ကမ္ဘာ့ပထမဆုံးဒီဂျစ်တယ်ကင်မရာကို ၁၉၇၅ ခုနှစ်ကတည်းက ထုတ်လုပ်နိုင်ခဲ့တဲ့
အမေရိကန်အခြေစိုက် Kodak ကုမ္ပဏီက သူလည်း တခြားနည်းပညာကုမ္ပဏီတွေနည်းတူ
စမတ်ဖုန်းကောင်းကောင်းတစ်လုံး ထုတ်နိုင်ကြောင်း သက်သေပြလိုက်ပါပြီ။
Kodak က အသစ်မိတ်ဆက်လိုက်တဲ့ “Ektra” အမည်ရ စမတ်ဖုန်းဟာ သာမန်မြင်နေကျစမတ်ဖုန်းတွေနဲ့ မတူဘဲ၊ ခေတ်ဟောင်းဒီဂျစ်တယ်ကင်မရာတစ်လုံးနဲ့ ပိုတူကာ၊ ဓာတ်ပုံဝါသနာရှင်တွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ စမတ်ဖုန်းတစ်လုံးဖြစ်ပါတယ်။
Kodak Ektra မှာ Corning Gorilla Glass ဖန်သားသုံး အကျယ် ၅ လက်မရှိ 1080p မျက်နှာပြင်ပါရှိပြီး၊ Mediatek Helio X-20 ပရိုဆက်ဆာကို အသုံးပြုထားပါတယ်။ RAM 3GB နဲ့ ဖုန်းတွင်း storage 32 GB တို့ ပါရှိကာ၊ storage ထပ်ချဲ့ဖို့အတွက် microSD ကတ်အပေါက်လည်း ပါဝင်မှာပါ။
ဖုန်းကျောဘက်ကိုယ်ထည်ကို လယ်သာသားအတု (faux leather) အုပ်ထားပြီး၊ ဘေးဘောင်တွေကတော့ သတ္တုပုံစံပလတ်စတစ်နဲ့ ဖြစ်ပါတယ်။
အထူးခြားဆုံးကတော့ 21-megapixel ကျောကင်မရာဖြစ်ပြီး၊ Sony ရဲ့ IMX230 ပုံရိပ်ဖမ်းဆန်ဆာ ( Xperia Z3+ နည်းတူ) ၊ အပါချာ f/2.0 ၊ 26.5 mm 6p lens တွေကို အသုံးပြုထားတာတွေ့ရပါတယ်။ ဖုန်းအောက်ဘက်မှာလည်း ရှက်တာခလုတ်သက်သက်ထည့်ပေးထားတာတွေ့ရပါတယ်။ ဒီခလုတ်ကို နှစ်ချက်နှိပ်လိုက်တာနဲ့ ကင်မရာကို ဖွင့်နိုင်ပြီး၊ တစ်ဝက်ဖိနှိပ်ပြီး focus ချိန်နိုင်ပါတယ်။
ကင်မရာအသားပေးစမတ်ဖုန်းဖြစ်တာနဲ့အညီ DSLR ကင်မရာအတိုင်း manual စိတ်ကြိုက်ချိန်ရိုက်နိုင်ဖို့အတွက်လည်း manual mode ထည့်သွင်းပေးထားသလို၊ ရိုက်ပြီးသား ဓာတ်ပုံပြင်ဖို့အတွက် Google ရဲ့ Snapseed app လည်း တပါတည်းပါဝင်လာမှာဖြစ်ပါတယ်။
ရှေ့ကင်မရာကတော့ 13MP ဆန်ဆာဖြစ်ပြီး၊ f/2.2 lens နဲ့ဖြစ်ပါတယ်။ Android စနစ်က 6.0 Marshmallow စနစ်နဲ့ဖြစ်ပြီး၊ ဘက်ထရီက 3000mAh ဘက်ထရီနဲ့ USB Type-C အပေါက်တို့ ပါဝင်ပါတယ်။
Kodak Ektra ကို ဗြိတိန်နဲ့ ဥရောပမှာ ယခုနှစ်ဆောင်းရာသီအတွင်း ၄၄၉ ပေါင် (ဒေါ်လာ ၅၅၀ ခန့်) နဲ့ ရောင်းချသွားမှာဖြစ်ကာ၊ ဝယ်လိုအားရှိတယ်ဆိုရင် US အထိ တင်ပို့ရောင်းချသွားမှာဖြစ်တယ်လို့ သိရပါတယ်။
Credit to ==> Digital Times

www.pyaephyo.com