2/19/2015

♪ လက်ဖ၀ါးပေါ်က စစ်ပွဲဂိမ်း သို့မဟုတ် Clash Of Clans ♫


‘‘တစ်ဖက်ကခံစစ်ကို သေချာကြည့်။ ကိုယ့်တိုက်စစ်နဲ့မမျှဘူး၊ မနိုင်လောက်ဘူးဆိုရင်၊ ကြယ်တစ်ပွင့်လောက် ပဲရမယ်ဆိုရင် မတိုက်နဲ့။ မြေပြင်က အားနည်းရင် Archer တွေ ထုတ်သုံး Air Defence အားနည်းရင် Dragon တွေနဲ့ တိုက်’’လက်တစ်ဝါးသာသာ ဖုန်းမျက်နှာပြင်ပေါ်တွင် ကစားနေသည့် စစ်ပွဲဂိမ်းတစ်ခုကို သဲသဲမဲမဲကြည့်၍ လူငယ်အချင်းချင်း ပြောနေကြခြင်းဖြစ်သည်။

သူတို့ကစားကြသည့်ဂိမ်းမှာ ပြည်ပအခြေစိုက် အွန်လိုင်းဂိမ်းတစ်ခုဖြစ်သည့် Clash Of Clans ဂိမ်းပင်ဖြစ် သည်။ လတ်တလော လက်ဖက်ရည်ဆိုင်များတွင် လူငယ်အချို့ သဲကြီးမဲကြီးခေါင်းစိုက်ကာ ကစားကြသည့် ဂိမ်းတစ်ခုလည်းဖြစ်သည်။

ယခုနှစ်ပိုင်းအတွင်း ပြည်တွင်းဂိမ်းဝါသနာပါသူများအကြား ကစားမှုအများဆုံး ဂိမ်းတစ်ခုကိုပြပါဆိုလျှင် အထက်ပါ လူငယ်များကစားကြသည့် Clash of Clans Game ကို ညွှန်းရမည့် အခြေအနေဖြစ်နေသည်။ အွန်လိုင်းချိတ်၍ ကစားရသည့် အဆိုပါဂိမ်းမှာ နိုင်ငံထူထောင်၍ အခြားနိုင်ငံများနှင့် တိုက်ခိုက်ရသည့် စစ်ပွဲဂိမ်းတစ်ခုဖြစ်ပြီး ဖုန်းသုံးစွဲသူများအကြား လတ်တလော အောင်ပွဲခံလျက်ရှိသည်။

နိုင်ငံတကာတွင် လူအများဆုံးဆော့ကစားသည့် မိုဘိုင်းဂိမ်းများထဲတွင် တစ်ခုအပါဝင်ဖြစ်သည့် Clash Of Clans (COC) အွန်လိုင်းဂိမ်းသည် Town  Hall အဆောက်အအုံများ၊ အမြောက်များ၊ စစ်သားများနှင့် ခံတပ်များကို ဝယ်ယူတည်ဆောက်ကာ တစ်ကမ္ဘာလုံးရှိ ဂိမ်းကစားသူအချင်းချင်း စစ်တိုက်သိမ်းယူရသော ဂိမ်းတစ်ခုဖြစ်ပြီး စစ်ပွဲပေါင်းမြောက်မြားစွာ ကိုယ်တိုင်တိုက်ယူသကဲ့သို့ ကစားရသဖြင့် အကြိုက်တွေ့နေ ကြခြင်းဖြစ်သည်။

ယင်းဂိမ်းကစားရန် စစ်စခန်းတည်ဆောက်ခြင်းမှစ၍ စစ်သားများ မွေးယူခြင်း၊ တိုက်စစ်ဗျူဟာခင်းခြင်း၊ အဆောက်အအုံလက်နက်များ တည်ဆောက်ခြင်းနှင့် သုံးစွဲသူများ အုပ်စုဖွဲ့၍ အဖွဲ့အချင်းချင်း တိုက်ကြ သည်အထိ ဂိမ်းဇာတ်လမ်းကောင်းမွန်ခြင်းကြောင့် ယခင်က ဂိမ်းဆိုင်သို့ သွားရောက်ကစားကြသည့် လူငယ်များ ဖုန်းတစ်လုံးဖြင့် ထိုင်ရာမထ ကစားလာကြခြင်းဖြစ်သည်။

‘‘၂၀၁၄ နှစ်လယ်ပိုင်းလောက်ကနေစပြီးတော့ ပြည်တွင်းက တော်တော်များများ ဆော့လာကြတယ်။ လူငယ်တွေတင်မကဘူး၊ တချို့လူကြီးပိုင်းတွေတောင် စမ်းပြီးတော့ ဆော့လာတာကို တွေ့ရပါတယ်’’ဟု Smart Mobile ဖုန်းဆိုင်မှ Clash Of Clans (COC) ဂိမ်းအတွက် Gmail အကောင့်များ ပြုလုပ်ပေးနေသူ ကိုအောင်ပိုင်ကပြောသည်။

Clash Of Clans ဂိမ်းကို ဖင်လန်နိုင်ငံအခြေစိုက် supercell ဂိမ်းကုမ္ပဏီက ရေးသားခဲ့ခြင်းဖြစ်ပြီး ၂၀၁၂ သြဂုတ်တွင် IOS(iPhone)များအတွက် စတင်ထုတ်လုပ်ပေးခဲ့ကာ ၂၀၁၃ အောက်တိုဘာတွင် Android ဖုန်းများအတွက် ထပ်မံထုတ်လုပ်ပေးခဲ့ခြင်းဖြစ်သည်။


‘‘ဒီဂိမ်းစပေါ်တုန်းက iPhone တွေအတွက်ပဲဆိုတော့ ဆော့တဲ့လူ သိပ်မရှိဘူး။ နောက်ပိုင်း Android တွေ အတွက် ပေါ်လာပြီး ခြောက်လကျော်လောက်ကျတော့ ပြည်တွင်းက ဆော့တဲ့လူတွေ တော်တော်လေးများလာတယ်။ ဂိမ်းက Level တစ်ခု မြင့်လာတိုင်း စိတ်ဝင်စားဖို့ ပိုကောင်းလာတယ်’’ဟု COC ဂိမ်းကို တစ်နှစ်ခွဲကျော် ဆော့လာခဲ့သူ ကိုပိုင်စိုးကပြောသည်။

Clash Of Clans ဂိမ်းသည် Apple ကုမ္ပဏီ၏ App စတိုးတွင် ကမ္ဘာတစ်ဝန်းမှ ဒေါင်းလုတ်ပြု လုပ်မူအများဆုံးသော မိုဘိုင်း App ငါးခုစာရင်းတွင် ၂၀၁၂  ဒီဇင်ဘာမှ ၂၀၁၃ မေလ အထိ ခြောက်လ ဆက်တိုက် ပါဝင်ခဲ့ပြီး GooglePlaystore နှင့် Apple Store တို့တွင် ကမ္ဘာ့ဝင်ငွေအကောင်းဆုံး တတိယမြောက်ဂိမ်းအဖြစ် ရပ်တည်လျက်ရှိသည်။

ကမ္ဘာတစ်ဝန်းတွင် ဝင်ငွေများရရှိနေသော COC ဂိမ်းသည် ယခုနှစ်ပိုင်းအတွင်း၌ ပြည်တွင်းမှ စိတ်ဝင်စား စွာ ဆော့ကစားသူ အများအပြားရှိလာပြီး အဆိုပါဂိမ်းတွင် အဆင့်တက်နိုင်ရန် ပိုက်ဆံအကုန်အကျခံ၍ Google Play Store ဂိမ်းငွေပေးဝန်ဆောင်မှုအသုံးပြုရန် ငွေပေးချေကတ်များ ၀ယ်ယူကစားကြသည်အထိ အရှိန်မြင့်တက်လာနေသည်။ အဆိုပါဂိမ်းတွင် စခန်းတည်ဆောက်ခြင်း၊ တပ်သား၊ လက်နက်စုဆောင်းခြင်း များအတွက် ကျောက်စိမ်းဖြင့် ပေးချေမှုပြုရပြီး မူလဂိမ်းမှပေးထားသည့် ကျောက်စိမ်းအရေအတွက် မလုံလောက်ပါက  ကစားသူက ငွေပေးချေမှုဖြင့် ကျောက်စိမ်းများ ၀ယ်ယူဖြည့်တင်းရခြင်းဖြစ်သည်။ အဆိုပါ ဂိမ်းကစားသူ များပြားလာခြင်းကြောင့် ဖုန်းဆိုင်များနှင့် ဂိမ်းဆိုင်အချို့တွင် ယင်းကတ်များ တင်ရောင်းပေးရ သည်အထိ ဖြစ်သည်။

‘‘တစ်ရက်ကို အနည်းဆုံး အယောက် ၂၀ လောက် ပုံမှန်လာဝယ်ကြတယ်။ တစ်ခါတလေ အဲဒီထက် ပိုများတယ်။ တစ်ယောက်ကို ကျပ် ၁၂,၀၀၀ ဖိုးကနေ တစ်သိန်းကျော်ဖိုးအထိ ဝယ်ကြတယ်’’ဟု Google Play စတိုးကတ်များကို ပြန်လည်ရောင်းချပေးနေသူ ကိုအောင်လျှံဖြိုးကပြောသည်။

COC ဂိမ်းကစားသူများအနေဖြင့် အချိန်မြန်မြန်ဖြင့် ဂိမ်း Level တိုးတက်ပြီး အခြားကစားသူများကို သွားရောက်တိုက်ရာတွင် ပိုမိုကောင်းမွန်စေရန်နှင့် မိမိအား လာတိုက်ခိုက်ပါက ခံစစ်တည်ဆောက်ပုံ ပိုမိုကောင်းမွန်စေရန် Gems များကို ဝယ်ယူ၍ ဆော့ကစားခြင်းဖြစ်ကြောင်း သိရသည်။

မိုဘိုင်းဖုန်းဖြင့် ဂိမ်းကစားသော လူငယ်အများစုအနေဖြင့် ယခုနောက်ပိုင်းတွင် ၎င်းတို့၏ အားလပ်ချိန် အများစုကို ယင်းဂိမ်းအတွက် အချိန်ပေး၍ ဆော့ကစားလာကြပြီး အဖွဲ့လိုက်စုပြီး စစ်တိုက်ရာတွင် အချို့ရက်များ၌ ညဥ့်သန်းခေါင်အထိ  ဆော့ကစားလေ့ရှိကြောင်း သိရသည်။

‘‘အားတဲ့အချိန်ဆို COC ပဲ ဆော့ဖြစ်တယ်။ တခြားဘာမှသိပ်မလုပ်ဖြစ်ဘူး။ တစ်ခါတလေ စစ်တိုက်ပြီဆို မနက် ၃ နာရီလောက်လည်း ထပြီးတော့ဆော့တယ်။ တချို့ဆိုရင် အိပ်တဲ့အချိန်ကလွဲရင် အချိန်ပြည့် အွန်လိုင်းဖွင့်ပြီး ဆော့ကြတယ်’’ဟု ကိုအောင်လျှံဖြိုးကပြောသည်။

‘‘COC ဂိမ်းမှာ တိုက်ခိုက်ရေးနဲ့ ခုခံကာကွယ်ရေး နှစ်ခုလုံးကောင်းနေဖို့ လိုတယ်။ အဲဒါတွေမြန်မြန်နဲ့ကောင်း လာဖို့ဆိုရင် Gems တွေ သုံးပေးမှရတယ်။ အဲဒီအတွက် တော်တော်များများက ပိုက်ဆံပေးပြီး ၀ယ်ဆော့ ကြတာပါ။ ပုံမှန်အတိုင်းဆော့မယ်ဆိုရင် အချိန်တွေအကြာကြီး စောင့်ရတယ်လေ’’ဟု ကိုပိုင်စိုးက ရှင်းပြသည်။

အဆိုပါ Gems များကို ၀ယ်ယူ၍ အချိန်ကုန်ခံကာ ဆော့ကစားခြင်း မပြုလုပ်လိုသူများအနေဖြင့် အခြားသူ ကစားပြီးသား ဂိမ်းအကောင့်များကို Gems အသုံးပြုထားသည့်တန်ဖိုး၊ ဂိမ်း Level နှင့် တည်ဆောက်ပုံများ ကြည့်ကာ ကျပ်သိန်း ၆၀ အထိပေးကာ ၀ယ်ယူလျက်ရှိကြောင်း လက်ရှိတွင် Clash of Clans ဂိမ်းအကောင့် ကို ပြန်လည်ရောင်းချနေသည့် ကိုဇော်မျိုးကပြောသည်။

‘‘တည်ဆောက်ပုံကောင်းပြီး Level အရမ်းမြင့်တဲ့ အကောင့်တွေကို သိန်း ၆၀ အထိပေးပြီး ၀ယ်ကြတယ်။ အချိန်ကုန်ခံပြီး မကစားချင်သူတွေက သူတို့ကြိုက်ရင် ကြိုက်သလို ဈေးပေးပြီးတော့ ၀ယ်ကြတယ်’’ လက်ရှိတွင် COC ဂိမ်းအကောင့်လေးခုဖြင့် ဆော့ကစားနေသူ ကိုပိုင်စိုးကရှင်းပြသည်။

COC အကောင့်များကို ဂိမ်း Level  ၄၀ မှစ၍ အရောင်းအ၀ယ်ပြုလုပ်တတ်ကြပြီး အနည်းဆုံး ကျပ်လေးသောင်းဝန်းကျင်မှ ကျပ်သိန်းဆယ်ဂဏန်းအထိပေး၍ အရောင်းအ၀ယ်ပြုလုပ်လေ့ရှိကြောင်း ၁၂၀,၀၀၀ ကျပ်ဖြင့် အကောင့်တစ်ခု ရောင်းခဲ့သူ ကိုဇော်မျိုးကပြောသည်။

လက်ရှိတွင် ပြည်တွင်း Clash of Clans ဂိမ်းဆော့ကစားသူများအနေဖြင့် ဖေ့စ်ဘွတ်ခ်ပေါ်တွင် Group များ ဖွဲ့စည်းကာ ဂိမ်းအကောင့်များ အရောင်းအ၀ယ်ပြုလုပ်ခြင်း၊ အချင်းချင်း တိုက်ရန်အတွက် အချိတ်အဆက်ပြု လုပ်ခြင်း အဖွဲ့များ ဖွဲ့စည်းခြင်းတို့ ပြုလုပ်သူအများအပြားရှိလာကြောင်း ဂိမ်းကစားသူ ကိုဝေလင်းက ဆိုသည်။

လက်ရှိတွင် မြန်မာနိုင်ငံမှ COC ဂိမ်းကစားသူများ ဖွဲ့စည်းထားသည့် Facebook Group များတွင် COC ဂိမ်းကစားသူ အဖွဲ့ဝင်ပေါင်း ၄၆၀,၀၀၀ ကျော်အထိရှိကြောင်း သိရသည်။

‘‘ဂိမ်းအကောင့်တွေက ဈေးကွက်သီးသန့် မရှိသေးပေမယ့် ကြိုက်ရောင်း၊ ကြိုက်ဝယ် လုပ်ကြတာများပါတယ်။ Gems တွေ ၀ယ်ပြီးဆော့တဲ့လူတွေအများစုကလည်း အကောင့်တွေပြန်ရောင်းဖို့ အတွက် ဆော့ကြတာ များပါတယ်’’ဟု ကိုယ်တိုင်ဂိမ်းဆော့ကစားနေပြီး Gems များကို ပြန်လည်ရောင်းချပေးနေသူ ကိုအောင်လျှံဖြိုး ကဆိုသည်။


Clash of Clans ဂိမ်းကို ရေးသားခဲ့သော Supercell ကုမ္ပဏီအနေဖြင့် ၎င်းတို့ထုတ်လုပ်ထားသည့် ဂိမ်းနှစ်ခုဖြစ်သော Clash of Clan နှင့် Hay Day ဂိမ်းနှစ်ခုမှ တစ်ရက်လျှင် အမေရိကန်ဒေါ် လာ ၂ ဒသမ ၄ သန်းရရှိနေပြီး ကမ္ဘာတစ်ဝန်း၌ နေ့စဉ်ဆော့ကစားသူပေါင်း ၈ ဒသမ ၅ သန်းအထိ ရှိနေသည်။

အဆိုပါဂိမ်းကုမ္ပဏီသည် ၂၀၁၃ အတွင်း၌ အမေရိကန်ဒေါ်လာ ၈၉၂ သန်းအထိ ရရှိခဲ့ပြီး Clash of Clans ဂိမ်းကို စတင်ထုတ်လုပ်ခဲ့သည့် ၂၀၁၂  တွင် ကန်ဒေါ်လာ ၁၀၁ သန်းသာ ရရှိခဲ့သည့်အတွက် ဂိမ်းဆော့ ကစားသူများထံမှ ၀င်ငွေရရှိမှု အဆပေါင်းများစွာ တိုးတက်လာကြောင်း သိရသည်။

ယခင်က ဂိမ်းဆိုင်များတွင် အချိန်ပေးကစားခဲ့ကြသည့် ကွန်ရက်ချိတ်ကစားရသည့် General, Dota, Counter Strike စသည့် ဂိမ်းများထက် စိတ်ဝင်စားဖွယ်ကောင်းသည့် COC ဂိမ်းသည် လက်ရှိတွင် အောင်ပွဲခံနေပြီး ယင်းမှာ တစ်နိုင်ငံတည်းတွင်မဟုတ်ဘဲ နိုင်ငံအများအပြားတွင် ပါရှိနေခြင်းဖြစ် သည်။ ယခင်က ကွန်ပျူတာများဖြင့် ကစားရသည့် ဂိမ်းများအစား လက်ဖ၀ါးပေါ်မှနေ၍ တစ်ကမ္ဘာလုံးနှင့် တိုက်ခိုက်နေရသည့် ဂိမ်းမျိုးကို စိတ်ဝင်စားလာကြခြင်းပင်ဖြစ်သည်။

7Day Daily

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com