက်ကာဗာ အောက်ခြေနားမှာပါ။

ကွန်ရက်
GSM 2G/ 3G ကွန်ရက် စနစ်တွေမှာ အသုံးပြုနိုင်မှာဖြစ်ပြီး ပုံမှန် T2 Ultra တွေလိုမျိုး Dual Sim မဟုတ်ပါဘူး။ သူကတော့ Single Sim စနစ်ပါ။

မြင်ကွင်း
Screen မြင်ကွင်းအကျယ် ၆.၀ လက်မရှိပြီး IPS LCD Capacitive Touch အမျိုးအစားပါ။ Resolution အနေနဲ့ 720 x 1280 pixels ထိရရှိ အသုံးပြုနိုင်ပါတယ်။

နည်းပညာ
နည်းပညာ ပိုင်းမှာတော့ ဒီဖုန်းဟာ ကင်မရာပိုင်းမှာ ပိုပြီးအသားပေး ထားတာကို တွေ့ရပါတယ်။ ကင်မရာ စနစ်ပိုင်းမှာ စုံလင်တဲ့ ဓာတ်ပုံအသုံးပြု Effect တွေအပြင် ကင်မရာကို ကိုယ့်စိတ်ကြိုက် ပုံစံမျိုးချိန်ညှိ အ သုံးပြုနိုင်မယ့် စနစ်တွေပါ ပါဝင်နေပါတယ်။ ကင်မရာမှာ အသုံးပြုရမယ့် စနစ်တွေကိုလည်း သီးခြားဖော်ပြ ပေးထားပြီး ထပ်မံလိုအပ်တဲ့ ကင်မရာအသုံးပြု စနစ်တွေကိုလည်း အွန်လိုင်းကနေရယူ အသုံးပြုနိုင်တဲ့ ပုံစံမျိုး ပြုလုပ်ပေးထားတာ တွေ့ရပါတယ်။ ကင်မရာပိုင်းမှာ ဓာတ်ပုံတွေကိုဖုန်းက သတ်မှတ်ပေးတဲ့ အတိုင်း အကောင်းဆုံး ရိုက်နိုင်မယ့် Superior Auto စနစ်၊ ကင်မရာကို ကိုယ့်စိတ်ကြိုက် အလင်းအမှောင်၊ Shutter Speed အစရှိတဲ့ ဓာတ်ပုံကင်မရာ တစ်လုံးမှာ ပါဝင်တဲ့ Manual စနစ်တွေအတိုင်း ချိန်ညှိအသုံးပြုနိုင်မယ့် Manual စနစ်၊ ကိုယ့်ရဲ့ဓာတ်ပုံမှာ Effect တွေကို စုံလင်စွာထည့်သွင်း ရိုက်ကူးနိုင်မယ့် AR effect အစရှိတဲ့ စနစ်တွေ ပါဝင်နေပါတယ်။ ကိုယ်ရိုက်လိုက်တဲ့ ဓာတ်ပုံတွေကို အွန်လိုင်းနဲ့ ချိတ်ဆက်ပြီး လူမှုကွန်ရက် စာမျက်နှာတွေပေါ်ကို တိုက်ရိုက် Sharing ပြုလုပ်နိုင်မယ့် Social Live ဆိုတဲ့ စနစ်တွေကလည်း အသုံးပြုသူတွေ ထိတွေ့ရမယ့် နည်းပညာတွေ  ပဲဖြစ်ပါတယ်။ ပါဝါအသုံးပြုခြင်းအတွက် Power Management ဆိုတဲ့ စနစ်မှာလည်း ကိုယ့်ဖုန်းမှာ ကျန်ရှိတဲ့ ဘက်ထရီနဲ့ ဆက်လက် အသုံးပြုနိုင်မယ့် အချိန်တွေကို ဖော်ပြပေးထားတဲ့ စနစ်ကလည်း ဖုန်းအသုံးပြု သူတွေအတွက် ကိုယ့်ဖုန်းရဲ့ ကျန်ရှိတဲ့ဘက်ထရီ သက်တမ်းကို ချက်ချင်းသိရှိ စေနိုင်ပါတယ်။ Stamina Mode ဆိုတဲ့ စနစ်ကလည်း Sony ရဲ့ Power Saving စနစ်တစ်ခုဖြစ်ပြီး ဒီစနစ်ကို အသုံးပြုထားမယ် ဆိုရင်တော့ ဘက်ထရီ ကုန်ခါနီးအချိန်တွေမှာ ကိုယ့်ဖုန်းရဲ့ ဘက်ထရီ သက်တမ်းကို ကြာရှည်ထိန်းထားနိုင်အောင် ပြုလုပ်ထားနိုင်မှာ ဖြစ်ပါတယ်။

အသေးစိတ်ဖော်ပြချက်
Quad-core 1.4 GHz Cortex-A7 CPU နဲ့ Qualcomm MSM8928 Snapdragon 400 Chipset တွေကို အသုံးပြုထားတာဖြစ်ပြီး ဂရပ်စနစ်အတွက်လည်း Adreno 305 GPU ကိုထည့်သွင်း ပေးထားတဲ့အပြင် Sony ရဲ့ ဂရပ်ဖစ်အင်ဂျင် စနစ်တစ်ခုဖြစ်တဲ့ BRAVIA Engine2 စနစ်ကိုအသုံးပြု ထားတာတွေ့ရပါတယ်။ ဖုန်းမှတ်ဉာဏ်ကတော့ Internal Memory 8GB သာပါဝင်ပြီး RAM ကတော့ 1GB RAM ဖြစ်ပါတယ်။
မှတ်ဉာဏ်ထပ်တိုး အသုံးပြုဖို့အတွက်လည်း Micro SD Card 32GB ထိထပ်မံထည့်သွင်း အသုံးပြုနိုင်ပါတယ်။ နောက်ဘက် ကင်မရာကတော့ 13 Mega Pixel ရှိတဲ့ ကင်မရာဖြစ်ပြီး ရှေ့ကင်မရာကတော့ 1.1 Mega Pixel ကင်မရာပါ။ Android OS Version 4.3 ကို အသုံးပြုထားတာဖြစ်ပြီး Bluetooth 4.0 နဲ့ USB 2.0 စနစ်တွေ ပါဝင်ပါတယ်။ ဖုန်းမှာထည့်သွင်း အသုံးပြုထားတဲ့ ဘက်ထရီဟာ Li-Ion 3000 mAh ဘက်ထရီ အမျိုးအစား ဖြစ်တဲ့အတွက် စမတ်ဖုန်းအတွက် လုံလောက်တဲ့ ဘက်ထရီအမျိုးအစား တစ်ခုဖြစ်ပြီး Power Saving ပါဝင်တဲ့အတွက် အဆင်ပြေပါတယ်။

သုံးသပ်ချက်
ဖုန်းမှာပါဝင်တဲ့ CPU, GPU, ဂရပ်ဖစ်အင်ဂျင်၊ ကင်မရာအစရှိတဲ့ Hardware စနစ်ပိုင်းတွေမှာ ကောင်းမွန်ပါတယ်။ ကင်မရာပိုင်းမှာလည်း ဓာတ်ပုံစနစ်မှာ Effect တွေကိုလည်း စုံစုံလင်လင် အသုံးပြုနိုင်တဲ့ အတွက် ဓာတ်ပုံဝါသနာရှင်တွေ အတွက်တော့ ကောင်းမွန်တဲ့ ဖုန်းအမျိုးအစား တစ်ခုပါ။ ဖုန်းကိုကိုင်တွယ် အသုံးပြုရာမှာလည်း အလေးချိန် ပေါ့ပါးပြီး ပါးလွှာတဲ့အတွက် သက်သောင့်သက် သာရှိစေပါတယ်။  ဒါပေမဲ့ ပါဝါခလုတ်နဲ့ Volume Key တွေဟာ ဖုန်းကိုကိုယ်တွယ် အသုံးပြုချိန်မှာ လက်နဲ့ဖိမိနိုင်တဲ့ နေရာတွေမှာ ဖြစ်နေတဲ့အတွက် ဒါကိုတော့ ဂရုစိုက်ရ ပါလိမ့်မယ်။ မှတ်ဉာဏ် စနစ်ပိုင်းမှာ Internal Memory ဟာ 8GB ပါဝင်ပေမယ့် 6GB ကျော်ကျော်ခန့်ကိုပဲ အသုံးပြုနိုင်မှာ ဖြစ်တဲ့အတွက် မှတ်ဉာဏ်များများ အသုံးပြုလိုသူတွေ အတွက်တော့ Memory Card ကိုအသုံးပြု ရပါလိမ့်မယ်။

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com