2/07/2017

♪ " Moto Z (သို့မဟုတ်) Modular ခေတ်ကို ချဲ့ထွင်ခြင်း " ♫

Image may contain: phone

ဆောင်းပါးရှင် - ဧဧသက် (ဖြိုးဓနဒစ်ဂျစ်တယ်ဓာတ်ပုံ)

စမတ်ဖုန်းတစ်လုံးတွင် အစိတ်အပိုင်းများကို အသေမတွဲစပ်ဘဲ လိုအပ်သလို ဖြုတ်တပ်ပြောင်းလဲနိုင်ရန် Google က ကြံဆခဲ့ဖူးသည်။ ထိုအကြံဖြင့်စတင်ခဲ့သည့် စမတ်ဖုန်းစီမံကိန်းအား Ara တစ်ပွဲထိုးဆေး မြီးတိုနည်းလမ်းများဖြင့် Ara ကိုစတင်ပြီး ဖြုတ်လွယ်တပ်လွယ်စမတ်ဖုန်းများ ပေါ်ထွက်လာစေရန် Google က ဆောင်ရွက်ခဲ့သော်လည်း ယနေ့အထိ မအောင်မြင်သေးပါ။ Modular Phone ဟုလည်းခေါ်သော ထိုစီမံကိန်းကို တစ်စိတ်တစ်ပိုင်း စတင်အကောင်အထည်ဖော်သူမှာ LG ဖြစ်ပါ၏။ ပြီးခဲ့သည့်နှစ်ကထုတ်လုပ်ခဲ့သော LG G5 ဖုန်းမှာ Modular ဆန်သော လုပ်ဆောင်ချက်အချို့ရှိသည်။ Google မျှော်လင့်သလို စပီကာမှအစ ကင်မရာအဆုံး လိုသလိုဖြုတ်တပ်နိုင်သောဖုန်းမျိုးမဟုတ်။ 


ထိုသို့ ဖြုတ်တပ်နိုင်စွမ်းရှိသော မိုဘိုင်းဖုန်းတစ်မျိုးအား ၂ဝ၁၆ ခုနှစ် အကုန်ပိုင်းမှာ ပေါ်ထွက်လာခဲ့ပါပြီ။ အဆိုပါဖုန်းမှာ အမေရိကန် Motorola ကုမ္ပဏီမှထုတ်သော Moto Z ဖြစ်ပါ၏။ Motorola ကုမ္ပဏီမှာ ယခုအချိန်တွင် Google လက်ဝယ်မှနေ၍ Lenovo လက်ဝယ်သို့ရောက်ရှိသွားပြီးဖြစ်၍ ဖုန်းအမည်ကို Lenovo Moto Z ဟုခေါ်ကြပါသည်။ ၂ဝ၁၄ ခုနှစ်တွင် Motorola အား Lenovo က လက်လွှဲပြောင်းယူပြီးချိန်မှစ၍ ဤဖုန်းသည် Lenovo ၏အကြီးမားဆုံးမျှော်လင့်ချက်ဖြစ်ပါ၏။ Modular Phone ဆိုသည်မှာ အမှန်တကယ် အလုပ်ဖြစ်မည့် ဖုန်းမျိုးမဟုတ်ဟု မှတ်ထင်ထားသူတို့အား အံ့အားသင့်သွားစေမည့်ဖုန်းဟုလည်း ဆိုနိုင်ပါသည်။


Moto Z အား ဘူးထဲမှ ဆွဲထုတ်လိုက်ချိန်တွင် ပထမဆုံး အံ့အားသင့်ရမည့် အရာမှာ အလွန်တရာပါးလွှာမှုပင်။ ၅.၂ မီလီမီတာဟူသော အထူမှာ ပါးလွှာမှုပြိုင်ဆိုင်နေသော ယနေ့ခေတ်ဖုန်းများထဲတွင် ထိပ်တန်းပါးလွှာမှု အဆင့်ရှိပါသည်။ နောက်ထပ်ထူးခြားမှုတစ်ခုမှာ ဟန်းဆက်၏ ကျောဖက်အောက်ခြေဖက်တွင်ရှိသော ရွှေရောင်အစက်လိုင်းဖြစ်သည်။ စမတ်ဖုန်း၏အရည်အသွေးကို မြှင့်ပေးမည့် Module များသည် ယင်းနေရာတွင် အခိုင်အခံ့ လာရောက်တပ်ဆင်ပါမည်။ Module တစ်ခုအား ဖြုတ်ခြင်းတပ်ခြင်းသည် ဟန်းဆက်တစ်ခု၏ ကျောဖက်အဖုံးအား ဖြုတ်ခြင်းတပ်ခြင်းပြုသလောက်သာ ခက်ခဲပါသည်။


လောလောဆယ်တွင် Moto Z နှင့်တွဲဖက်သုံးစွဲရန် အသင့်ထုတ်လုပ်ထားသော Module လေးမျိုးရှိပါသည်။ အသုံးအဝင်ဆုံးမှာ battery pack Module ဖြစ်မည်ထင်သည်။ ယင်းကိုတပ်ဆင်လျှင် ပေါင် ၆ဝ အပို ကုန်ကျပါမည်။ သို့သော် ဘက်ထရီသက်တမ်း နှစ်ဆတိုးလာပါလိမ့်မည်။ Moto Z အား ပရိုဂျက်တာတစ်ခုသဖွယ် အသုံးပြုနိုင်စေမည့် Projector Module မှာ ကုန်ကျစရိတ်ပေါင် ၂၅ဝ ရှိပါသည်။ ထောင့်ဖြတ် ၇ဝ လက်မ အရွယ်ရှိသောမြင်ကွင်းဖြင့် ဗီဒီယိုများကို ပြသပေးနိုင်ပါသည်။ Camera Module က ပေါင် ၂ဝဝ ကျသဖြင့် ဈေးမသေးလှသော်လည်း ကင်မရာထုတ်လုပ်သူမှာ နာမည်ကြီး Hasselblad ဖြစ်သဖြင့် ထူးခြားသော ပုံထွက်ရမည်မှာ သေချာပါသည်။ Speaker Module မှာလည်း နာမည်ကြီး JBL ကုမ္ပဏီမှထုတ်ပေးသောပစ္စည်းဖြစ်၍ အရည်အသွေးကောင်းပါလိမ့်မည်။ ကုန်ကျစရိတ်ပေါင် ၇ဝ ရှိပါမည်။ 


Lenovo သည် ကမ္ဘာ့အပါးလွှာဆုံး ပရီမီယမ်စမတ်ဖုန်းကို ထုတ်လုပ်နိုင်ရန်အတွက် စွန့်လွှတ်မှုတချို့ကိုလည်း ပြုလုပ်ခဲ့ရပါသည်။ ပထမဆုံးကိစ္စမှာ ကျောဘက်တွင် Camera Module အား ထမ်းတင်ထားမည့်နေရာသည် အလွန်ထင်ရှားကြီးမားနေခြင်းဖြစ်သည်။ ထို့ကြောင့် ဖုန်းကို ဤအတိုင်းသုံးမည့်သူများအတွက် အရုပ်ဆိုးအကျည်းတန်မှု ဖြစ်စေပါသည်။ သို့သော် ယင်းကပင်လျှင် Camera Module ဝယ်တင်သည့်အခါ ချောမွေ့လွယ်ကူမှု ရသွားစေပါသည်။ ထို့ပြင် Lenovo သည် iPhone လမ်းစဉ်ကို လိုက်သည့်အတွက် ဤဖုန်းတွင် 3.5mm headphone ဂျက်ပင်ပေါ့စ် ပါမလာပါ။ ယင်းအစား USB type-C to 3.5 mm adapter ကိုသာ ထည့်သွင်းပေးထားပါသည်။


Type C Connector ကြောင့် ဘက်ထရီအားသွင်းရာတွင် အလွန်မြန်ဆန်မှုရှိလာပါသည်။ ထို့အပြင် အမြန်အားသွင်းပေးနိုင်သော Charger လည်း ဖုန်းနှင့်အတူ ပါဝင်လာပါသည်။ Type C Connector က data လွှဲပြောင်းမှုကိုလည်း မြန်စေပါသည်။ ဖုန်းတွင်ပါဝင်သော finger print reader ကို ဖုန်း၏အောက်ခြေတွင် ထည့်သွင်းပေးထားပြီး ယင်းမှာ အလုပ်လုပ်ပုံလျင်မြန်၍ သေလည်းသေချာပါသည်။ Home ၊ back နှင့် menu button များကို On Screen လုပ်ပစ်ခြင်းမှာ ယခင်ဖုန်းများနှင့် တည်ဆောက်ပုံ ကွဲလွဲသွားပါသည်။ UHD display ဖြစ်၍ screen resolution 1400 x 2560 က ပေးနိုင်ပြီး 535 ppi သိပ်သည်းဆရှိပါသည်။ ယင်းက ၅ .၅ လက်မအရွယ် ဖုန်းအား ရုပ်ထွက်ပြတ်စေပြီး စာလုံးများအား ရှင်းလင်းစွာမြင်ရစေပါသည်။


ပွင့်နေသော screen ပေါ်တွင် လက်ဝှေ့ယမ်းလိုက်ပါက screen ပိတ်သွားခြင်းမှာ ထူးခြားချက်ဖြစ်သည်။ Screen ပေါ်မှ လက်ဖယ်ပြီး သုံးစက္ကန့်အကြာတွင် အလင်းရောင်မှိန်သွားပါမည်။ Notification အပါအဝင် အခြားသောပြသစရာများရှိပါမှ screen ပြန်ပွင့်လာမည်။ Screen ဖွင့်ထားပြီး လုပ်ရမည့်အလုပ်များအတွက် always-on လုပ်ဆောင်ချက်ရှိသည်။ ယင်းလုပ်ဆောင်ချက်က ဘက်ထရီအလွန်မစားသည်ကိုလည်း ချီးကျူးရပါသည်။ Moto Z ၏ဘက်ထရီမှာ အားကောင်းလှသည်ဟု မဆိုသာပါ။ Screen ၅ .၅ လက်မအတွက် 2600 mAh သာ ထည့်ပေးထားသောကြောင့်ဖြစ်သည်။ ယင်းဘက်ထရီမှာ screen ကို 170 cd/m2 အလင်းအားထားပြီး 720 p ဗီဒီယို မနားတမ်းဖွင့်လျှင် ဘက်ထရီအားကုန်သည်အထိ ၁၂ နာရီ ၂၁ မိနစ် ခံပါသည်။ 


iPhone 7 အောက် ၄၁ မိနစ်လျှော့ပါသည်။ Battery module ထပ်တွဲလျှင် 2200 mAh ထပ်တိုးလာမည်ဖြစ်၍ ဘက်ထရီပိုမိုအသုံးခံလာပါမည်။ တစ်နေ့တာစိတ်ကြိုက်သုံးလောက်သည့် ဘက်ထရီအင်အားဖြစ်ပါသည်။ အားကြီးကြီးဘက်ထရီအတွက် အမြန်အားသွင်း charger ထည့်ပေးထားသည်ကိုလည်း ကျေးဇူးတင်ရပါသည်။ ၁၅ မိနစ် အားသွင်းရုံမျှဖြင့် ဘက်ထရီအား သုံးပုံတစ်ပုံပြည့်သောကြောင့်ဖြစ်သည်။ ဘက်ထရီအသုံးခံမှုနှင့်ပတ်သက်လာလျှင် Moto Z ၌ပြုပြင်ဖို့ လိုနေပါသေးသည်။ 3300 mAh့ ထည့်ပေးထားသော Samsung Galaxy S7 သည် ဘက်ထရီအသုံးခံချိန် ၁၇ နာရီ ၄၈ မိနစ်ရသောကြောင့် ဖြစ်သည်။ Processor Power အလွန်ကောင်းပြီး Snapdragon 820 သုံးထားသောဖုန်းတွင် ပါးလွှာမှုအတွက် ဘက်ထရီဝိတ်လျှော့ရခြင်းမှာ အားနည်းချက်ဖြစ်နေပါသည်။


ကင်မရာပိုင်းမှာ နောက်ကင်မရာသည် 13 MP ရုပ်ထွက်ရှိပါသည်။ Pixel အရွယ်အစား 1.12 µm ရှိနိုင်ပြီး f/1.8 ပေးထားခြင်းမှာ မဆိုးလှပါ။ Laser auto focus နှင့် optical Image stabilization တို့ကြောင့် ကင်မရာပိုင်း စံမီပါသည်။ အလင်းရောင်အားကောင်းသည့်နေရာတွင် ရုပ်ထွက်ပြတ်ပြီး အသေးစိတ်ရုပ်လုံးပေါ်ပါသည်။ Zoom အတော်များများဆွဲရိုက်သည့်တိုင် ဝေဝါးမှုမရှိပါ။ အလင်းရောင်အားနည်းသည့်နေရာတွင်မူ Galaxy S7 ကဲ့သို့ ရုပ်ထွက်မကောင်းပါ။ f/1.8 ပေးထားသည်ခြင်းတူပါလျက် အလင်းအား နည်းချိန်တွင် ရုပ်ထွက်မှုန်ဝါးခြင်းမှာ Lenovo ၏အားနည်းချက်ဖြစ်ပါသည်။ ဤကင်မရာကို အပျော်တမ်းဓာတ်ပုံသမားတို့သာ လက်ခံနိုင်ပါလိမ့်မည်။ ရှေ့ကင်မရာ 5 MP f/2.2 နှင့် 1.4 µm pixel တို့မှာ Selfie အတွက် လိုသည်ထက် ပိုပါသည်။ ကင်မရာကောင်းကောင်းသုံးလိုလျှင် ပေါင် ၂ဝဝ အကုန်ခံပြီး Hasselblad Camera module တပ်ရပါလိမ့်မည်။ 


Moto Z ၏ချီးကျူးစရာအကောင်းဆုံးအပိုင်းမှာ ဖုန်းကိုယ်ထည်ပေါ်၌ Module တပ်ဆင်ခြင်းသည် အလွန်အဆင်ပြေလွယ်ကူခြင်းဖြစ်ပါသည်။ ဖုန်း၏နောက်ကြောကိုဖြုတ်ပြီး Module အသစ်တစ်ခု တပ်လိုက်သည်နှင့် ယင်းအပြောင်းအလဲကို Android က ချက်ခြင်းသိပါသည်။ JBL speaker တပ်ခြင်း၌ Module ၏အားကောင်းမှု Android ၏တွဲဖက်နိုင်မှုတို့ကို ထင်ရှားစွာတွေ့ရပါမည်။


ကိုယ်ထည်အလွန်ပါးလွှာမှုကြောင့် module အသစ်တပ်သည့်အခါ၌လည်း အလွန်တရာ ထူထဲလာခြင်းမရှိပါ။ သို့ရာတွင် ထိပ်တန်းအဆင့်ဖုန်းများကို ဈေးလျှော့ရောင်းရန်ကြိုးပမ်းနေချိန်တွင် Moto Z ၏ စွမ်းဆောင်ရည်အတွက် ပေးရသောဈေး များနေပါသည်။ ဘက်ထရီကလည်း အားနည်းပါသည်။ 3.5 mm ဂျက်ပင်ပေါက် မပါခြင်းကလည်း လိုအပ်ချက်တစ်ခုဖြစ်ပါသည်။ Moto Z သည် ကောင်းပင် ကောင်းငြားသော်လည်း လိုအပ်ချက်များရှိနေသေးသည့် ဖုန်းတစ်လုံးဟု ဆိုရပါမည်။



NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com