2/07/2017

♪ “အကောင်းဆုံး တက်ဘလက်ရွေးမည်ဆိုလျှင်” ♫

Image may contain: one or more people and phone

ဘယ်နေရာသွားသွား အလွယ်တကူပါပြီး၊ ကွန်ပျူတာ အသေးတစ်လုံးလို အလုပ်လုပ်ပေးတဲ့ တက်ဘလက်တစ်လုံးရဲ့ အခန်းကဏ္ဍက မသေးတာ အမှန်ပါ။ ပြီးတော့ တက်ဘလက်အများစုရဲ့ ဘက်ထရီသက်တမ်းဟာ ပျမ်းမျှတန်း စမတ်ဖုန်းတွေ ထက် သာပါတယ်။ အင်တာနက်ချိတ်ပြီး သုံးမယ်ဆိုရင် တက်ဘလက်အသစ်တွေဟာ လေးနာရီလောက် ကောင်းကောင်း ခံပါမယ်။ 

မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ အကောင်းဆုံး တက်ဘလက် ရွေးမယ်ဆိုရင် သင့်တော်တဲ့ဈေးနှုန်း၊ သင့်တော်တဲ့ စွမ်းဆောင်ရည်ကို မျှပြီး ရွေးရမှာပါ။ ကိုးသိန်း၊ ဆယ်သိန်း ပေးရင် အကောင်းဆုံးတက်ဘလက် ရနိုင်ပေမယ့် လူတိုင်းက ဒီလို တတ်နိုင် မှာ မဟုတ်ပါဘူး။ အကောင်းဆုံး တက်ဘလက်ရွေးတဲ့အခါ ဒီတက်ဘလက် ဘယ်တုန်းကထုတ်တာလည်း ကြည့်ရပါ မယ်။ စမတ်ဖုန်းနဲ့ တက်ဘလက် ဘက်ထရီတွေဟာ ဆိုင်မှာ အားမသွင်းဘဲ ကြာကြာလှောင်ထားရင် စွမ်းရည် ညံ့မှာမို့လို့ပါ။ အကောင်းဆုံးဆိုတဲ့ တက်ဘလက်တွေကို ဒီလိုတွေ့ရပါမယ်။

<Samsung Galaxy Tab S2 8.0>

တက်ဘလက်တွေထဲမှာ ကြီးလည်း မကြီးလွန်း၊ သေးလည်းမသေးလွန်းဘဲ သုံးရလွယ်တဲ့ ၈ လက်မအရွယ်အစား တက်ဘလက်ပါ။ Samsung ဟာ Apple ရဲ့ iPad 4 ကို ထိပ်တိုက်ပြိုင်ဆိုင်ဖို့ Galaxy Tab S2 ကို ထုတ်လုပ်ခဲ့တာပါ။ ဒါကြောင့် အရွယ်အစားနဲ့ resolution မှာ S4 နဲ့ အတူတူဖြစ်နေတာ တွေ့ရ မှာပါ။ ထွက်ကာစတုန်းက ရောင်းဈေးချင်းလည်း အတူတူပါ။ ခုအချိန်မှာ Samsung ကဈေးလျှော့လိုက်လို့ Galaxy Tab S2 ဟာ ဒေါ်လာ ၁၀၀ ကျော် ဈေးသက်သာပါသည်။ တည်ဆောက်ပုံအပိုင်းကိုကြည့်ရင် S2 ဟာ ထိပ်တန်း အဆင့်ရှိပါတယ်။ ကိုင်ကြည့်လိုက်ရင် တောင့်တောင့်တင်းတင်း ရှိတာကို ခံစားရမယ်။ အကောင်းဆုံးတက်ဘလက်တွေထဲမှာ အပါးလွှာဆုံးဖြစ်ပါတယ်။ မျက်နှာပြင်အကွေးမဟုတ်ပါဘူး။ ပါးလွှာတယ်၊ ပေါ့တယ်၊ ကိုင်ရတာ သက်သောင့်သက်သာရှိတယ်။ Screen မကြီးပေမယ့် သူ့ရဲ့ resolution ဟာ iPad Pro 9.7 in နဲ့ အတူတူပါ။ ဒီစွမ်းရည်တွေဟာ တက်ဘလက် လောက မှာတော့ မြင်သာထင်သာ ပြိုင်ဆိုင်မှုပါ။

Screen ratio ဟာ 4:3 ဖြစ်လို့ iPad တွေရဲ့ screen ratio တွေ အတိုင်းဖြစ်ပါ တယ်။ မြင်ကွင်းကျယ်ရုပ်ရှင်ကြိုက်သူတွေက နှစ်သက်မှာမဟုတ်ပေမယ့် website တွေကြည့်ရာမှာ အဆင်ပြေပါတယ်။ Landscape mode မှာ website ကို ပိုပြီး ကျယ် ကျယ်ပြန့်ပြန့်ကြည့်နိုင်ပါတယ်။ Browser အခြေပြု peace keeper နဲ့ S2 ရဲ့ စွမ်းရည်ကို စမ်းကြည့်တော့ ၁၀၁၂ မှတ်ရပါတယ်။ ပျမ်းမျှတန်းရမှတ်ဆိုပေမယ့် လက်ခံနိုင်တဲ့ အခြေအနေရှိပါတယ်။


Geek bench test လုပ်တဲ့အခါမှာတော့ ရမှတ်ပိုကောင်းလာပြီး ၄၁၈၂ မှတ်ရပါတယ်။ iPad Pro အောက်နည်းနည်းပဲ နိမ့်ပါတယ်။ Web page တွေ ခေါ်ကြည့်တဲ့အခါမှာ အရွှေ့အပြောင်းသိပ်ပြီး ညက်ညောပါတယ်။ ဒါပေမယ့် webpage ကို ချဲ့ကြည့်တဲ့အခါ တချို့အချိန်တွေမှာ ခဏလေး hang ပါတယ်။ လက်နဲ့ပွတ်ဆွဲပြီး gesture လုပ်တဲ့အခါမှာလည်း တစ်ခါတစ်ခါ နှေးပါတယ်။
ဒီတက်ဘလက်မှာ ချီးကျူးစရာ အကောင်းဆုံးက ဘက်ထရီအသုံးခံချိန်ပါ။ ဗီဒီယိုကို ဆက်တိုက်ဖွင့်ပြီး စမ်းသပ်တဲ့ စမ်းသပ်ချက်မှာ ၁၄ နာရီနဲ့ ၇ မိနစ်ခံပါတယ်။ ဘက်ထရီအသုံးအခံဆုံး တက်ဘလက်ထက်စာရင် နှစ်မိနစ် သုံးမိနစ်ပဲ နည်းပါ တယ်။ အရွယ်အစားစုံ တက်ဘလက် ရဲ့ ဘက်ထရီ အသုံးခံ ချိန်နဲ့ယှဉ်ရင် ချီးကျူးလောက်ပါတယ်။ ထုတ်လုပ်မယ့်ရက်စွဲကနေ ၆ လ သက်တမ်းထက် မကျော်သေးတဲ့ S2 ကို ၀ယ်မယ်ဆိုရင် အကောင်းဆုံး ဖြစ်ပါတယ်။

<Nvidia Shield Tablet K1>

ပြိုင်ပွဲဝင် တက်ဘလက်တွေထဲမှာ သူကဈေးအသက်သာဆုံးပါ။ K1 ကို ထုတ်တုန်းက ဂိမ်းကစားဖို့ အဓိကထားပြီး ထုတ် ခဲ့တာပါ။ ဒါပေမယ့် ဂိမ်းသမားမဟုတ်တဲ့ လူတွေအတွက် အသုံးမတည့်တာတော့ မဟုတ်ပါဘူး။ K1 ဟာ ဒုတိယမျိုးဆက် Nvidia တက်ဘလက်ပါ။ ပထမမျိုးဆက် တက်ဘလက် နဲ့ အရွယ်အစားရော ပုံသဏ္ဌာန်ပါ တူပါတယ်။ ဒါပေမယ့် ပိုပြီးဈေးသက်သာလာတယ်။ ပထမမျိုးဆက်မှာ တွဲရောင်းခဲ့တဲ့ accessory တွေ ဖယ်ထုတ်လိုက်လို့ ဈေးသက်သာတာပါ။ K1 ရဲ့ အတွင်း storage ဟာ 16 GB ပဲရှိပါတယ်။ ဒါပေမယ့် micro SD Card Slot ပါလို့ Storage space ထပ်တိုးနိုင်ပါ တယ်။ Android 6.0 သုံးထားလို့ လောလောဆယ်မှာ ခေတ် အမီဆုံး OS လို့ ပြောနိုင်ပါတယ်။ ဒီတက်ဘလက်ရဲ့ ဂိမ်းပိုင်းဆိုင်ရာ စွမ်းဆောင်ရည်တချို့ပေးရင် အွန်လိုင်းဂိမ်းတွေကို အကြိုက်ဆော့နိုင်ပါတယ်။ Nvidia Graphic Card သုံးထားတဲ့ ကွန်ပျူတာ တွေနဲ့ချိတ်ဆက်ပြီး ကွန်ပျူတာပေါ်က ဂိမ်းတွေကို တက်ဘလက်ပေါ်မှာ Stream လုပ်ပြီး ကစားနိုင်ပါတယ်။

ဂိမ်းကစားနိုင်တဲ့ တက်ဘလက်တွေထဲမှာ သူ့ရဲ့စွမ်းဆောင်ရည်က အတော် လေးကောင်းပါတယ်။ ဂိမ်းအတွက် GFX Bench နဲ့ စမ်းတဲ့အခါမှာ ၁၉၆၁ မှတ်ရပါတယ်။ iPad Pro ပြီးရင် အကောင်းဆုံးရမှတ်ပါ။ Geekbench Score မှာ ၃၅၅၄ မှတ် ရပါတယ်။ တခြားတက်ဘလက်တွေထက် နောက်မှာရောက် ပါတယ်။ ဒေါ်လာ ၂၀၀ ၀န်းကျင် တက်ဘလက်တွေထဲမှာ K1 ရဲ့ Screen ဟာ သိပ်ပြီးကောင်းနေပါတယ်။ Resolution အရရော၊ Color reproduction အရပါ ထိပ်ဆုံးအဆင့်မှာရှိပါတယ်။ ရုပ်ထွက်ပြတ်သားတဲ့ Contrast အပိုင်းမှာ အားနည်းချက်နည်းနည်းရှိတယ်ဆိုပေမယ့် ပေးရတဲ့ဈေးနဲ့စာရင် လက်ခံနိုင် လောက်တဲ့ အရည်အသွေးပါ။ စပီကာကတော့ တက်ဘလက်တွေအားလုံး ထဲမှာရှယ်ပဲ။ သီချင်းပဲနားထောင် နားထောင်၊ ရုပ်ရှင်ပဲ ကြည့်ကြည့် headphone တပ်စရာမလိုဘဲ အကောင်းဆုံး အရည်အသွေးရှိတဲ့အသံကို ကျယ်ကျယ်လွင့်လွင့် ကြားနိုင်ပါတယ်။

ကင်မရာတွေက အားမကိုးလောက်ပါဘူး။ နောက်ကင်မရာက 5MP နဲ့ ရှေ့ကင်မရာက 2MP ပဲရှိလို့ပါ။ အလင်းရောင် ကောင်းရရင်တော့ နောက်ကင်မရာနဲ့ မဆိုးလှတဲ့ ဓာတ်ပုံလေးတွေ ရိုက်နိုင်ပါတယ်။ 16:9 အချိုးအစားရှိတဲ့ Screen ဟာ web browsing အတွက် အကောင်းဆုံးလို့ မဆိုနိုင်ပေမယ့် Landscape Mode မှာ ရုပ်ရှင်ကြည့်ဖို့ အကောင်းဆုံးဖြစ် ပါတယ်။

<iPad Pro 9.7 in>

ဒေါ်လာခြောက်ရာကျော်ကြီးများတောင်ပေးရတော့ အကောင်းဆုံးနေမှာပေါ့။ ဟုတ်ကဲ့ စွမ်းဆောင်ရည် အကောင်းဆုံး ဖြစ်သလို သုံးရတာလည်း အလွယ်ဆုံးပါ။ တွဲဖက်သုံးတဲ့ ပစ္စည်းတွေ ထည့်ဝယ်ရင် ပိုလို့တောင် ဈေးကြီး ပါသေးတယ်။ သူ့ထက် ဈေးသက်သာတာ ၀ယ်ချင်ရင် iPad Air 2 ရှိပါတယ်။ ဒေါ်လာလေးရာ့ငါးဆယ်ဝန်းကျင်ပါ။ စွမ်းဆောင်ရည်ကတော့ ကြိုက်တဲ့ တက်ဘလက်နဲ့ ယှဉ်ထိပ်ဆုံးကပဲ။ Peace keeper ရမှတ် ၅၄၁၇ ရတယ်။ Geek bench ရမှတ် ၅၂၂၁ ရှိတယ်။ အမြင့်ဆုံးရမှတ်တွေပါ။ ဒီလောက် ဈေးကြီးပေးဝယ်ထားရပြီး ဘက်ထရီအသုံးခံချိန် နိမ့်တာကတော့ ဘ၀င် မကျစရာပါ။ ဗီဒီယိုဆက်တိုက်ဖွင့်ပြီး စမ်းသပ်ချက်အရ ၈ နာရီနဲ့ ၅၆ မိနစ်ပဲ အသုံးခံပါတယ်။ Android တက်ဘ လက်တွေ နောက်မှာ အများကြီးပြတ်ကျန် ခဲ့ပါတယ်။ အာမခံကိစ္စအပြည့်အ၀ တာဝန်ယူတဲ့ ကုမ္ပဏီဆီကပဲ ၀ယ်သင့် ပါတယ်။



နောင်စိုး(ထားဝယ်)

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com