10/06/2016

အသစ်လဲလှယ်ပေးထားသည့် Samsung Galaxy Note 7 လေယာဉ်ပေါ်တွင် မီးလောင်ကျွမ်း

 
ကုမ္ပဏီမှ စိတ်ချရသည်ဟုဆိုကာ အသစ်လဲလှယ်ပေးထားသည့် Samsung Galaxy Note 7 ဖုန်းတစ်လုံးသည် Southwest လေကြောင်းလိုင်းပိုင် လေယာဉ်ပေါ်တွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။
ကန်တက်ကီမှ ဘော်တီမိုးသို့ ပျံသန်းမည့် လေယာဉ်တစ်စင်းသည် ပြေးလမ်းပေါ်မှ မပျံသန်းမီ ထိုကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ခရီးသည်များကို ဘေးကင်းရာသို့ ရွှေ့ပြောင်း ပေးခဲ့ရကြောင်း လေကြောင်းလိုင်းမှ အတည်ပြုခဲ့သည်။
ဘက်ထရီ ပြဿနာ ဖြစ်ပွားသည့် Note 7 ကို စက်တင်ဘာလတွင် အလုံးအရင်းဖြင့် ပြန်လည်သိမ်းဆည်းခဲ့ပြီး ပြဿနာဖြစ်ပွားသည့် အကြောင်းအရာကို သိရှိကာ ပြင်ဆင်နိုင်ခဲ့ပြီဖြစ်ကြောင်း Samsung က ပြောကြားခဲ့သည်။

အထက်ပါ ဖြစ်ရပ်အတွက်မူ Samsung က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု ဆိုခဲ့သည်။
“ မီးလောင်ကျွမ်းသွားတဲ့ ဖုန်းကိုရယူပြီး ဖြစ်ရပ်ကို အတည်ပြုဖို့အတွက် Southwest လေကြောင်းလိုင်းက တာဝန်ရှိသူတွေနဲ့အတူ ပူးပေါင်းဆောင်ရွက်သွားပါမယ်။ ဖုန်းကို စစ်ဆေးပြီးတာနဲ့ အချက်အလက်တွေကို ဝေမျှသွားပါမယ်” ဟု ကုမ္ပဏီမှ ထုတ်ပြန်ခဲ့သည်။

Southwest လေကြောင်းလိုင်းမှ ပြောရေးဆိုခွင့်ရှိသူကမူ “အီလက်ထရွန်နစ်ထုတ်ကုန်တစ်ခုကနေ မီးခိုးတွေထွက်လာတဲ့အကြောင်းကို ခရီးသည်တစ်ဦးက အကြောင်းကြားခဲ့ပါတယ်။ ခရီးသည်အားလုံးနဲ့ လေယာဉ်အမှုထမ်းတွေကို ပင်မတံခါးကနေ လုံခြုံစွာ ဆင်းသက်စေခဲ့ပါတယ်” ဟု ဘီဘီစီထံ ပြောကြားခဲ့သည်။

အဆိုပါဖုန်းကို ပိုင်ဆိုင်သူ ဘရိုင်ယန်ဂရင်းက ၎င်းဖုန်းကို စက်တင်ဘာ ၂၁ ရက်တွင် AT&T မှ ဝယ်ယူခဲ့ခြင်းဖြစ်ပြီး လေယာဉ်ပေါ်တွင် ဖုန်းကိုဖွင့်ထားခြင်းနှင့် အားသွင်းထားခြင်းမရှိဘဲ အိတ်ကပ်ထဲတွင် အပူလွန်ကဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အမေရိကန်လေကြောင်းကွပ်ကဲရေးအဖွဲ့ (FAA) ကမူ Note 7 ကိုင်ဆောင်သူ ခရီးသည်များအနေဖြင့် လေယာဉ်ပေါ်တွင် ဖုန်းကိုပိတ်ထားရန်နှင့် အားသွင်းခြင်းမပြုရန် သတိပေးချက် ထုတ်ပြန်ထားသလို ခရီးဆောင်အိတ်အတွင်း ထည့်သွင်း သယ်ဆောင်ခြင်း မပြုရန် အကြံပြုထားသည်။

Ref: BBC
Credit Internetjournal
သီဟထိုက်(ဆွေသဟာMobile)






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com