Google က စွမ်းဆောင်ရည်မြင့် Pixel နဲ့ Pixel XL စမတ်ဖုန်းများကို မိတ်ဆက်လိုက်ပါတယ်။ Android Nougat ထည့်သွင်းထားတဲ့ စမတ်ဖုန်းများ ဖြစ်ပါတယ်။ Handsets များကို HTC က ဖန်တီးပေးထားတာပါ။ အလူမီနီယမ် ကိုယ်ထည်ဖြင့် ဖန်တီးထားပြီး အနောက်ဘက်မှာ ဖန်မျက်နှာပြင်ဖြင့် အလှဆင်ထားပါတယ်။ ဒီစမတ်ဖုန်းများဟာ Google Assistant ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက်နဲ့ Daydream VR Platform ပါလာတဲ့ ပထမဆုံး စမတ်ဖုန်းများ ဖြစ်ပါတယ်။

Pixel မှာ ၅ လက်မ Full HD AMOLED Display တပ်ဆင်ထားပြီး Gorilla Glass 4 ဖြင့် ကာကွယ်ထားပါတယ်။ 2.15GHz Snapdragon 821 Chipset, 4GB RAM များပါရှိပါတယ်။ 32 or 128GB Storage များ ရွေးချယ်နိုင်ပါတယ်။ 12MP Rear Camera , 8MP Front Camera, Fingerprint Sensor , 2770mAh Battery များ တပ်ဆင်ထားပါတယ်။ ဘက်ထရီ သက်တမ်းမှာ ၁၅ မိနစ် အားသွင်းရင် ၇ နာရီ အသုံးခံတယ်လို့ Google က ပြောပါတယ်။

Pixel XL မှာလည်း အဲဒီ Hardware များကို တပ်ဆင်ထားပေမယ့် ပိုမိုအရွယ်ကြီးမားတဲ့ ၅.၅ လက်မ Quad HD Display နဲ့ ပိုမိုကြီးမားတဲ့ 3450mAh Battery တပ်ဆင်ထားပါတယ်။ Google Assistant ကို စာရိုက်၍ သာမက အသံဖြင့် ခိုင်းစေနိုင်ပါတယ်။ သီချင်းများဖွင့်ခိုင်းခြင်း၊ အင်တာနက်မှ သတင်းအချက်အလက်များ ရှာခိုင်းခြင်း၊ စာပို့ခိုင်းခြင်းတို့လို အလုပ်များကို ခိုင်းစေနိုင်ပါတယ်။

ကင်မရာမှာ ဓါတ်ပုံများစွာကို ဆက်တိုက်ရိုက်ကူးပြီး အကောင်းဆုံး ဓါတ်ပုံကို ရွေးချယ်ပေးတဲ့ Smart Burst Mode နဲ့ အရည်အသွေးမြင့် ဓါတ်ပုံများကို ဖမ်းယူပေးတဲ့ HDR Plus များ ပါရှိပါတယ်။ Google Pixel ရဲ့ ကင်မရာ စွမ်းရည်ဟာ iPhone 7 ထက်တောင် ကောင်းမွန်ပါတယ်။ အနက်၊ အပြာနဲ့ ငွေရောင်များ ထုတ်လုပ်ပေးထားပြီး တန်ဖိုးအနည်းဆုံး မော်ဒယ်မှာ ဒေါ်လာ ၆၄၉ တန်ကြေးရှိပါတယ်။