တန်ဖိုးနည်းနည်းနဲ့ အရည်အသွေးမြင့်ဖုန်းတစ်လုံး ကိုင်နိုင်ပါ့မလားဆိုတဲ့ သံသယတွေကို ZTE က ခြေမွလိုက်ပါပြီ။၉၉ ဒေါ်လာ (မြန်မာငွေ တစ်သိန်းတစ်သောင်းခန့်) နဲ့ ၆ လက်မအကျယ် full HD
မျက်နှာပြင်၊ လက်ဗွေရာဆန်ဆာ၊ 3400mAh ဘက်ထရီနဲ့ USB Type-C တို့
ပါတဲ့ဖုန်းတစ်လုံး အမှန်တကယ်ထွက်ပေါ်လာပါပြီ။
တရုတ်နိုင်ငံအခြေစိုက်၊ ဆက်သွယ်ရေးနည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ ZTE ဟာ ZMax စီးရီးရဲ့ နောက်ဆုံးမျိုးဆက်ဖြစ်တဲ့ ZTE ZMax Pro စမတ်ဖုန်းကို အမေရိကန်နိုင်ငံမှာ မနေ့က မိတ်ဆက်သွားခဲ့ပါတယ်။ မျက်နှာပြင်အကျယ် ၆ လက်မအထိရှိတာကြောင့် ဖုန်းထက်စာရင် ဖက်ဘလက် (phablet) အမျိုးအစားဖြစ်ပြီး၊ ဈေးနှုန်းအနေနဲ့ မထင်မှတ်ထားလောက်အောင်ပဲ ၉၉ ဒေါ်လာသာရှိပါတယ်။
ZTE ရဲ့ ZMax စီးရီးဟာ ၂၀၁၄ ခုနှစ်မှာ ပထမဆုံးစတင်မိတ်ဆက်ခဲ့ကတည်းက ဘတ်ဂျတ်စမတ်ဖုန်းသုံးစွဲသူ တွေအကြားမှာ နာမည်ကောင်းရခဲ့တဲ့ဖုန်းတွေဖြစ်ပါတယ်။
ယခု ZMax Pro ဖုန်းဟာ ၂၀၁၅ ခုနှစ်ကထွက်ရှိထားတဲ့ ZMax 2 ရဲ့ နောက်မျိုးဆက်ဖြစ်ပြီး၊ ထောင့်ဖြတ် ၆ လက်မအကျယ်ရှိတဲ့ (1920×1080 pixels) မျက်နှာပြင်၊ octa-core Snapdragon 617 ပရိုဆက်ဆာ၊ RAM 2GB နဲ့ ဖုန်းတွင်း storage 32 GB တို့ ပါရှိပါတယ်။
SIM နှစ်ကတ်ထိုးဖုန်းဖြစ်ကာ၊ microSD ကတ်လည်း 128GB အထိထပ်စိုက်နိုင်ပြီး၊ ထူးခြားချက်အနေနဲ့ တန်ဖိုးကြီးဖုန်းတွေမှာသာတွေ့မြင်ရတဲ့ USB Type-C အပေါက် ပါဝင်လာပါတယ်။
ကျောကင်မရာကတော့ 13MP ဖြစ်ကာ၊ ရှေ့ကင်မရာအနေနဲ့ 5-Megapixel ပါဝင်ပြီး၊ ဖုန်းကျောဘက်မှာ လက်ဗွေရာဆန်ဆာလည်း ပါဝင်ပါတယ်။
မျက်နှာပြင်ကြီးကြီးနဲ့ လိုက်အောင်အတွက် ဘက်ထရီအနေနဲ့လည်း 3400mAh ဘက်ထရီပါဝင်ပြီး၊ Qualcomm ရဲ့ အားအမြန်သွင်းနည်းပညာ (Quick Charge) ပါဝင်ပါသေးတယ်။
ဆော့ဖ်ဝဲပိုင်းအနေနဲ့ Android 6.0 Marshmallow ဖြစ်ကာ၊ ZTE ရဲ့ ကိုယ်ပိုင် UI ဖြစ်တဲ့ MiFlavor နဲ့ လာမှာပါ။
ZTE ZMax Pro ဖုန်းကို ယခုအခါ အမေရိကန်နိုင်ငံအတွင်းက MetroPCS သုံးစွဲသူတွေပဲ အွန်လိုင်းကနေ ကြိုတင်အော်ဒါမှာယူနိုင်မှာဖြစ်ပြီး၊ သြဂတ်စ်လလောက်ထဲမှာ တင်ပို့ရောင်းချသွားမှာဖြစ်တယ်လို့ သိရပါတယ်။

www.pyaephyo.com